နမ့်ခမ်း-မန့်ဝိန်းကြီးကြား စစ်ကောင်စီဗုံးကြဲခြင်းကြောင့် ဒေသခံထိတ်လန့်၊ တရုတ်ဘက်မှ နယ်စပ်အနီး ပစ်ခတ်သတိပေး

မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးမြို့ကြားသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်သည့် မန့်ဝိန်းကြီးမြို့ကြား တောတွင်းတစ်နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

သို့သော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပြည်သူများသည် ပေါက်ကွဲသည့်အသံကျယ်လောင်စွာကြားရသဖြင့် စိုးရိမ်ထိတ်လန့်ပြီး လေကြောင်းဗုံး ပေါက်ကွဲပြီးနောက် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးသံများ ကြားရကြောင်း ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးသည် ၁၃မိုင်ခန့်သာကွာဝေးသည်။

မန့်ဝိန်းကြီးနှင့် နမ့်ခမ်း ကြားစစ်ကောင်စီ ဗုံးကြဲ

“နမ့်ခမ်းနဲ့ အရမ်းနီးလို့ မနေ့ညက ပြည်သူတွေ လန့်နိုးပြီး အထိတ်တလန့် ဖြစ်ကြတာ၊ မြို့ထဲထိ ကြားရတယ်။ မံစီမြို့နယ်ထဲက မန့်ဝိန်းကြီးဘက် ကျတယ်ဆိုပေမယ့် နမ့်ခမ်းနဲ့ အရမ်းနီးတယ်။ နယ်စပ်နဲ့လည်း အရမ်းနီးတော့ တရုတ်ဘက်က မိုးပေါ်ကို မီးစိမ်းနဲ့ထိုးပြီး ကင်းလှည့်နေတာ၊ တရုတ်ဘက် သေနတ်ပစ်ပြီး သတိပေးတဲ့ အသံလည်း ကြားတယ်”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်-မြန်မာ နယ်စပ်အနီး စစ်ကောင်စီတပ်က ညသန်းခေါင်ယံ လူအိပ်မောကျချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာသည် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ် မံစီမြို့နယ်ထဲ ပါဝင်သည့် မန့်ဝိန်းကြီးမြို့အကြားရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တပ်ရင်း (၂၇) အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“နမ့်ခမ်းနဲ့ သိပ်မဝေးဘူး၊ မံစီမြို့နယ်ထဲ ပါတဲ့ မန့်ဝိန်းကြီးဘက် တောထဲမှာ ကချင်တပ်ရဲ့ တပ်ရင်း ၂၇ ဘက်ကို ကြဲသွားတာ။ ပြည်သူလည်း သွားမကြည့်ရဲဘူး၊ ဟိုတုန်နဲ့ ကောင်းခန်ဘက်မှာ ကြဲခံရတယ်ဆိုတာလည်း အတည်ပြုလို့ မရသေးဘူး၊ မနေ့က ညသန်းခေါင် လေယာဉ်လာလို့ လန့်နေတာ”ဟု နမ့်ခမ်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်) ည ၈ နာရီခွဲတွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ (၈) ဦး သေဆုံးကာ (၇) ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ဘက်မှ ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပုံစာ – ဩဂုတ်လ ၉ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်း လေကြောင်းဗုံးကြဲခံရပြီးနောက် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုရင်တစ်ပါးနှင့် အရပ်သား (၄) ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ ပြန်လည်ရရှိရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူနေထူထပ်သည့် မြို့တွင်းနှင့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းကြောင့် (၂)လကျော်အတွင်း စစ်ဘေးရှောင်နှင့် ကလေးငယ် ၁၃ ဦး အပါအဝင် အရပ်သား ၅၆ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၈ ဦး အပါအဝင် ၁၃၆ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်မှ ဩဂုတ်လ ၁၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အခြားတစ်ဖက်တွင် တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ TNLA ထိန်းချုပ်ထားသော ဒေသများကို ပြန်လည်ပေးအပ်ရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးဖိအားပေးမှုအပြင် နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးဖြတ်တောက်မှု နည်းလမ်းများဖြင့် ဆက်တိုက်ဖိအားပေးနေပြီး စစ်ကောင်စီအား ခေတ်မီ စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ ထောက်ပံ့ပေးနေကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်၏ ပူးတွဲကြေညာချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...