သျှမ်းပြည် အရှေ့ပိုင်းသို့သွားရာ ပြည်ထောင်စုလမ်းမကြီးတကြောတွင် လမ်းအခြေအနေ ဆိုးရွားနေသဖြင့် ခရီးသွားများ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။
သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရာ ပြည်ထောင်စုလမ်းမကြီးများသည် မိုးတွင်းကာလ တောင်ပြိုခြင်း၊ လမ်းချော်ခြင်းများ ဆိုးဆိုးရွားရွား လမ်းပျက်စီးနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ကားသမားအချင်းချင်းကြား ကူညီဖြေရှင်းကြရပြီး၊ ခရီးသွားများလည်း အခက်အခဲဖြစ်နေကြောင်း ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မိုးရွာရင် လမ်းကကြမ်း၊ တောင်ကပြို ဆိုရင် လမ်းတွေမှာ အချိန်ကြာတယ်။ လမ်းကတော့ နေရာတိုင်း လိုလိုပဲ ပျက်နေတာ။ ကားကြီးတွေလည်း သွားလာနေကြဆိုတော့ လမ်းကပျက်ပြီး ပြင်လည်း မပြင်ဘူး။ တချို့ နေရာတွေဆို ကိုယ့်ကားသမား အချင်းချင်းပဲ လမ်းကိုရှင်းပြီး အဆင်ပြေအောင် လုပ်ပြီး သွားရတာ”ဟု အသက် ၃၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။
သျှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ရှိ တုံတာမြို့နှင့် ကျိုင်းတုံမြို့နယ်ကြားရှိ စပယ်ရှယ်တောင် နှင့် ကိုးကွေ့တောင် တို့တွင် လမ်းများ ဆိုးဆိုးရွားရွား ပျက်စီးနေသည့်အတွက် ခရီးသွားလာရာတွင် ယခင်ထက် ပိုပြီး အချိန်ကြာမြင့်နေကြောင်းလည်း ၎င်းကားသမားက ဆိုသည်။
“ကားစောစောထွက်ပြီး လမ်းမပျက် မိုးမရွာရင်တော့ တစ်ရက်နဲ့ ရောက်တယ်။ မြေပြိုလို့ လမ်းမရှင်းတာ ကြာရင် တစ်ညလောက် အိပ်ရတာများတယ်၊ အရင်တုန်းက တစ်ရက်နဲ့ ရောက်တဲ့ခရီးက အခုက နှစ်ရက်လောက် မောင်းနေရတာ။ တချို့ညတွေကြတော့ လမ်းတွေမှာ အိပ်ရတော့ ခရီးသည်တွေအတွက်လည်း ခက်ခဲတယ်”ဟု ၎င်းကားသမားက ဆက်ပြောသည်။
လမ်းပျက်စီးမှုကြောင့် ခရီးသွားလာရာတွင် အချိန်လာမြင့်သည့်အပြင် ဖြတ်သန်းသွားလာရသည့် မြို့များတွင် ည ၉ နာရီကျော်လျှင် စစ်ကောင်စီဂိတ်များမှ ကားများကို ဖြတ်သန်းခွင့် မပြုသည့်အတွက် ကားသမားများသည် ကျိုင်းတုံမြို့နယ် ပန်ကြူရွာနှင့် နောင်ချိုရွာတို့တွင် ညအိပ်ရပ်နားရကြောင်း သိရသည်။
ထို့အပြင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဘက်မှ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို စစ်ကောင်စီ၏ သံလွင်မြစ်ကူးတံတား တာကော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးပြီး တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့ အဝင်အထွက်ဂိတ်တို့တွင်လည်း စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။












Leave a Comments