စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။
ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့ ပို့ဆောင်မည့် ကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ နောက်ကွယ်တွင် အာရက္ခတပ်တော် (AA) မှ ဗိုလ်မှူးအဆင့်ရှိ ကိုရေး ဆိုသူနှင့် ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာတွင် နေထိုင်သူ စိုင်းစု ဆိုသူတို့ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။
ထိုမူးယစ်ဆေးများကို SSPP/SSA ဌာနချုပ်တည်ရှိရာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာတွင် နေထိုင်သူ စိုင်းစု မှာ အဓိကစီမံခန့်ခွဲသူဖြစ်ပြီး AA ဗိုလ်မှူးအဆင့်ရှိသူ ကိုရေး (အကောက်ခွန်မှူး) မှာ မူးယစ်ဆေးများ ရခိုင်ပြည်နယ် ဖြတ်သန်းခအဖြစ် ဆေးပြားတသောင်းလျှင် ကျပ်သုံးသိန်းနှုန်း အခွန်လက်ခံရယူကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ SSPP/SSA နှင့် အဖွဲ့ဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း၊ စွပ်စွဲရေးသား ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါး ပတ်သက်သူ ဗိုလ်မှူးစိုင်းစု ဆိုသူသည်လည်း SSPP/SSA အဖွဲ့အစည်းတွင် မရှိကြောင်း SSPP ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

လက်ရှိ SSPP/SSA တွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်မှူးကြီး စိုင်းဆု သာရှိပြီး နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုင်ရာ ညှိနှိုင်းရေး အထူးတာဝန် လုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်လျက်ရှိကာ မူးယစ်ဆေးဝါးများနှင့် ပါဝင်ပတ်သက် ရောင်းဝယ်ဖောက်ကားနေခြင်း လုံးဝ (လုံးဝ) မရှိကြောင်း SSPP ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်သည် SSPP/SSA အပေါ် နိုင်ငံရေးအရ ဂုဏ်သိက္ခာ ကျစေလိုခြင်း၊ နာမည်ပျက်ပြီး အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေခြင်းသာ ဖြစ်သည့်အတွက် လိုရာဆွဲထည့် ရေးသားတိုက်ခိုက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း SSPP ဘက်က ဆိုသည်။

ထို့ပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး လုံးဝ ပပျောက်နိုင်ရန်အတွက် SSPP/ SSA ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်း အဖွဲ့၏ ပါတီဝင်၊ အဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထုတ်လုပ်ခြင်းများ ပိတ်ပင်ထားကြောင်း ဆိုသည်။
အလားတူ စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အာရက္ခတပ်တော် (AA)မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးထံ မူးယစ်ဆေးဝါး သယ်ယူဖြတ်သန်းခွင့်အတွက် အခွန်ပေးဆောင်ရကြောင်း စွပ်စွဲထားခြင်းမှာ စစ်ကော်မရှင်၏ မရိုးနိုင်သည့် လုပ်ကြံစွပ်စွဲမှုသာ ဖြစ်ပြီး နိုင်ငံရေး အောက်လုံးများဖြင့် အောက်တန်းကျသည့် ဝါဒဖြန့် တိုက်ခိုက်မှုဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခ က သတင်းမီဒီယာများသို့ ပြောကြားထားသည်။












Leave a Comments