မူဆယ်မြို့ လွယ်တိန်ခမ်း သာသနာ့နယ်မြေကို ပွဲစားများ ကျူးကျော် မြေကွက်ရိုက်ပြန်ရောင်း

သျှမ်းပြည် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ရှိ သာသနာ့နယ်မြေကို ပွဲစားများ ပိုင်နက်ကျူးကျော်ကာ တရုတ်လုပ်ငန်းရှင်များထံ အကွက်ရိုက် ပြန်ရောင်းချနေကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ တိုက်ပွဲကြား အခွင့်ကောင်းယူပြီး မြေပွဲစားများနှင့် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပြင်နှင့် အနီးအနားရှိ မြေလွတ်မြေရိုင်းများကို ခွဲတမ်းကျ အကွက်ရိုက်ပြီး တရုတ်လုပ်ငန်းရှင်များထံ ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုထဲတွင် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ရှိ မြေပုံစံနှင့် မြေရာဇဝင် ရှိထားသော သာသနာ့နယ်မြေများလည်း ပါဝင်ခဲ့ခြင်းကြောင့် ဒေသခံများအကြား ဝေဖန်မှု မြင့်တက်နေပြီး မြေပွဲစားများမှ သာသနာမြေ ၃ ဧကခန့်အထိ ပိုင်နက်ကျူးကျော်ပြီး အကွက်ရိုက်ထားကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပွဲစားတွေ မြေရှင်းထားတာ တစ်နှစ်ခွဲလောက်တော့ ရှိပြီ၊ အဲ့တုန်းက တိုက်ပွဲစဖြစ်လို့ လက်နက်ကြီးလည်းကျတော့ ဂေါပကလည်း သွားမကြည့်ရဲဘူး။ အစတုန်းက တောင်အောက်နားပဲ လုပ်ထားတာ၊ နောက်ပိုင်း အပေါ်ဘက် ထပ်ချဲ့တော့ အခု မိဂဒါစေတီ အောက်နားတောင် ရောက်တော့မယ်။ သာသနာ့နယ်မြေ မကျူးကျော်ရ ဆိုင်းဘုတ်တွေ၊ သာသနာ့အလံတွေ ထောင်ထားတာလည်း ဖျက်ဆီးခံရတယ်”ဟု ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

လွယ်တိန်ခမ်းတောင် သာသနာ့နယ်မြေထဲ ကျူးကျော်ပြီး အကွက်ရိုက်ထားမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်တွင် အဆိုပါ မြေနေရာသို့ စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းဦးစီးဌာန တာဝန်ရှိသူများ လာရောက်ကြည့်ရှု့ခဲ့ပြီး နေရာပြန်လည် သတ်မှတ်ပေးခဲ့သော် အဆိုပါ အမှတ်အသားများကို မြေပွဲစားများက ပြန်လည်ဖျက်ဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

ပုံစာ – မူဆယ်မြို့ လွယ်တိန်ခမ်းတောင် သာသနာမြေ ကျူးကျော်ခံရပြီး ပွဲစားများ အကွက်ရိုက်ထား (ဓာတ်ပုံ-ပေးပို့)

၎င်းနောက်တွင် လွယ်တိန်ခမ်းတောင် သာသနာ့မြေ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မြေပွဲစားများအကြား ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း သိရသော်လည်း ဆွေးနွေးမှုရလဒ်ကို မသိရပေ‌။

“မြေစာရင်းရုံးဘက်ကလည်း မြေပုံဇယားနဲ့ သတ်မှတ်ထားပေးတာ နှစ်နဲ့ချီ ရှိနေပြီ။ ဘယ်နေရာ ဘယ်နားအထိ ဆိုတာ မြေပုံနဲ့ တိတိကျကျ သတ်မှတ်ထားပြီးသား ရှိတယ်။ ကိုဗစ်ကြောင့်ရယ်၊ တိုက်ပွဲကြောင့်ရယ် အဲ့မြေပေါ်မှာ ဘာအကာအကွယ်မှ မလုပ်နိုင်တော့ အပြင်က တဖြည်းဖြည်း ကျူးကျော်လာတာ၊ အဲ့လိုနဲ့ ဒီနှစ်ထဲမှာ ပြဿနာ ကြီးလာတာ။ ဌာနဆိုင်ရာတွေကို လာဘ်ထိုးထားတော့ သူတို့က ပွဲစားဘက်ကပဲပေါ့”ဟု ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ယခုကဲ့သို့ သာသနာ့မြေကို ကျူးကျော်ပြီး ပွဲစားများမှ တရုတ်လုပ်ငန်းရှင်များထံ အကွက်ရိုက် ပြန်ရောင်းချနေခြင်းကို အလျင်အမြန် ဟန့်တားနိုင်ရန် ကျွမ်းကျင်သူ ဥပဒေ ပညာရှင်များနှင့်လည်း ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း လွယ်တိန်ခမ်းတောင် သာသနာ့မြေ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပုံစာ – မူဆယ်မြို့ လွယ်တိန်ခမ်းတောင် သာသနာမြေ ကျူးကျော်ခံရပြီး ပွဲစားများ အကွက်ရိုက်ထား (ဓာတ်ပုံ-ပေးပို့)

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း အဆိုပါ မြေပွဲစားများမှာ မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ခြေရှိ ပြည်သူပိုင်မြေကွက်များကို ကျူးကျော်ကာ အခြားသူထံ လက်လွှဲရောင်းချခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ဒေသခံများကိုလည်း လက်နက်ကိုင်တပ်ဖွဲ့ နောက်ခံဖြင့် အကြပ်ကိုင် ခြိမ်းခြောက်ခဲ့ခြင်းကြောင့် အချို့မှာ မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားရကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် သာသနာမြေ ကျူးကျော်ခံရခြင်းကို အကြောင်းပြု၍ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ဒေသခံအချင်းချင်း အပြန်အလှန် နားလည်မှုနှင့် လေးစားမှု ထားရှိရန် လိုအပ်ပြီး တရားမျှတမှု အမြန်ဆုံးရရှိရန် မူဆယ်ဒေသခံများက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...