သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မီးလောင်တာကတော့ ဘတ်ထရီကနေ စဖြစ်တာ။ အဲ့အိမ်က ဂိုထောင်လိုပဲ၊ အိမ်ထဲမှာ ဘတ်ထရီအက်ဆစ်၊ ရေခဲသတ္တာ၊ အင်ဂျင်ဝိုင်၊ ဆိုလာပြား အသစ်တွေ ရှိတယ်။ နေ့ခင်း လူမနေဘူး၊ ညပဲ အိပ်စောင့်တဲ့လူ ရှိတယ်။ အိမ်နဲ့ပစ္စည်းတွေ အကုန်မီးလောင်သွားတာ။ လူမနေတော့ ဘေးအိမ်တွေကလည်း မီးခိုးငွေ့ ထွက်လာမှ မီးလောင်နေမှန်း တွေ့ကြတာ” ဟု တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ထဲ သိုလှောင်ထားသည့် ရေတိုင်ကီ၊ ဆောက်လုပ်ရေးနှင့် အိမ်သုံးပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးများနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးများ ပုံမှန်မရရှိတော့သည့်အတွက် လက်ရှိတွင် ပြည်သူများက ဖယောင်းတိုင်မီး၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနှင့် ဘတ်ထရီတို့ကို အားကိုး၍ အသုံးပြုနေရပြီး သျှမ်းပြည်အတွင်း ဆိုလာပြားဘက်ထရီမှတဆင့် မကြာခဏ မီးလောင်ကျွမ်းမှု ဖြစ်ပွားလေ့ရှိသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မီးလောင်မှု မဖြစ်ပွားစေရန် ဖယောင်းတိုင်မီး၊ ဘတ်ထရီနှင့် ဆိုလာပြား မှတဆင့် မီးလောင်မှု မဖြစ်စေရန် သတိထား အသုံးပြုကြပါရန် မီးသတ်တပ်ဖွဲ့က တိုက်တွန်းထားသည်။
ပုံစာ – တန့်ယန်းမြို့ပေါ် ဆိုလာဘက်ထရီကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးမှု (ဓာတ်ပုံ – တန့်ယန်း အရန်မီးသတ်တပ်ဖွဲ့)











Leave a Comments