သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း စက်လှေမောင်းသူတစ်ဦးသည် လေးခွဖြင့် အပစ်ခံရသဖြင့် မျက်လုံးတစ်ဖက် ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၁) ရက် နေ့လည် ၁၁ နာရီတွင် အင်းလေးဒေသ ဟဲခမ်းဦးကျေးရွာတွင် နေအိမ်များ ရေမြုပ်နေသည့်အချိန် စက်လှေ အရှိန်မြင့်မောင်းနှင်သောကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်မှုထပ်မံဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ၎င်းရေဝင်သည့်နေအိမ်ရှင်မှ အမျိုးသားတစ်ဦးသည် လေးခွဖြင့် စက်လှေ အရှိန်မြင့် မောင်းသောသူကို မထိဘဲ တဖက်မှလာသည့် မြေသယ် စက်လှေမောင်းသမားကို ထိမှန်သွားခဲ့ရာမှ မျက်လုံးဆုံးရှုံးသွားသည်။
“စက်လှေသမားတွေက အရှိန်နဲ့မောင်းကြတာ။ ရေကြီးနေချိန်ဆိုတော့ စက်အရှိန်ကြောင့် အိမ်ထဲရေကထပ်ဝင်တော့ အိမ်ရှင်က လေးခွနဲ့ပစ်လိုက်တာ။ ဘာမှ မဆိုင်တဲ့ မြေသယ်သမားစက်လှကို ထိမှန်သွားတာပဲ” ဟု ၎င်းအကြောင်းကို သိရှိသည့် အင်းလေးဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
အဆိုပါ မျက်လုံးတစ်ဖက် ဆုံးရှုံးသွားသူသည် အင်းလေးဒေသ ရွာကြီးတောင် အလယ်ဝိုင်းမှ အသက် (၅၀) အရွယ် ဦးအောင်မြ ဖြစ်ပြီး မိသားစုဝမ်းရေးအတွက် နေ့စား မြေသယ် အလုပ်လုပ်ကိုင်သူတစ်ဉီးဖြစ်သည်။

လက်ရှိ လေးခွထိမှန်သည့် မြေသယ်သမားကို တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
“မနေ့က လှေသမားကို ပစ်တာ မဆိုင်တဲ့သူကို မှန်သွားတော့ ကြားထဲက မျက်လုံးဆုံးရှုံးရတာပေါ့။ အခုတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ခွဲစိတ်နေတယ်။ သူတို့မိသားစုက ဆင်းရဲတဲ့ထဲပါတယ်။ အခုလိုဖြစ်သွားတော့ သူတို့ မိသားစု တော်တော်ဒုက္ခရောက်တယ်။” ဟု ဖြစ်စဉ်သိရှိသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
လေးခွထိမှန်သွားသည့် ဦးအောင်မြသည် မျက်လုံးကြေမွသွားကြောင်း ၎င်းကို လိုက်လံပို့ဆောင်ပေးသော မနောဖြူ ပရဟိတ အဖွဲ့က မလဲ့က သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ဦးလေးကတော့ မျက်လုံးဆုံးရှုံးသွားတော့ ရှင်လျှက်နဲ့ သေလူလို ဖြစ်သွားပြီ။ တကယ်ဆို ဒါမျိုး ရမ်းပြီး မပစ်သင့်ဘူး ၊ စက်လှေမောင်းတဲ့ သူကိုလည်း လျှော့မောင်းဖို့ ရွာလူကြီးကို ပြောထားရင် ရတာပဲကို။ တရားခံကိုတော့ ဘယ်သူဘယ်ဝါမှန်းတော့ ခုထိ မသိသေးဘူး။ ရဲစခန်းကိုတော့ အကြောင်းကြားထားတယ်။” ဟု မလဲ့က ဆိုသည်။
ထိုသို့ အင်းလေးဒေသတွင် ရေတက်နေသည့် အချိန်တွင် စက်လှေသမားအနေဖြင့် ဆင်ခြင်စွာ မောင်းသင့်ကြောင်း အင်းလေး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“တကယ်ဆို ရေမြုပ်တဲ့ အချိန်မှာ စက်လှေသမားတွေ တကယ်ဆင်ခြင်ပေးသင့်တာ၊ ကျမတို့ အိမ်ဆို မြုပ်နေတာ ကြာတော့ အိမ်က နိမ့်ကျသွားတာ သိသာတယ်။ ရေလှိုင်းပုတ်တာများလို့ တံခါးတွေလည်း ပျက်တယ်၊ အချင်းချင်းကိုယ်ချင်း စာစိတ်ထားရမှာ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြပြီ။”ဟု အမျိုးသမီး တစ်ဦးက ပြောသည်။
ဆက်လက်ပြီး အင်းလေးဒေသတွင် သဲနုန်းများ ထူထပ်လာခြင်း ကျွန်းမြောပင်များ ပေါများလာခြင်းကြောင့် မိုးအနည်းငယ် ရွာသည်နှင့် ရေများတက်လာကာ သွားရေးလာရေးခက်ခဲနေပြီး ဖောင်တော်ဦး ဘုရားပွဲ နီးလာသည်နှင့် နေအိမ်များ လမ်းများကို သန့်ရှင်းရေးလုပ်၊ ဆေးသုတ်ကြရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။
“အခုတော့ ဘုရားပွဲ မရောက်ခင် သန့်ရှင်းရေးတွေ လုပ်လာကြပြီ။ ကျွန်းမျောတွေလည်း ဆယ်ယူတာတို့ ကန်သန့်ရှင်းရေး လုပ်နေကြပြီ။ ရေကတော့ တစ်လက်မတော့ ကျလာတယ်။ ဘုရားပွဲအတွင်း ရေတက်လာမှာလည်း စိုးရိမ်တယ်။ ညောင်ရွှေမြို့ ဘက် ဘုရားကြွမဲ့ လမ်းက အိမ်တွေကို သန့်ရှင်းရေးလုပ်ပြီး ဆေးသုတ်ထားဖို့ စည်ပင်က လာညွှန်ကြားသွားတယ်။ “ ဟု အသက် ၂၀ ကျော်အရွယ် အင်းလေး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖောင်တော်ဦး ဘုရားသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင် အက်ကွဲ ပျက်စီးသွားပြီး ယနေ့အချိန်ထိ ပြုပြင်နေဆဲဖြစ်ကြောင်းသိရသည်။
ဖော်တော်ဦး ဘုရားပွဲကို လာမည့် စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တပ်မှ လုံခြုံရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။












Leave a Comments