လေကြောင်းဗုံးဒဏ်ကြား အသက်လု ရှင်သန်နေသူများ

ကောင်းကင်ယံမှာ လေယာဉ်ပျံဝဲသံကြားလာတာတဲ့အမျှ မြေပြင်က ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ မသေချာမရေရာဘဲ ဆောက်တည်ရာမဲ့ ပြေးလွှားနေကြပါတယ်။

လေယာဉ်သံနဲ့အတူ ဗုံးကြဲချမှုကလည်း စစ်ကော်မရှင်က ပြုလုပ်လေ့ရှိတော့ လေယာဉ်သံကြားတိုင်း အော်တဲ့သူက အော်၊ ငိုတဲ့သူက ငိုပြီး အသက်ရှင်ဖို့ ဘေးလွတ်ရာသို့ ကိုယ်စီပြေးနေကြတာပါ။

အခုဆိုရင် စစ်ကော်မရှင်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စတဲ့ မြို့ပေါ်တွေကို လေကြောင်းဗုံးကြဲချမှုက နေ့စဉ်ပြုလုပ်လာပါတယ်။

“မြို့ထဲ ဗုံးကြဲခံရရင်တော့ ဘယ်သူမှ မနေရဲတော့ဘူး၊ TNLA ထိန်းချုပ်နယ်မြေက လွှတ်အောင် ထွက်ပြေးကြတာပေါ့။ သီပေါ၊ ကျောက်မဲ အားလုံးနီးပါး ပြေးကြတယ်၊ လေယာဉ်ကလည်း နေ့တိုင်း လာဝဲနေတာလေ” ဟု သီပေါဒေသခံ နန်းခမ်းက စစ်ဘေးရှောင်နေရတဲ့ အတွေ့အကြုံကို ပြောပါတယ်။

TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများဟာ မြို့ပေါ်လူနေရပ်ကွက်များကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်လာတာကြောင့် ဒေသခံများမှာ လေကြောင်းအန္တရာယ် စိုးရိမ်မှု မြင့်တက်လာပြီး ကိုယ့်နေအိမ်ထဲမှာ နေတာတောင်မှ လုံခြုံမှုမရှိတော့ပေ။

အထူးသဖြင့် မြို့ပေါ်မှာ TNLA တပ်ဖွဲ့ဝင်များ ရှိနိုင်တဲ့ နေရာ၊ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးဟောင်းတွေ၊ ပစ်မှတ်ထားခံရနိုင်တယ်လို့ ယူဆရတဲ့ အိမ်ကြီးအိမ်ကောင်းတွေ အနီးမှာ နေထိုင်ကြတဲ့ မြို့နေလူထုဟာ လေကြောင်းပစ်မှတ် ဖြစ်လာမှာကို စိုးရိမ်လို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေတာကြောင့် မြို့လည်း တဖြည်းဖြည်း လူသူကင်းမဲ့လာပါတယ်။

“ပလောင်တွေနဲ့နီးတဲ့ တံတားဘက်တို့၊ သူတို့နေတဲ့ ရုံးနားလေးတို့ အိမ်ကြီးအိမ်ကောင်းတို့ဆို မနေရဲဘူး ထွက်ပြေးကြတယ်။ လေယာဉ်နဲ့ လာပစ်ရင် ကိုယ့်နေရာလည်း မလွတ်နိုင်ဘူးဆိုပြီး ပြေးကြတာ။ ပေါင် ၂၅၀ လောက် လာပစ်သွားရင် ပတ်ပတ်လည်က လူသေနိုင်တယ်”လို့ နန်းခမ်းက လေကြောင်းတိုက်ခိုက်မှုရဲ့ ကြောက်စရာအခြေအနေကို ပြောပါတယ်။

သီပေါမြို့ လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

အဲ့ဒီလို ကိုယ့်အသက် လုံခြုံရေးအတွက် ပြည်သူတွေ ကိုယ့်နေအိမ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပေမယ့် စစ်ဘေးရှောင်တွေကို အရင်က “၁၀၂၇ စစ်ဆင်ရေး” ဖြစ်စတုန်းကလို စနစ်တကျ ကူညီပေးမယ့်သူတွေလည်း မရှိတော့ဘဲ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ဆက်သွယ်ရေးဖုန်းလိုင်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အပြင် လမ်းခရီးတလျှောက် သွားရေးလာရေး ခက်ခဲပြီး အဖွဲ့အစည်းပေါင်းစုံရဲ့ ဂိတ်များစွာဖြင့် စစ်ဆေးခံနေရခြင်းတို့ကြောင့် စစ်ဘေးရှောင်တွေဟာလည်း တကွဲတပြားစီ ဖြစ်နေကြပါတယ်။

“အခု တစ်နေရာထဲ စုနေတာမျိုး မရှိတော့ဘူး၊ အရင်ကလို တာဝန်ယူပြီး ကူညီပေးတဲ့လူလည်း မရှိဘူး။ တစုတဝေးထဲ နေရင်လည်း သတင်းပေးတွေကြောင့် အပေါ်ကနေ လေယာဉ်နဲ့ ဗုံးကြဲခံရမှာလည်း ကြောက်ရတယ်၊ အဲ့တာကြောင့် စစ်ဘေးရှောင်တဲ့နေရာဆို တော်ရုံတန်ရုံ မပြောကြတော့ဘူး။ ငတ်တဲ့လူလည်း ငတ်နဲ့ အားလုံးခက်ခဲနေကြတာ” လို့ စစ်ဘေးရှောင်နေရသူတွေရဲ့ အခက်အခဲကို နန်းခမ်းက အားငယ်စွာ ပြောပါတယ်။

ဒါ့အပြင် သီပေါမြို့ပေါ်မှာ ရှိတဲ့ ဆေးရုံကြီးလည်း ဗုံးကြဲခံရတာကြောင့် ဆေးကုဖို့ နေရာမရှိသလောက် ဖြစ်သွားပြီး ရပ်ကွက်ထဲရှိ ဆေးခန်းများကလည်း စရိတ်ကြီးမားတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း အလွယ်တကူ မရရှိနိုင်တော့ပါဘူး။

အခြားတစ်ဘက်မှာတော့ နန်းခမ်းတို့ မိသားစုလို မြို့ပေါ်ကနေ အားလုံးထွက်ပြေးနိုင်ကြတာတော့ မဟုတ်ဘဲ တောင်ယာလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းလိုမျိုး အသက်မွေးဝမ်းကျောင်းပြုတဲ့ ဒေသခံများလည်း လုပ်ငန်းကို စွန့်ခွာနိုင်ခြင်း မရှိဘဲ မြို့ထဲမှာ အနည်းငယ် ကျန်နေတာ ရှိပါတယ်။

“အိမ်မှာ အဓိက လုပ်ကျွေးနေရတဲ့လူ၊ လယ်ယာလုပ်စားတဲ့လူ၊ မွေးမြူရေး လုပ်နေတဲ့လူဆိုရင် ဘယ်မှ သွားလို့မရဘူးလေ။ မပြေးဘဲ ပေတေနေမယ့် လူလည်း ရှိပါတယ်။ ဝက်မွေးတဲ့လူတွေလည်း မရှောင်နိုင်ဘူးလေ၊ ဝက်ဆယ်ချီ ဘယ်ကို ယူပြေးလို့မှမရတာ။ အဲ့လူတွေကတော့ ကံတရားနဲ့ပဲ နေရတာပေါ့”လို့ ကျောက်မဲမြို့မှာ မွေးမြူရေးလုပ်တဲ့ စိုင်းဖ တစ်ယောက် သူ့အခက်အခဲကို ရင်ဖွင့်ပြောဆိုပါတယ်။

ကျောက်မဲမြို့ လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှု(ဓာတ်ပုံ-ဒေသခံ)

လက်ရှိမှာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးလည်း ပိတ်ထားရတဲ့အပြင် သျှမ်းပြည်မြောက်ပိုင်းကို ကုန်စည်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းအားလုံးကို စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ စားသောက်ကုန်၊ တိရစ္ဆာန်အစာနဲ့ ဘိလပ်မြေ ကဲ့သို့သော အခြေခံလိုအပ်ချက်များ ပြတ်လပ်နေပြီး ဈေးနှုန်းလည်း နှစ်ဆခန့် တက်လာနိုင်တယ်လို့ စိုင်းဖ က ပြောပါတယ်။

တောင်သူများအနေဖြင့်လည်း သီးနှံပေါင်းလိုက်ရမယ့်အချိန် ဖြစ်ခြင်းကြောင့် အခြားနေရာ ထွက်ပြေးတိမ်းရှောင်သွားပါက ၎င်းတို့စိုက်ပျိုးထားတဲ့ သီးနှံရဲ့ ၇၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနိုင်ခြင်းကြောင့် စစ်ကောင်စီနဲ့ TNLA တို့ကို တိုက်ပွဲမဖြစ်စေချင်ဘဲ အမြန်ဆုံး တွေ့ဆုံဆွေးနွေးစေချင်တယ်လို့ စိုင်းဖ ရိုးရှင်းတဲ့ တောင်းဆိုချက်ကို ထုတ်ပြောပါတယ်။

“အဖြစ်ချင်ဆုံးကို ပြောရမယ်ဆို မြို့ခံအနေနဲ့ဆို စစ်ကောင်စီနဲ့ TNLA တိုက်ပွဲမဖြစ်စေချင်ဘူး၊ ဆွေးနွေးစေချင်တယ်။ အဲ့လို မဖြစ်လာနိုင်ရင်တောင် အပစ်ရပ်ရင် ကျေနပ်ပါပြီ။ တကယ်လို့ တိုက်ပွဲသာ ကျောက်မဲ မြန်မြန်ရောက်လာရင် အဆုံးအရှုံး များလိမ့်မယ်၊ လာမယ့် ပွင့်လင်းရာသီ ဆန်ဆီဆား စျေးတက်လိမ့်မယ်”လို့ စိုင်းဖ က စိတ်ပျက်အားငယ်စွာနဲ့ပဲ တောင်းဆိုလိုက်ပါတယ်။

ပုံစာ – ၂၀၂၄ နိုဝင်ဘာလအတွင်း TNLA စစ်သင်တန်းဆင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ – PSLF/TNLA)

စစ်ကော်မရှင် နှင့် TNLA ဆွေးနွေးမှုတိုင်း စိတ်ဒဏ်ရာရနေတဲ့ပြည်သူ

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လ နှစ်လကျော်အတွင်းမှာ စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ၊ သီပေါ၊ နမ္မတူနဲ့ မိုးကုတ်မြို့တွေမှာ လူနေထူထပ်တဲ့ နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် (၁၃) ဦး အပါအဝင် အရပ်သား (၅၆) ဦး သေဆုံးကာ (၁၃၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများက ဩဂုတ်လ (၁၅) ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

အလားတူ ဩဂုတ်လဆန်းပိုင်းက စတင်ပြီး ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့မှာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး(၃) ဦး၊ အမျိုးသမီး (၁၇) ဦးနှင့် သံဃာတော် (၂) ပါး အပါအဝင် အရပ်သား (၃၈) ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၄၂) လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ TNLA ဘက်ကလည်း ထုတ်ပြန်ပါတယ်။

သီပေါမြို့ လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ) 8:05 AM

စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်ရဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေဟာ ဩဂုတ်လ (၂၀) ရက် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံကြမယ့် TNLA နဲ့ ဆွေးနွေးပွဲ မတိုင်မီ အသာစီး ရလိုမှုကြောင့် ပြည်သူလူထုကို ဦးတည်ဗုံးကြဲတဲ့အပြင် စစ်ကောင်စီက TNLA ကို ခြိမ်းခြောက်ဖို့ ကြိုတင်တွက်ဆထားတဲ့ စိတ်ဓာတ်စစ်ဆင်ရေး မဟာဗျူဟာလည်း ပါတယ်လို့ သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောဆိုပါတယ်။

“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဟာ ကူမင်းဆွေးနွေးပွဲ မတိုင်မီ အသာစီးရလိုမှုကြောင့် ပြည်သူလူထုကို ဦးတည်ဗုံးကြဲတာ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက TNLA ကို ခြိမ်းခြောက်ဖို့နဲ့ စိတ်ဓာတ်စစ်ဆင်ရေးလည်း ပါတယ်။ လူထုကို ထိတာကိုတော့ စစ်ကောင်စီ လုံးဝစဉ်းစားတဲ့အထဲမှာ မပါဘူး။ ရန်သူ့နယ်မြေမှာ နေတဲ့ပြည်သူတွေဟာ ရန်သူလို့ပဲ သူတို့က သတ်မှတ်ထားတာပါ၊ ဇော်မင်းထွန်းကလည်း အဲ့ဒီပုံစံအတိုင်း အကြိမ်ကြိမ် ပြောပြီးသားပါ” လို့ စိုင်းဝမ်းစိုင်းက သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်တုန်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ် စစ်ကောင်စီကိုယ်စားလှယ်များဘက်မှ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် (၅)မြို့နယ်ကို လက်လွတ်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်၊ မန်တုံမြို့နယ်အထိ TNLA တပ်ဆုတ်ဖို့ တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရတယ်လို့ TNLA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လထဲမှာတော့ စစ်ကောင်စီတပ်ဟာ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားခဲ့တဲ့ နောင်ချိုမြို့နဲ့ သပိတ်ကျင်းမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါမြို့ကို ဆက်လက်ချီတက်ဖို့ လေကြောင်းမှတဆင့် ဖိအားပေးတိုက်ခိုက်တဲ့အပြင် မြေပြင်စစ်ကြောင်းများနဲ့လည်း ထိုးစစ်ဆင်နေပါတယ်။

အခြားတစ်ဘက်တွင် တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ TNLA ကို ထိန်းချုပ်နယ်မြေများ ပြန်လည်ပေးအပ်ရန် နိုင်ငံရေးနှင့်စစ်ရေးအရ ဖိအားပေးနေသကဲ့သို့ စစ်ကောင်စီအား ခေတ်မီ စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ ထောက်ပံ့ပေးနေကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်ရဲ့ ပူးတွဲကြေညာချက်မှာ ရေးသားထားပါတယ်။

မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး သေဆုံးသွားသူများ( ဒေသခံ)

တစ်ချိန်တည်းမှာပဲ မြန်မာစစ်အာဏာရှင်များရဲ့ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့တဲ့ လုပ်ရပ်များနဲ့ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကြည့်တဲ့ တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုတို့ဟာ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ်တယ်လို့ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော်က ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်မှာ ဩဂုတ်လ ၁၂ ရက်နေ့က ရေးသားဖော်ပြပါတယ်။

“ကူမင်းဆွေးနွေးပွဲကတော့ ပျက်ဖို့ များပါတယ်။ လောလောလတ်လတ် တာဘုန်းကျော် ပြောတာက တရုတ်ကို တကိုယ်ကောင်းဆန်တယ် ဘာညာနဲ့ မီဒီယာမှာ ပြောနေတာကို ကျနော်တို့က တွေ့နေရပါတယ်။ TNLA ခေါင်းဆောင်ပိုင်းရဲ့ တွေးတောဆင်ခြင်မှုကို ရောင်ပြန်ဟပ်တယ်လို့ ပြောရမှာပေါ့”ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက လာမယ့် ကူမင်းဆွေးနွေးပွဲ အခြေအနေကို ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA အကြား တရားဝင်အပစ်ရပ် လက်မှတ်ရေးထိုးထားခဲ့ပေမယ့် ၆ လအကြာ ဇူလိုင် ၃၀ ရက်မှာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်ကြားဝင်စေ့စပ်မှုနဲ့ ခက်ခက်ခဲခဲ ရရှိထားတဲ့ စစ်ပြေငြိမ်းရေးဟာ စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့ပြီလို့ ကိုးကန့်သတင်းကွန်ရက်က ဖော်ပြခဲ့ပါတယ်။

ကွတ်ခိုင်မြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်ထဲ လေကြောင်းတိုက်ခိုက်ခံရမှုမှာ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် အရပ်သား (၆) ဦး သေဆုံးခဲ့ပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် စစ်ပြေငြိမ်းရေး ယုံကြည်မှုကို အပြင်းအထန် ထိခိုက်စေခဲ့ပြီး MNDAA ဘက်မှ ပိုမိုမဆိုးရွားလာစေဖို့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်နေကြောင်း ဆိုပါတယ်။

ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို ပြန်ရုတ်သိမ်းခဲ့ပေမယ့် သျှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားတဲ့ (၁၅) မြို့နယ်ကို အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့ပါတယ်။

စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီး TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်းက ၁၅ မြို့နယ်မှာ လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြထားပေမယ့် အဲ့ဒီမြို့နယ်အားလုံးကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခြေ မရှိဘူးဟု စိုင်းဝမ်းစိုင်းက သုံးသပ်ပါတယ်။

“တစ်ခုဖြစ်နိုင်တာကတော့ TNLA တွေ စိတ်ဓာတ်ကျဆင်းပြီး ရေစီးကမ်းပြို လိုက်ရင်တော့ အချိန်တိုအတွင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် SSPP နယ်မြေကိုတော့ စစ်ကောင်စီက မထိဘဲ ကိုင်တွယ်နိုင်ပြီး KIA နယ်မြေကိုလည်း ထိုနည်း၎င်း မထိဘဲ ထားနိုင်ပါတယ်။ MNDAA ကိုတော့ သိန္နီကနေ ဆုတ်ဖို့ တောင်းထားတာ တရုတ်ရဲ့ အကူအညီနဲ့ လုပ်တာ မအောင်မြင်တာ တွေ့ရတယ်လေ”လို့ စိုင်းဝမ်းစိုင်းက သျှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်လာနိုင်မယ့် ရွေးကောက်ပွဲ အခင်းအကျင်းကို သုံးသပ်ပြောဆိုပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံပြည်သူများကတော့ စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ညီနောင်မဟာမိတ်တပ်ဖွဲ့များ နယ်မြေထိန်းချုပ်နိုင်မှုကြား တရုတ်ရဲ့ နိုင်ငံရေး စစ်ရေး ကစားကွက်တွေနဲ့ ပြိုလဲနေတဲ့ လူမှုစီးပွားဘဝ‌တွေ ကြားထဲ နေ့စဉ်နဲ့အမျှ အသက်ရှင်ရပ်တည်ရေး ရုန်းကန်နေကြရပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း နှစ်ခါပြန်မက အကြိမ်ကြိမ် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်များ၊ နေအိမ်စွန့်ခွာရပြီး အလုပ်အကိုင် ဆုံးရှုံးနေရတဲ့သူတွေနဲ့ ဘယ်မှ မထွက်ပြေးနိုင်ဘဲ ကူကယ်ရာမဲ့ပြီး အသက်အန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေရသူများအတွက် ငြိမ်းချမ်းရေးနဲ့ လေကြောင်းအန္တရာယ် ကင်းဝေးရေးတို့ဟာ အလှမ်းဝေးနေဆဲပါ။

“အဓိကတော့ တိုက်ပွဲပြန်ဖြစ်မှာ အကြောက်ဆုံးပဲ၊ တချို့လည်း ကောလာဟလတွေ ယုံကြတော့ အဲ့တာလည်း အခြေအနေ ပိုဆိုးတာပေါ့။ မှောင်မိုက်တဲ့ နေ့ရက်တွေ ကြိုးစားဖြတ်ကျော်နေရတယ်” ဆိုတဲ့ နန်းမိုခမ်းရဲ့ စကားအတိုင်းပဲ သျှမ်းပြည်မြောက်ပိုင်းနေ ပြည်သူများဟာ မရေရာတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေပါတော့တယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...