သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်ကော်မရှင်မှ မြေပြင်စစ်ကြောင်းထိုး၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ၊ ဂျက်လေယာဉ်ဖြင့် လှည့်ပတ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဩဂုတ်လ ၂၄) ရက် တွင် စစ်ကော်မရှင်တပ်မှ ရွာငံမြို့ မြောက်ဘက် ကျေးရွာနှင့် တောတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာတစ်စီးဖြင့်လည်း လှည့်လည်စောင့်ကြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ပြည်သူများခြံမသွားရဲဘဲ ကြောက်လန့်နေရကြောင်း နှင့် တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်နေကြောင်း အသက် ၄၀ အရွယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“မနေ့ကဆို လက်နက်ကြီးသံတွေရော တအုန်းအုန်း ကြားနေရတယ်။ လေယာဉ်ဆို နိမ့်နိမ့်လေး ပတ်ပျံနေတာ ။ ဗုံးများကြဲတော့မလား စစ်ပွဲများ ဖြစ်တော့မလားနဲ့ ကြောက်နေရတာ။ တောင်ယာလည်း မသွားရဲဘူး၊ လဖက်ခူးလည်း မသွားရဲဘူး လက်နက်ကြီးစတွေ မှန်ပြီး ဒုက္ခရောက်မှာ စိုးရိမ်တယ်။”ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် စစ်ကော်မရှင် တပ်မှ အင်အား (၅၀)ခန့် ရွာငံမြောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ဒေသခံများ၏ ကားများကို ချောဆွဲသွားပြီး ယနေ့အထိ ပြန်မပေးသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဆက်လက်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်မှ ရွာငံဘက်သို့ မြေပြင်စစ်ကြောင်းအရ ဝေဟင်နဲ့ပါ ဖိအားပေးနေပြီး ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးနိုင်ရန် ဖိအားပေးနေခြင်း ဖြစ်နိုင်ကြောင်း ရွာငံမြို့မှ အသက် ၂၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အခု ပထမ တစ်သုတ်ရွေးကောက်ပွဲ လုပ်မဲ့ဒေသမှာ ရွာငံမပါဘူး ဆိုတော့ သူတို့က နယ်မြေစိုးမိုးနိုင်ဖို့ အင်အား အလုံးရင်းနဲ့ ဖိအားပေးနေတာဖြစ်မယ်။ လက်နက်ကြီးတွေ လေယာဉ်တွေပါ ပါလာပြီ။ ဒီကောင်တွေက သူတို့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ဘာလုပ်ရ လုပ်ရ လုပ်ကြမှာ။ပြည်သူတွေအနေနဲ့ သတိရှိဖို့တော့လိုတယ်။”ဟု ၎င်းအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်တွင်လည်း စစ်ကော်မရှင်တပ်မှ မင်းပလောင်ရွာတွင် ကျန်ရှိနေသည့် နေအိမ်ကို ထပ်မံ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ မင်းပလောင်ကျေးရွာမှ စစ်ရှောင်များသည် (၈၀၀)ကျော်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်း စားနပ်ရိက္ခာအတွက်လည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။
“ကလေးတွေ သက်ကြီးရွယ်အိုတွေဆို ဆေးဝါးကုသမှုလိုအပ်တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆို ဆေးဝါးစောင့်ရှောက်မှု ရသင့်တာ။ အဲဘက်မှာက ကောင်းကောင်းဆေးထိုး တတ်တဲ့သူမရှိတာရယ်၊ ဆေးဝါးလုံလောက်မှုမရှိတာနဲ့ စားသောက် နေထိုင်ဖို့အတွက် အကူအညီလိုအပ်တာတွေ ရှိတယ်။”ဟု ၎င်းစစ်ရှောင်ကူညီနေသူ အမျိုးသား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ်၊ ရနဲကျေးရွာ အုပ်စု မင်းပလောင်ကျေးရွာတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်တပ်မှ မီးရှိုဖျက်ဆီးခဲ့သည်။












Leave a Comments