၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက် တစ်ခုဖြစ်လာခဲ့သည်။
အဆိုပါ အကြွေစေ့ကို ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန၏ စုဆောင်းဖွယ်ရာ အကြွေစေ့များ လေလံတင်ရောင်းချသည့် “Treasury Coin Market” အီလက်ထရွန်နစ် ပလပ်ဖောင်းသစ်မှတစ်ဆင့် ဩဂုတ်လ ၂၄ ရက်နေ့က ပထမဦးဆုံးအကြိမ် ကျင်းပသည့် လေလံပွဲ၌ ရောင်းချခဲ့ခြင်း ဖြစ်သည်။
ယင်းအကြွေစေ့သည် ၁၉၉၀ ပြည့်နှစ်က ဗြိတိန်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် ဒင်္ဂါးသွန်းလုပ်မှုဆိုင်ရာ ညွှန်ကြားရေးမှူးများ ညီလာခံအထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပထမဦးဆုံး သတ္တုနှစ်မျိုးစပ် (bimetallic) သုံးစွဲရေး အကြွေစေ့လည်း ဖြစ်သည်။
ထိုအကြွေစေ့ကို စုစုပေါင်း အစေ့ရေ ၁၀၀ သာ ထုတ်လုပ်ခဲ့ရာ ပြည်ပပြပွဲများတွင် ၃၄ စေ့ ပြသ/ဖြန့်ဝေခဲ့ပြီး၊ ၈ စေ့ကို ဒင်္ဂါးပြတိုက်၌ ထိန်းသိမ်းထားကာ ကျန်ရှိသည့် အကြွေစေ့များကို ပြည်သူများကြားတွင် သုံးစွဲခဲ့ခြင်းမရှိဘဲ သီးသန့် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
ဈေးပြိုင် လေလံဆွဲသူ ၅၂ ဦး ပါဝင်ခဲ့သည့် ယင်းလေလံပွဲသည် ၁၀ မိနစ်ကျော်မျှဖြင့် ပြီးဆုံးခဲ့ပြီး ထင်ရှားသော အကြွေစေ့ စုဆောင်းသူ နတ်ထာကွန် အက်ကာရာမာနီ က အနိုင်ရရှိခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ၎င်းအကြွေစေ့သည် MS 66 အဆင့် ရရှိထားပြီး၊ ထိုင်းနိုင်ငံအတွင်း သုံးစွဲနေသော အကြွေစေ့များအနက် မှတ်တမ်းဝင်ထားသမျှ အမြင့်ဆုံး အဆင့်သတ်မှတ်ချက် ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေး အကြွေစေ့ဈေးကွက် (Treasury Coin Market) အနေဖြင့် လစဉ် ၁၇ ရက်နေ့တိုင်း လေလံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နောက်ထပ် လေလံတင်မည့် ပစ္စည်းများတွင် ယခင်ထိုင်းဘုရင့် မိခင်ကြီး သီရိနက္ကရိန္ဒြာ (သီရိနခရင်) မင်းသမီးကြီး အထိမ်းအမှတ် ဘတ် ၆,၀၀၀ တန် ရွှေဒင်္ဂါးနှင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍအတွက် ရာမွန်မက်ဆေးဆေးဆု ရရှိခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခဲ့သော မင်းသမီး မဟာချက်ကရီ သီရိဒုံ၏ ရုပ်ပုံပါ ရွှေဒင်္ဂါးပြားတို့လည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ကိုးကား- Khaosod English








Leave a Comments