၁၉၉၆ခုနှစ် နှစ်ဦးပိုင်းတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် “စဝ်ခွန်ဆာ”သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။
နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးထားသည့် ရေကြည်အိုင်ထောက်လှမ်းရေးဝင်းအတွင်းရှိ အိမ်ဂေဟာ တွင် နေထိုင်နေရသည့် “စဝ်ခွန်ဆာ”ကို ကျနော်သွားမတွေ့ဖြစ်ပါ။ လုံခြုံရေးတင်းကြပ်ထားပြီး တွေ့ဆုံခွင့်ရရန် ခက်ခဲသည့်အပြင် သွားရောက် တွေ့ဆုံလျှင်လည်း ဆရာတပည့်နှစ်ယောက် စိတ်မကောင်းရုံသာ၊ စိတ်ဒဏ်ရာ မပေးချင် တော့ပါ။
စဝ်ခွန်ဆာ၏ စားဝတ်နေရေးကို နိုင်ငံတော်အစိုးရမှ လစဉ်တာဝန်ယူ ထောက်ပံ့ပေးနေရသည်ဟု ကြားသိရသည်။ စီးပွားရေး အဆင်ပြေသည့် လက်အောက်ငယ်သားများက ရံဖန်ရံခါသွားရောက် ကန်တော့ကြသည်ဟု ဆိုသည်။
သို့သော် ၂၀၀၇ခုနှစ် အောက်တိုဘာလ (၂၆)ရက် နံနက် ၅နာရီခွဲအချိန်တွင် “စဝ်ခွန်ဆာ”သည်လူကြီးရောဂါဖြင့် ဆုံးသွားသည်။ ရေဝေး၌ မီးသင်္ဂြိုဟ် သည့် (၂၈)ရက်နေ့တွင် ကျနော်သွားရောက် ကန်တော့ခဲ့သည်။ အန်ကယ်ကြီး “စဝ်ခွန်ဆိုင်”ဖုန်းဆက်အသိပေး သဖြင့် အသုဘ အခမ်းအနားကျင်းပရာ ရေဝေးသုဿာန်သို့ သွားရောက်ခဲ့ပါသည်။ မီးသင်္ဂြိုဟ်စာရင်း ရေးသားထား သည့် သင်ပုန်းပေါ်တွင် “စဝ်ခွန်ဆာ”၏အမည်ကို ရှာကြည့်မိသည်။
သို့သော် “စဝ်ခွန်ဆာ”ဟု ရေးမထား၊ မြန်မာနာမည် ဖြစ်သည့် “ဦးထက်အောင်၊ အသက်(၇၃)နှစ်၊ မီးသင်္ဂြိုဟ်မည့် အချိန် ၁၀နာရီ” ဟုသာ ရေးထားသည်။

“စဝ်ခွန်ဆာ”၏ ရုပ်အလောင်းအပေါ် ထီးဖြူတစ်လက်နှင့် ရွှေထီး ၄-လက် မိုးထားပေးသည်။
အသုဘအခမ်းအနားကို မြန်မာ ထုံးစံအတိုင်း အကျဉ်းချုံးသာ ပြုလုပ်သည်။ MTA တပ်မှူးဟောင်း ကိုးကန့်လူမျိုး “ဗိုလ်မှူးကြီး တွန်းကော်ရှင်း”က တရုတ်ထုံးစံအတိုင်း အခမ်းအနားပြုလုပ်ပေးသည်။ တက်ရောက်လာသူများက အမွှေးတိုင်ကို ထွန်းညှိပြီး ဂါရဝပြုကြ သည်။
“စဝ်ခွန်ဆာ”၏ သား၊ သမီးများအားလုံးကိုလည်း တွေ့ရသည်။ “စဝ်ခွန်ဆာ”၏ တတိယသား “စမ်ဇင့်”က လွယ်လန်း တောင်စခန်းတွင် သူ၏ဆရာဖြစ်ခဲ့ဖူးသူ ကျနော့်အား တလေးတစားလာရောက်နှုတ်ဆက်သည်။
အသုဘ အခမ်းအနား တက်ရောက် သူပေါင်း ၄၀-ဦးခန့်သာရှိမည်။
အရပ်ဝတ်နှင့် ထောက်လှမ်းရေးက ခပ်များများ။ ကျနော်သည် “စဝ်ခွန်ဆာ” ၏ ဓါတ်ပုံကို အရင် ဦးညွတ်ဂါရဝပြုပြီးမှ ရုပ်အလောင်းကို ကန်တော့ခဲ့ပါသည်။
ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီးနောက် ခေါင်းတိုင်မှ ထွက်ရှိလာသည့် မီးခိုးကို ကားပေါ်မှ မျှော်ကြည့်ရင်း အိုဗာဆီးကော(Oversea call)ဖြင့် ဇင်းမယ်ရှိ “ဉီးခွန်ဆိုင်း”ကို “ပေါ်ထောက်(အဖိုးကြီး)ခွန်ဆာ” ဆုံးသွားသည့်သတင်း လှမ်းပို့လိုက်မိသည်။
ကျနော့်ရုံးကို ပြန်ရောက်သည်နှင့် ဟိုမိန်းစစ်စခန်းတွင် အတူနေထိုင်ခဲ့ဖူးသူ “ဦးအောင်ကြီး”၊ “မတိုး”တို့ လင်မယားကို “စဝ်အူ(အဘ)”ဆုံးသွားသည့်အကြောင်း ဖုန်းဆက်ပြောလိုက်သည်။ စဝ်အူ၏ နောက်ဆုံးခရီးကို သွားရောက်ပို့ဆောင်ခွင့် မရခဲ့သဖြင့် “မတိုး”တစ်ယောက် ငိုလိုက်သည့်ဖြစ်ခြင်း၊ “မတိုး”နှင့် သူ၏အဖေ “ဦးလှဆွေ”တို့သည် “စဝ်ခွန်ဆာ” တစ်ယောက်စားချင်သည့် သျှမ်းအစားအစာများကို “စဝ်ခွန်ဆာ”အား အစိုးရမှ နေရာချထားပေးသည့် အိမ်ဂေဟာသို့ မကြာခဏ သွားရောက် ပို့ဆောင်ပေးနေကြဖြစ်သည်။
ဘိန်းဘုရင်ဟု နာမည်တွင်ခဲ့သည့် “စဝ်ခွန်ဆာ”၏ နောက်ဆုံးနေ့ရက်များက နာကျည်းစရာ၊ သံဝေဂရစရာ၊ သင်ခန်းစာ ယူစရာများနှင့် ပြည့်နှက်လျက်ရှိသည်။ သျှမ်းပြည်နှင့် မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံတကာမှ စိတ်ဝင်စားမှုရှိလာစေရန် ကမ္ဘာ့မြေပုံပေါ် မီးမောင်းထိုးပြခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။

နိုင်ငံတကာကို ထိခိုက်လျက်ရှိသည့် မူးယစ်ဆေးဝါးပြဿနာ သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာဖြစ်သည်။ ခွန်ဆာက နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းဖြေရှင်းပေးရန် ထောက်ပြခဲ့သည်။
သို့သော် အမှောင်ထဲက ခွန်ဆာ၏ စကားကို မည်သည့်နိုင်ငံမှ စိတ်မဝင်စား၊ မည်သည့်ပုဂ္ဂိုလ်မျှ အရေးတယူ မလုပ်ခဲ့ပေ။ မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟုဆိုကာ ခွန်ဆာကို ငွေပဒေသာပင်၊ ရွှေပဒေသာပင်ပမာ အသုံးချ၍ မိမိအကျိုး စီးပွားအတွက်သာ အသုံးချခဲ့သူက ခပ်များများ။
ထိုသူများသာ ချမ်းသာကြွယ်ဝသွားကြသည်။ နာမည်ကောင်း ရကြ သည်။ ကျေးလက်နေ တောသူတောင်သား ဘိန်းစိုက်တောင်သူတို့၏ ဘဝမှာ ဆင်းရဲမြဲ ဆင်းရဲလျက်ရှိသည်။
သျှမ်းလက်နက်ကိုင်တော်လှန်ရေးနှင့် မူးယစ်ဆေးဝါးပြဿနာက တဝဲလည်လည်။ မူးယစ်ဆေးဝါးကြောင့် နိုင်ငံရေး လည်း ရှေ့ဆက်မတိုး၊ မိမိတို့၏ လက်နက်ကိုင်တော်လှန်ရေး ခရီးလမ်းတွင် မူးယစ်ဆေးဝါးက ဆူးညှောင့်ခလုတ်တစ်ခု ပမာ ဖြစ်နေခဲ့သည်။

ခွန်ဆာသည် သျှမ်းလက်နက်ကိုင် ညီညွတ်ရေးကို “စဝ်မိုးဟိန်း(SURA)”၊ “စဝ်ဇမ်မိုင်(SSA-S)” တို့နှင့်အတူ တည်ဆောက်ခဲ့သည်။ အင်အားတောင့်တင်းခိုင်မာသည့် သျှမ်းလက်နက်ကိုင်တပ်(MTA)ကို မိမိ၏ ဦးနှောက်၊ မိမိ၏ဉာဏ်ဖြင့် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
သို့သော် စီးပွားရေးလုပ်တတ်ပြီး ငွေရှာတတ်သည့် ခွန်ဆာကို သျှမ်းလူမျိုးများက ကောင်းကောင်းအသုံးမချတတ်။ ယင်းနောက်ပိုင်းတွင် အကဲဆတ်လှသည့် လူမျိုးရေးပြဿနာကို ရှေ့တန်းတင်ခဲ့ကြသဖြင့် တပ်တွင်းပုန်ကန်မှု၊ ခွဲထွက်မှု များ ဖြစ်ပွားခဲ့သည်။
ဤဖြစ်ရပ်သည် ရှင်သန်ပြီး အမြစ်တွယ်စပြုနေသည့် သျှမ်းလက်နက်ကိုင်ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေခဲ့သည်။ ခွန်ဆာသည် သျှမ်းလူမျိုးများက မိမိအား မလိုအပ်တော့သည့်အချိန်တွင် မိမိ၏ သြဇာအာဏာနှင့် စည်းစိမ်ကို စွန့်လွှတ်ပြီး မိမိ၏ နောက်ဆုံးဘဝ နေဝင်ချိန်ကို အေးချမ်းစွာ နေထိုင်သွားရန် ဝန်မလေးတော့ပေ။
နောက်ဆုံးတွင် ခွန်ဆာက လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သွားခဲ့သည်။ MTA တပ်ဖွဲ့ကြီးလည်း ပြိုကွဲသွားသဖြင့် လူအများ အံ့သြတုန်လှုပ်ခဲ့ကြသည်။
သျှမ်းလူမျိုးတို့၏ သျှမ်းပြည်လွတ်လပ်ရေး စိတ်ကူးအိပ်မက်လည်း ပျောက်ကွယ် သွားခဲ့သည်။

သျှမ်းလူမျိုးများ စိတ်ထိခိုက်ပြီး နာကျင်ခံစားခဲ့ကြရသည်။
ရည်မှန်းချက်ပန်းတိုင် မရောက်ခင် တပ်တွင်း ပုန်ကန်မှုကြောင့် သူ၏ နိုင်ငံရေး၊ စစ်ရေးဆောင်ရွက်ချက်များ ပျက်ပြားခဲ့ရပြီး ဆုံးရှုံးသူတစ်ယောက် ဖြစ်သွားသည့် ခွန်ဆာကို အပြစ်တင်ခဲ့ကြသည်။
သွေးမြေလည်းမကျ၊ သေနတ်တစ်ချက်မှလည်း မပစ်ဖောက်ရဘဲ ပြိုကွဲသွားသည့် MTAတပ်ဖွဲ့ကြီးကို နှမြောခဲ့ကြသည်။
တစ်ချိန်တုန်းက ခွန်ဆာသည် မြန်မာ့တပ်မတော်နှင့် လက်တွဲပြီး ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် တိုင်းတစ်ပါးကျူးကျော်ဝင် ရောက်သူ ကူမင်တန်တရုတ်ဖြူတပ်များကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကြွင်းကျန် တရုတ်ဖြူ လက်နက်ကိုင်တပ်များကို သျှမ်းပြည်အတွင်းမှ နောက်ဆုံးတစ်ယောက်မကျန် တိုက်ခိုက်မောင်းထုတ်ခဲ့ပြီး တရုတ်ဖြူ တပ်ဖွဲ့ (KMT)ဖျက်သိမ်းလိုက်ရသည်အထိ ဖြစ်ပွားခဲ့ရသည်။
သို့သော် မည်သူကမျှ အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ မျက်ကွယ်ပြုခဲ့ကြသည်။
MTA ခေတ်ကာလ အတွင်း MTA တပ်ဖွဲ့တွင် လူမျိုးစုမခွဲခြားဘဲ အရည်အချင်းရှိသူ မည်သူမဆိုနေရာပေး၊ မြေတောင်မြှောက်ပေးခဲ့သည်။ ထို့အတွက် ကြောင့် MTA တပ်ဖွဲ့အတွင်း ထိုစဉ်အခါက လူမျိုးစုပြဿနာမရှိ၊ နယ်မြေတောင်းဆိုမှုမျိုးလည်း မရှိခဲ့ပေ။
နယ်မြေတောင်းဆိုလိုပါက “ဟိုမိန်း”စစ်ဌာနချုပ်သို့ တက်လာပါဟု ခွန်ဆာက ဆိုထားသဖြင့် သျှမ်းပြည်အတွင်းရှိ မည်သည့် လူမျိုးစုမျှ နယ်မြေမတောင်းဆိုရဲပါ။ တောင်းလည်းမတောင်းဆိုခဲ့ပါ။ သျှမ်းမြေမှာမွေး၊ သျှမ်းပြည်ထမင်းကို စားပြီး ညီရင်း အစ်ကိုပမာ ဆိုးတူကောင်းဖက် အတူတကွနေထိုင်ကြီးပြင်းလာခဲ့ကြသည့် လူမျိုးစုများပီပီ သျှမ်းပြည်ကြီး အပေါ် ချစ်ခင်မြတ်နိုးပြီး သံယောဇဉ်ရှိခဲ့သည်။ သျှမ်းပြည်သား စိတ်ဓါတ်ရင်ထဲ အသည်းထဲ ကိန်းအောင်းလျက်ရှိ နေခဲ့ကြသည်။

ဘဝတွင် အကောင်းနှင့်အဆိုး ဒွန်တွဲလျက်ရှိသည့် ခွန်ဆာသည် သျှမ်းပြည်နိုင်ငံရေးသမိုင်းတွင်သာမက မြန်မာ့နိုင်ငံရေး သမိုင်းတွင် ပစ်ပယ်၍မရသည့် ထင်ရှားခဲ့သူတစ်ဦးဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း မူးယစ်ဆေးဝါး နာမည်ဆိုးဖြင့် ကျော်ဇောထင်ရှားခဲ့သူပါ။ အမေရိကန်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မူးယစ်ဆေးဝါးဖြင့် ကိုင်လှုပ်နိုင်ခဲ့ သည်။ မိမိအသိုင်းအဝိုင်းအတွင်း ဘုရင်တစ်ဆူမျှ သြဇာအာဏာကြီးမားခဲ့သည်။
မူးယစ်ဆေးဝါးကြောင့် မိမိနှင့် ပတ်သက်ခဲ့သူများကို သေဆုံးသွားသည်အထိ ထုတ်ဖော်မပြောကြားခဲ့၊ ဒုက္ခမပေးခဲ့။ မိမိ၏ နာမည်ဆိုးကြောင့် သူတစ်ပါးအား ထိခိုက်နစ်နာမှုဖြစ်စေလိုသည့် စိတ်ဆန္ဒမရှိ၊ ခွန်ဆာသည် မြန်မာပြည်တွင် ရှိစဥ်အခါက မိမိနှင့် ပေါင်းသင်းလက်ထပ်ခဲ့သည့် ရန်ကုန်ရှိဇနီးသည်ကိုလည်း လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ပြီး ဝင်ရောက်လာသည့် နောက်ပိုင်းတွင် ဆက်လည်းမဆက်သွယ်၊ သွားရောက်တွေ့ဆုံခဲ့ခြင်းလည်းမရှိခဲ့ပေ။
ပြန်လည်ဆုံတွေ့ရန် မျှော်တလင့်လင့်နေခဲ့ရှာသည့် ခွန်ဆာ၏ဇနီးသည် သူမကွယ်လွန်သည့် နောက်ဆုံးအချိန်အထိ စောင့်စား နေခဲ့ကြောင်း သိရှိရသည်။
သျှမ်းပြည်၏ ကံကြမ္မာကို သျှမ်းလူမျိုးများက ကိုယ်တိုင်ဖန်တီးပြီး ဦးဆောင်သွားရန် လမ်းဖွင့်ပေးခဲ့သည်။ သျှမ်း လက်နက်ကိုင်တော်လှန်ရေးကို သျှမ်းလူမျိုးများ၏ ပခုံးပေါ်သို့ လုံးလုံးလျားလျားပြောင်းတင်ပေးခဲ့သည်။
သျှမ်းလူမျိုးများအတွက် အနာကျင်ဆုံးပေးဆပ်သူဖြစ်ခဲ့သည်။ သို့သော် အကောင်းဆုံးအရှုံးသမားဖြစ်သူ ခွန်ဆာ၏ နောက်ဆုံးနေ့ရက်များက မလှပခဲ့၊ မထင်မရှားနှင့်သာ ကွယ်လွန်သွားခဲ့သည်။ ခွန်ဆာ၏ မှာကြားထားချက်အရ ကျန်ရစ်သူ မိသားစုက ခွန်ဆာ၏ အရိုးပြာကို ရန်ကုန်မြစ်ရေအတွင်းသို့ မျှောပစ်ခဲ့ကြသည်။
ခွန်ဆာကွယ်လွန်သွားပြီးနောက် (၈-၁၁-၂၀၀၇)ရက်နေ့မှစပြီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိ “ခွန်ဆာရွာ”ဟု လူသိများသည့် “ဟင်တက်ရွာ”(ယခုအခေါ် “ပန့်ထက်ထိုင်း”)တွင် ခွန်ဆာအတွက် ကုသိုလ်ကောင်းမှုပြုသည့် ရက်လည်အခမ်းအနားကို ခွန်ဆာ၏ တပ်မှူးဟောင်းများ၊ ဒေသခံများက ဦးစီးပြီး (၂)ရက်တိုင်တိုင် အောက်မေ့ဖွယ်ရာ ထပ်မံပြုလုပ်ခဲ့ကြကြောင်း ကြားသိရသည်။
နောင်လာနောက်သား မျိုးဆက်သစ် လူငယ်လူရွယ်များ သမိုင်းသင်ခန်းစာယူနိုင်ရန် ရည်ရွယ်ပြီး သမိုင်းဝင်နေရာတစ်ခု အဖြစ် ဖွင့်လှစ်ထားရှိသည့် “ဟင်တက်ရွာ”ရှိ ခွန်ဆာစခန်းဟောင်း ပြတိုက်နေရာ၏ရှေ့တွင် ခွန်ဆာမြင်းစီးကြေးရုပ်ထု ပုံတူကို အမှတ်တရအဖြစ် သွန်းလုပ်ထားရှိခဲ့သည်။
ခွန်ဆာသည် သျှမ်းလက်နက်ကိုင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင် သူတစ်ဦးဖြစ်ခဲ့ပြီး သျှမ်းလူမျိုးများ လိုချင်သည့် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးကို မြင်တွေ့ခွင့်မရရှိဘဲ ကွယ်လွန်သွားခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ခွန်ဆာသည် တစ်ခေတ်တစ်ခါက သူရဲကောင်းတော်လှန်ရေးသမားတစ်ဦး၏ ပြယုဂ်အဖြစ် မထင်မရှား ရှိနေပါတော့သည်။

မူးယစ်ရာဇာဟု နာမည်တွင်ခဲ့သည့် ခွန်ဆာတစ်ယောက်သေဆုံးသွားပြီ ဖြစ်သော်လည်း မူးယစ်ရာဇာများ တစ်ဦးပြီး တစ်ဦး ထွက်ပေါ်လာနေဆဲ၊ မူးယစ်ဆေးဝါးပြဿနာက ဆက်လက်ရှိနေဆဲ၊ သျှမ်းလက်နက် ကိုင်တော်လှန်ရေးသည် လည်း မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်အတိုင်း လက်နက်စွဲကိုင်ဆက်လက်တိုက်ပွဲဝင်နေဆဲပင်ဖြစ်သည်။
စိုင်းဆိုင်မုခ် ရေးသားသည်။










Leave a Comments