စစ်ကော်မရှင်တပ်မှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် လက်ဆက် ပိတ်ပင်ထားခြင်းကြောင့် သျှမ်းပြည် အရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ကားသမားများ အလုပ်အကိုင် ကြပ်တည်းမှု ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှ လူသုံး ကုန်ပစ္စည်း တင်သွင်းခွင့်များကို ယာယီ ပိတ်ပင်ထားခဲ့သည်။
ထို့ကြောင့် ယခု အောက်တိုဘာလအထိ ကုန်စည်ကန့်သတ်ပိတ်ပင်ထားမှု နှစ်လကျော်ကြာ ရှိနေခြင်းကြောင့် သျှမ်းပြည် အရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ခရီးသည်တင်ယာဉ် ကားသမားများအတွက် အခက်အခဲများ ဖြစ်စေကြောင်း အသက် ၃၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီလို ကုန်ပစ္စည်းတွေ ပေးမတင်တော့ ကျနော်တို့လို ခရီးသည်တင်ယာဉ်က ၂ ပတ်နေမှတစ်ခါ၊ ၁ ပတ်နေမှ တစ်ခါ ကားထွက်ဖြစ်တယ်။ လူမပြည့်ရင်လည်း ထွက်လို့ အဆင်မပြေဘူး၊ ကားခကလည်း ပိုတောင်းလို့ မရဘူး။ ဒီနှစ်ကုန်ထိ ပစ္စည်းတွေ အရင်လို ပြန်တင်ရဖို့ မသေချာဘူး”ဟု တောင်ကြီး-တာချီလိတ် ပြေးဆွဲနေသည့် အသက် ၃၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်လာလျှင် လမ်းပိုင်းရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များက ဖမ်းဆီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်ကြပြီး ခရီးသည်တင်ယာဉ်အပြင် ကုန်ပစ္စည်းတင်ဆောင်သည့် ကားသမားများအတွက်ပါ အခက်အခဲ ကြုံတွေ့စေကြောင်း ၎င်းကားသမားက ဆက်ပြောသည်။
“ခရီးသည်တင်တဲ့ ယာဉ်တွေကြတော့ အသိတွေများရင် နည်းနည်းပါးပါး အလုပ်ဖြစ်သေးတယ်။ အရင်ကတည်းက ကုန်ပစ္စည်းတွေ အဓိကထား တင်တဲ့လူတွေ အတွက်ကတော့ အလုပ်မဖြစ်ဘူးလေ။ တချို့က ဘာဆက်လုပ်လို့ လုပ်ရမလဲ မသိဘူး ဒီတိုင်းနားနေကြတာ။ လမ်းက စစ်ဆေးရေး ဂိတ်တွေမှာလည်း ပစ္စည်းတွေက အရင်လို စစ်နေကြတာပဲ”ဟု အသက် ၃၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။
နယ်စပ်မှတဆင့် လူသုံးကုန်ပစ္စည်း တင်သွင်းခွင့်ကို စစ်ကော်မရှင်တပ်မှ နှစ်လကျော်ကြာ ပိတ်ပင်ထားပြီးနောက် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်အချို့ ပြေးဆွဲမှု ရပ်နားထားရကြောင်း ၎င်းကားသမားက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်းမှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှ သျှမ်းပြည် တောင်ပိုင်းတို့ တင်ပို့သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများကို အဓိကထားပြီး စစ်ကော်မရှင်ဘက်က တင်သွင်းခွင့် တားမြစ်ကန့်သတ်ထားကြောင်း နယ်စပ်ကုန်များထံမှ သိရသည်။












Leave a Comments