ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား “ခေါင်းစဉ် ၀ ကတ်” (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။
စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို ကတ်ပေါင်း ၅၀၄၄ ကတ်အထိ တရားမဝင်ထုတ်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ထိုအထဲတွင် မြန်မာနိုင်ငံသား အလုပ်သမားအများစု အဓိကပါဝင် ပတ်သက်နေပြီး အဆင့်မြင့်နည်းပညာသုံး မျက်နှာသွင်ပြင်နှင့် လက်ဗွေစနစ်တို့ဖြင့် စစ်ဆေးခဲ့ရာ တရားမဝင်ကတ်ပြုလုပ်ထားသည့် နိုင်ငံခြားသား ၂၃ ဦးအနက် ၂၂ ဦးမှာ မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများဖြစ်ပြီး ကျန် ၁ ဦးသာ တရုတ်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြထားသည်။
အဂတိလိုက်စားသော အရာရှိများမှ အပြင်တွင် အမှန်တကယ်တည်ရှိခြင်းမရှိသည့် အိမ်နံပါတ်အတုများ၊ လိပ်စာအတုများကို အသုံးပြုကာ လူဦးရေစာရင်းသွင်းထားခြင်း၊ စနစ်အတွင်း စစ်ဆေးမှုများကို ရှောင်ကွင်းနိုင်ရန် လက်ဗွေများကို မထင်မရှား သို့မဟုတ် တဝက်တပျက်သာနှိပ်ခိုင်း၍ စာရင်းသွင်းထားခြင်း၊ သက်ဆိုင်ရာ မူရင်းစာရွက်စာတမ်းများကို ဖျောက်ဖျက်ခြင်း၊ ထောက်ခံစာအတုများကို အသုံးပြုခြင်းတို့ကို ဖော်ထုတ်နိုင်ခဲ့သည်။

ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား ၈ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦးအပါအဝင် ကတ်ပြားထုတ်ပေးခဲ့သည့် အဓိကတရားခံ အစိုးရအရာရှိများ၊ သက်သေခံပေးသူ ကျေးရွာလူကြီးဟောင်းများနှင့် အိမ်ထောင်ဦးစီးများ စုစုပေါင်း သံသယရှိသူ ၂၀ ဦးကို ဖမ်းဆီးထားကြောင်းသိရသည်။
ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံသား ၁၄ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးနိုင်ရန် အရှိန်အဟုန်မြင့်ရှာဖွေမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို တရားဝင်ဖြစ်အောင် ပြုလုပ်ပေးသည့် အကြီးစား “လုပ်သားခဝါချမှု” ကြောင့် ထိုင်းအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ အမြစ်ပြတ် နှိမ်နင်းနိုင်ရန် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား – CM 108













Leave a Comments