Monday, January 26, 2026

လေကြောင်းနဲ့ အကြမ်းဖက်ဖို့ လှုံဆော်နေတဲ့ စစ်ကောင်စီ ဝါဒဖြန့်မှုများကို စိစစ်ခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ စခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို တွန်းလှန်တဲ့ တိုက်ပွဲတွေကြားမှာ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခံရမှုဟာ တနေ့တခြား ပိုတိုးလာနေပါတယ်။

စစ်အာဏာသိမ်းမှု (၄) နှစ်ကျော် ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီဖက်ကနေ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၇,၀၁၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာပေမဲ့လည်း ဒီလိုတိုက်ခိုက်မှုတွေ အပေါ်မှာ တရားဝင်အသိမှတ်ပြုမှုနဲ့ သေဆုံးသူတွေနဲ့ ပျက်စီးမှုတွေဟာ စစ်ရေးပစ်မှတ်သာ ဖြစ်တယ်ဆိုပြီး ဝါဒဖြန့် ရေးသားထားကြတဲ့ ပို့စ်တွေကတော့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။

တစ်ဖက်မှာလည်း ပြည်သူတွေအပေါ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေကို ဆက်လုပ်ဆောင်ဖို့အတွက် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေကနေ တွင်တွင်ကျယ်ကျယ်နဲ့ လှုံ့ဆော်လျက်ရှိပြီးတော့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့နေရာမှာ ဝါဒဖြန့်ချန်နယ်တွေဟာ ပင်မထောက်တိုင်တစ်ခု အဖြစ် ရှိနေပါတယ်။

ဒီလို လှုံ့ဆော်မှုတွေကို ပြုလုပ်တဲ့နေရာမှာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Telegram ဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေရဲ့ အဓိကအခြေစိုက်ရာလည်း ဖြစ်ပါတယ်။ ဝါဒဖြန့်မှုတွေ၊ အမုန်းစကားတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ နှိုးဆော်ချက်တွေ၊ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးမှုတွေကို ပြုလုပ်ဖို့ အကြောင်းအရာတွေအပါအဝင် ဘာသာရေး၊ လူမျိုးရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေဖြစ်လာဖို့အတွက် ကြမ်းတမ်းရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လှုံဆော်ပြီး ရေးသားနေကြတဲ့ ပို့စ်တွေဟာ Telegram မှာ နေ့စဉ်နဲ့အမျှ တိုးပွားလာနေပါတယ်။

Telegram မှာလည်း လှုံ့ဆော်ပြီး ရေးသားနေကြသလို မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Tik Tok၊ YouTube၊ Facebook နဲ့ Viber တို့လို ဆိုရှယ်မီဒီယာတွေမှာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ တစ်နေ့တစ်ခြား တိုးလာပြီးတော့ ပြည်သူတွေ သတင်းတု သတင်းမှားနဲ့ အမုန်းစကားတွေကို ဖြန့်လျက်ရှိပါတယ်။

Kyaw Swar၊ Ko Thet၊ Han Nyein Oo၊ Snow Queen၊ People Media၊ “မှိုင်းဝေ”၊ ရွှေဘ၊ Min Chit Oo၊ May Yu Htar Nay၊ Truth Media၊ နေပြည်တော်၊ NP News Myanmar စတဲ့ Telegram ချန်နယ်တွေကနေ နေ့စဉ်နဲ့အမျှ သတင်းတု သတင်းမှားတွေ၊ အမုန်းစကားတွေနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ အကြောင်းအရာတွေကို ဖြန့်နေပြီးတော့ ဒီလိုဖြန့်ချိတဲ့အကြောင်းအရာတွေကနေ ပြင်ပမှာလည်း ပြင်းထန်တဲ့ သက်ရောက်မှုတွေကို ဖြစ်ခဲ့တာကို Myanmar Fact Checking Network ရဲ့ လေ့လာစောင့်ကြည့်မှုတွေ အရ တွေ့ရပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေပြင်းထန်ပြီးတော့ တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ ဒေသတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ လှုံ့ဆော်တဲ့ ပိုစ့်တွေ၊ ပြည်သူတွေကို ဖမ်းဆီးဖို့အတွက် လှုံဆော်တဲ့ အကြောင်းအရာတွေကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ ပိုအလေးပြီး ဖြန့်နေတာဟာ ပြည်သူတွေအတွက် လုံခြုံမှုမရှိတဲ့လူမှုဘဝကို တိုးပွားလာစေပါတယ်။

▪️ဝါဒဖြန့်ချန်နယ်တွေရဲ့ သက်ရောက်မှု

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ လေကြောင်းတိုက်ခိုက်ဖို့နဲ့ အကြမ်းဖက်ဖို့တို့အတွက် လှုံ့ဆော်တဲ့ အကြောင်းအရာတွေကို Myanmar Fact Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Akyab Postနဲ့ သျှမ်းသံတော်ဆင့်တို့က ပူးပေါင်းပြီး အသေးစိတ် လေ့လာစောင့်ကြည့်မှုတွေကို လုပ်ခဲ့ပါတယ်။ လေ့လာစောင့်ကြည့်မှုတွေ အရ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်တတ်တဲ့ပို့စ်တွေကို အကျဉ်းချုပ်ဖော်ပြရရင်

🛑 စစ်ရေးပစ်မှတ်ဖြစ်လို့ ဗုံးကြဲဖို့ အလျင်အမြန် လိုအပ်နေတယ်


🛑 PDF တွေရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်လို့ အမြန်ဆုံး ထိထိရောက်ရောက်ကိုင်တွယ်သင့်တယ်


🛑 လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ တည်နေရာစခန်းနဲ့ location တွေကို ဖော်ပြထားတယ် ထိရောက်စွာ ကိုင်တွယ်ပေးပါ


🛑 ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ တော်လှန်ရေးစခန်းတွေရဲ့ စခန်းနဲ့ နေရာတွေကို ရရှိထားတယ် အလျင်အမြန်ဗုံးကြဲပေးပါ။


🛑 မီးတိုက်ပြာချပြီးတော့ မြေပုံကနေ ဖျောက်ပစ်လိုက်ရမဲ့နေရာတွေ ဗုံးကြဲတာမဟုတ်ရင် စစ်ကြောင်းထိုးပေးဖို့ လိုအပ်ပါတယ်။

စတဲ့ ပို့စ်တွေနဲ့ အတူ ဆင်တူရိုးမှားအကြောင်းအရာတွေကို ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ နေ့စဉ်နဲ့အမျှ ထောင်နဲ့ချီပြီးတော့ ပျံ့နှံ့လျက်ရှိတာကို တွေ့ရှိရပါတယ်။

လေ့လာစောင့်ကြည့်မှုတွေအရ ဝါဒဖြန့် ချန်နယ်တွေကနေ နေ့စဉ်ဖြန့်လျက်ရှိတဲ့ အကြောင်းအရာတွေထဲမှာ လေကြောင်းတိုက်ခိုက်ဖို့နဲ့ စစ်ကြောင်းထိုးဖို့အတွက် လှုံံ့ဆော်ရေးသားထားကြတဲ့ အကြောင်းအရာတွေဟာ မြေပြင်မှာလည်း သက်ရောက်မှုရှိခဲ့တာကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စီစစ်နိုင်ခဲ့ပါတယ်။

ထင်ရှားတဲ့ နမူနာတစ်ခုအနေနဲ့ ပြရရင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ အတွင်းမှာ တအောင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့အတွက် ဝါဒဖြန့်ချန်နယ်တွေကနေ ပို့စ်တွေ ဖြန့်ခဲ့ကြပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ဖြန့်ချိမှုတွေ လုပ်ပြီးတဲ့ အတောအတွင်းမှာပဲ စစ်ကောင်စီဖက်ကနေ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကို စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်ကောင်စီချန်နယ်များကနေ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ဖို့ လှုံဆော်ခဲ့တဲ့ ပို့စ်များ

📌 Kyaw Swar – https://archive.ph/NgWTb
📌 Snow Queen – https://archive.ph/sKpPa
📌 Thazin Oo – https://archive.ph/yIIyj

မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သတင်းဌာနများရဲ့ ရေးသားဖော်ပြချက် –
🔗 The Irrawaddy – Burmese – https://t.me/theirrawaddy/45655
🔗 Shwe Phee Myay News Agency – https://t.me/spmnewsagency2019/16041

ဒါ့အပြင် ဝါဒဖြန့်ချန်နယ်တွေဟာ မန္တလေးတိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ဆက်တိုက် လှုံ့ဆော်ခဲ့ပြီးတော့ ဒီလိုလှုံ့ဆော်ဖြန့်ချိမှုတွေရဲ့ နောက်ဆက်တွဲမှာ စစ်ကောင်စီဖက်ကနေ သပိတ်ကျင်းမြို့နယ်တွင်းမှာရှိတဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ နေရာတွေ၊ ဆေးရုံတွေအပါအဝင် စာသင်ကျောင်းတွေနဲ့ အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ဖို့ လှုံဆော်ခဲ့တဲ့ ပို့စ်များ –
📌 နေပြည်တော် – https://archive.ph/fqPVJ
📌 Truth Media – https://archive.ph/EbKA7
📌 နေပြည်တော် – https://archive.ph/EisVE
သပိတ်ကျင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သတင်းဌာနများရဲ့ ရေးသားဖော်ပြချက် –

🔗 DVB – https://burmese.dvb.no/post/701499
🔗 Myanmar Now – https://myanmar-now.org/mm/news/63510/
🔗 BBC Burmese – https://www.bbc.com/burmese/articles/cy48x10n39go


အခြားတစ်ဖက်မှာလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ခင် အချိန်နဲ့ ပြုလုပ်ပြီးတဲ့ အချိန်တွေမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ ပြည်သူတွေမဟုတ်ကြောင်းကို ပုံစံမျိုးစံနဲ့ ရေးသားပြီးတော့ အချင်းချင်း ချိတ်ဆက်ပြီး ဝါဒဖြန့်လေ့ရှိကြပါတယ်။

ထင်ရှားတဲ့ နမူနာတွေကို ပြရရင် အာရက္ခတပ်တော်ထိန်းချုပ်တဲ့ ရခိုင်ဒေသက မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ဖို့နဲ့ အတွက် လှုံ့ဆော်ခဲ့တဲ့ ပိုစ့်တွေမှာ ရခိုင်တွေအားလုံးဟာ အေအေတွေဖြစ်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့လိုအပ်တယ်၊ ပြည်တွင်းမှာရှိတဲ့ ရခိုင်လူမျိုးတွေကို ဖမ်းဆီးဖို့လိုတယ်ဆိုပြီး ရေးသားဖြန့်ဝေခဲ့ကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့သူတွေကိုလည်း အေအေတပ်သားတွေ ဆိုပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ရေးသားဖြန့်ဝေလေ့ရှိပါတယ်။

ရခိုင်ဒေသမှာ လေကြောင်းတိုက်ခိုက်ဖို့နဲ့ ရခိုင်လူမျိူးတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီချန်နယ်တွေကနေ လှုံဆော်ခဲ့တဲ့ ပို့စ်များ –
📌 Kyaw Swar – https://archive.ph/DBmPN
📌 Kyaw Swar – https://archive.ph/WvLzG
📌 ဘညွန့် – https://archive.ph/ZQOZc

ဒီလို စစ်ကောင်စီဖက်ကနေ ရခိုင်လူမျိုးတွေကို အွန်လိုင်းမှာ ခြိမ်းခြောက်မှုနဲ့အတူ ပြင်းထန်တဲ့သက်ရောက်မှုဖြစ်ခဲ့တဲ့ နမူနာရပ်တွေကိုလည်း Akyab Post ဖက်ကနေ သီးခြားလေ့လာပြီး ဖော်ထုတ်ရေးသားနိုင်ခဲ့ပါတယ်။

✅ ရခိုင်လူမျိူးတွေကို ဦးတည်တဲ့ အွန်လိုင်းပေါ်က ပြင်းထန်တဲ့ အမုန်းစကားတွေနဲ့ ဝါဒဖြန့်ချိမှုများ – https://www.facebook.com/share/p/1bYXLvCXwk/

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေရဲ့ အွန်လိုင်း ခြိမ်းခြောက်မှုနဲ့ လှုံ့ဆော်မှုတွေဟာ ချိတ်ဆက်နေတဲ့အပြင် ဝါဒဖြန့်ချန်နယ်တွေရဲ့ အားကောင်းလာမှုဟာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အပေါ်မှာ သက်ရောက်နေတာကြောင့် သတိထားစောင့်ကြည့် နေထိုင်သင့်ပါတယ်။

▪️ဝါဒဖြန့်ချန်နယ်တွေ ဘယ်လိုအလုပ်လုပ်လဲ

သတင်းတုသတင်းမှားတွေ၊ အမုန်းစကားတွေ၊ ဝါဒဖြန့်မှုတွေနဲ့ အချက်အလက်စစ်ဆေးမှုတွေကို ပြုလုပ်နေတဲ့ Akyab Post ဟာ စစ်ကောင်စီချန်နယ်တွေရဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကို သေချာစွာ လေ့လာနိုင်ခဲ့ပါတယ်။


စစ်ကောင်စီဝါဒဖြန့်ချန်နယ်အများစုဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်ပြီး ဝါဒဖြန့်နေတာဟာ သိသာထင်ရှားတဲ့ အချက်အလက်တစ်ခုပါ။ ချန်နယ်တစ်ခုကနေ ပို့်စ်တစ်ခု တင်လိုက်ပြီဆိုတာနဲ့ ဒီပို့စ်ကိုပဲ အခြားချန်နယ်တွေကနေ ထပ်ဆင့်ပြီး ဖြန့်ဝေတာမျိုးတွေ၊ ကူးယူဖော်ပြတာတွေကို အများဆုံးပြုလုပ်တတ်လေ့ရှိကြပါတယ်။ ဒါ့အပြင် ချန်နယ်အသစ်တစ်ခုကို ဖွင့်ပြီဆိုတာနဲ့ အသစ်ချန်နယ်မှာ Subscribers တိုးဖို့အတွက် Invite လုပ်တာတွေကို ချန်နယ်တွေပေါင်းစုံကနေ ဖော်ပြလေ့ရှိကြပါတယ်။

ယခင်က Telegram မှာ စာသားနဲ့ ဗီဒီယိုတွေတွဲပြီးတော့ ပို့စ်တွေတင်လေ့ရှိကြပေမဲ့ အခုနောက်ပိုင်း Tik Tok နဲ့ YouTube တွေမှာ ဗီဒီယိုလုပ်ပြီး ပို့စ်တွေကို အဓိကထားပြီး ဖြန့်လာကြပါတယ်။ ဒါကြောင့် YouTube အပါအဝင် Tik Tok ဆိုရှယ်မီဒီယာတွေမှာလည်း သတင်းတုသတင်းမှားနဲ့ အမုန်းစကားပျံ့နှံ့မှုဟာ ပိုမိုတိုးလာတာကို သတိထားကြဖို့လိုအပ်ပါတယ်။

ဝါဒဖြန့်ချန်နယ်တွေရဲ့ ဩဇာသက်ရောက်မှုတွေနဲ့ လွှမ်းမိုးမှုတွေကို ဖော်ပြနိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ မပြုလုပ်မီအတွင်းမှာ ပို့စ်တင်ပြီး ခြိမ်းခြောက်တာမျိုးတွေကို ပြုလုပ်တာတွေ ရှိပါတယ်။ ဒါ့အပြင် ချန်နယ်တွေရဲ့ Admin အချင်းချင်း ရန်ဖြစ်တဲ့ ပို့စ်လိုမျိုးရေးပြီး Subscribers တွေ ပိုမိုတိုးပွားလာအောင် လုပ်ဆောင်လေ့ရှိကြပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိတဲ့ ချန်နယ်တွေမှာဆိုရင်လည်း တိုင်းရင်းသားတွေရဲ့နာမည်တွေကို အဓိက သုံးလာပြီးတော့ တိုင်းရင်းသားဘာသာစကားတွေနဲ့ပါ ပို့စ်တွေကို ရေးသားပြီး ဖြန့်လာတာတွေ့ရပါတယ်။

ဥပမာအနေနဲ့ ရခိုင်ဒေသကို ဦးတည်ထားပြီး ဝါဒဖြန့်နေတဲ့ ချန်နယ်တွေမှာဆိုရင် ရခိုင်လူမျိုးတွေနဲ့ ရင်းနှီးတဲ့ နာမည်တွေ၊ ရခိုင်ဒေသနာမည်တွေကို အစွဲပြုပြီး ချန်နယ်တွေကို နာမည်ပေးလေ့ ရှိကြပါတယ်။ Western 24 news ချန်နယ်ဟာဆိုရင် ရခိုင်ဒေသရဲ့ Western News ချန်နယ်ရဲ့ နာမည်နဲ့ တူနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် May Yu Htar Nay၊ Dorawaddy ချန်နယ်တွေဟာဆိုရင်လည်း ရခိုင်ဒေသက နာမည်တွေကို အစွဲပြုပြီး ပေးထားတဲ့ နာမည်တွေဖြစ်ပါတယ်။

ဒါ့အပြင် အခြားတိုင်းရင်းသားနာမည်တွေကို သုံးပြီးတော့ ဖွင့်ထားကြတဲ့ ချန်နယ်တွေဖြစ်တဲ့ “စဝ်နန်း ဝတီ မောင်”၊ “ဗန်းမော်သတင်းစုံ”၊ Mawshan Myay Media၊ Gyarr Nuu စတဲ့ ချန်နယ်တွေမှာလည်း တိုင်းရင်းဘာစကားတွေကို သုံးပြီးတော့ ဝါဒဖြန့်လာကြတာတွေရှိပါတယ်။

(စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေရဲ့ ဝါဒဖြန့်ချိရေး ယန္တရားအလုပ်လုပ်ပုံနဲ့ ပတ်သက်၍လည်း အသေးစိတ်ကို Myanmar Fact Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ The Red Flag ကနေ လေ့လာထားတာကိုလည်း အောက်က link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


✅ အွန်လိုင်းပေါ်မှ အကြမ်းဖက်ခြင်း – https://drive.google.com/…/1Hxxzj7Tm4mRNrLj7SsrR9…/view )


အရင်က သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေတင်တဲ့ page တွေ accountတွေကို Facebook ဖက်ကနေ ပိတ်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ဖေ့စဘုတ်ပေါ်မှာ ချန်နယ်တအချို့နဲ့ အကောက်တချို့ကိုလည်း ပြန်တွေ့လာရပါတယ်။

သတင်းတုသတင်းမှား ဖြန့်လေ့ရှိကြတဲ့ သူတွေအများစုဟာ လူတွေအများစု joined ထားကြတဲ့ group တွေကနေ တစ်ဆင့်ခံပြီး share တာတွေအပြင်၊ like followers များတဲ့ page တွေ အောက်မှာ မှတ်ချက်ပေးတာတွေ၊ ယခင်ကနေ ရှိတဲ့ ချန်နယ်ဟောင်းတွေကနေ သူတို့ရဲ့ အကောက်အသစ်၊ ချန်နယ်အသစ်ကို invite လုပ်တာတွေကို တွေ့ရပါတယ်။

ယခင်ကရှိပြီးသား ပုံအဟောင်းတွေနဲ့ အကြောင်းအရာတွေကို ပြန်လည်ရေးသားပြီး ဖြန့်တာတွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ပြီးတော့ ဒီလိုရေးသားခြင်းကပဲ ပဋိပက္ခသစ်တွေ ဖြစ်ပွားလာအောင် မီးမွှေးသလို ဖြစ်နေပါတယ်။

ဝါဒဖြန့်ချန်နယ်တွေရဲ့ နာမည်တွေဟာဆိုရင်လည်း သတင်းဌာနကြီးတွေရဲ့ နာမည်နဲ့ ဆင်တူယိုးမှား ပေးထားကြပြီးတော့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး နားမလည်တဲ့ ပြည်သူတွေကို အဓိဓီကပစ်မှတ်ထားပြီး ဝါဒဖြန့်နေကြတာဖြစ်လို့ ပြည်သူတွေအနေနဲ့ သတ်ိထားပြီး စောင့်ကြည့်ကြဖို့နဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ လိုအပ်ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချိမှုနှင့်ပတ်သက်ပြီးတော့လည်း သတင်းတုသတင်းမှား လေ့လာစောင့်ကြည့် Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းက “စစ်ကောင်စီကတော့ ခေတ်အဆက်ဆက်ကတည်းက (၁) အချက်ကတော့ သတင်းတု၊ သတင်းမှားဖြန့်တွေကို မီဒီယာလိုဟန်ဆောင်ပြီးတော့မှ တန်ပြန်တိုက်ခိုက်နေတာပေါ့။ ခေတ်အဆက်ဆက်ကတည်းက ကျနော်တို့ ကြားဖူးနေတာ မီဒီယာကို မီဒီယာနဲ့ လက်နက်တိုက်မယ်ဆိုတာပေါ့။ နောက်ထပ်တစ်ခုကတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုက လူထုကိုထိတ်လန့်အောင် ခြိမ်းခြောက်တဲ့ သဘောပဲ။ စစ်ကောင်စီက ဗုံးလာကြဲတော့မယ်၊ နယ်မြေရှင်းလင်းရေး လုပ်တော့မယ် စသည့်ဖြင့် ခြိမ်းခြောက်တာနဲ့ လူထုတွေက မနေရဲတော့ဘူး။ လူထုမရှိတော့ တော်လှန်ရေး အင်အားစုတွေကလည်း လူထုဆီက ပံ့ပို့မှုတွေရဖို့ မလွယ်တော့ဘူး။ ဒါကြောင့် စစ်ကောင်စီက ခေတ်အဆက်ဆက်ကတည်းက လူထုကို (သတင်းတု၊ သတင်းမှားဖြန့်) မီဒီယာအနေဖြင့် သော်လည်းကောင်း၊ လက်တွေ့အားဖြင့် သော်လည်းကောင်း လုပ်နေတာပေါ့။ အရင်တုန်းက ဖြတ်လေးဖြတ်တုန်းကလိုမျိုး လူထု အခက်ခဲဖြစ်အောင်လုပ်နေတာ ခေတ်အဆက်ဆက် ကတည်းပဲ။ ဒါက မဆန်းတော့ဘူး။”

▪️ သတိထားစောင့်ကြည့်ပြီး နေထိုင်သင့်


စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ အကြမ်းဖက်ဖို့လှုံဆော်နေမှုတွေဦ အမုန်းစကားများဖြန့်နေမှုတွေနဲ့ လေကြောင်းတိုက်ခိုက်ဖို့ လှုံဆော်မှုတွေအပေါ် စစ်ကောင်စီထိန်းချုပ်နယ်မြေမှာရှိကြတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးလွတ်မြောက်နယ်မြေမှာပါ ရှိကြတဲ့ သူတွေကပါ စိုးရိမ်မှု မြင့်တက်လျက်ရှိကြပြီးတော့ သတိထားပြီး စောင့်ကြည့်သင့်တယ်လို့ Akyab Post မှ မေးမြန်းခဲ့တဲ့သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်တည်းဖြေဆိုကြပါတယ်။

ရန်ကုန်မှာရှိတဲ့ ရခိုင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးက “စစ်ကောင်စီချန်နယ်တွေကနေ အရင်ကထက် ပြည်သူတွေကို ဦးတည်ထားပြီး ဝါဒဖြန့်တာကတော့ လက်ရှိမှာ စစ်ရှုံးနေတာကြောင့်ဖြစ်တယ်။ နပခလိုစစ်ဌာနချုပ်ကျသွားတော့ စစ်တပ်နဲ့ အေအေကြားမှာ တိုက်နေတဲ့ စစ်ပွဲလိုမဟုတ်တော့ပဲ၊ ရခိုင်နဲ့ဗမာတွေကြား လူမျိုးရေးအရ စစ်ပွဲဖြစ်နေတာလို့ အတင်းအဓမ္မပုံဖော်လာတာကို တွေ့ရတယ်။ တစ်ဖက်မှာလည်း ရခိုင်အစားအစာတွေနဲ့ ရခိုင်ဆိုင်၊ ရခိုင်စီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်တာ၊ စာကပ်တာတွေလည်း ရှိတော့ ရခိုင်လူမျိုးတွေအနေနဲ့ ပါးပါးနပ်နပ်နဲ့ သတိထားပြီးနေထိုင်သင့်တယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

Delta News Agency (DNA) ရဲ့ အချက်လက်စစ်ဆေးသူ ခင်ကလည်း “စစ်ကောင်စီရဲ့လော်ဘီချန်နယ်တွေ၊ ဝါဒဖြန့်သူတွေက အခိုင်အမာကို ရုံးနဲ့ ရုံးခန်းနဲ့ကို professional ဆန်ဆန်ကို သတင်းတု၊ သတင်းမှားတွေကိုဖြန့်ကြတာ၊ သူတို့ဝါဒဖြန့်တဲ့ ချန်နယ်တွေမှာဆိုရင် တိုင်းဒေသတွေအလိုက်ဝါဒဖြန့်တာမျိုးရှိတယ်၊ ဘာသာစကားအလိုက် ဝါဒဖြန့်တာမျိုးတွေရှိတယ်၊ ပြီးရင် အဲ့ဒီချန်နယ်တွေနဲ့ စစ်ကောင်စီရဲ့ ရဲစခန်းတွေ၊ စစ်တပ်တွေနဲ့က ချိတ်ဆက်နေတာ၊ “မ..ဘယ်သူက ဘာတွေလုပ်တယ်၊ ဘယ်လိုတော်လှန်ရေးဘက်ကို အားပေးတယ်နေတယ်” ဆိုပြီးသူတို့ကိုသတင်းပေးလာတဲ့ သူတွေရှိရင် သူတို့က ချန်နယ်မှာတင်တယ်၊ ပြီးရင် စက္ကန့်ပိုင်းအတွင်းကိုပဲ တခြားချန်နယ်တွေအကုန်လုံးမှာတပြိုင်နက်ထဲကို ပြန်မျှဝေကြတယ်၊ အချိတ်အဆက်ရှိတဲ့ ရဲစခန်းတွေက အဲ့ဒီအမျိုးသမီးကို သွားဖမ်းကြတယ် ဒီလိုမျိုးသူတို့အလုပ်လုပ်တယ်၊ အဲ့တော့ပြည်သူတွေအနေနဲ့သူတို့ရဲ့ Chennel တွေကိုမဖြစ်မနေ joinရတာမျိုးတွေဖြစ်လာတယ်၊ အဲ့လို Join ရတဲ့အခါမှာလည်း သူတို့ဝါဒဖြန့်သဘောတရားအရ လူ့စိတ်ကပြောင်းလဲတာမျိုးတွေ ဖြစ်လာတယ်။ ဒီမှာ ကျမမှာချင်တာကတော့ ကိုယ်က Facebook သုံးတယ်ဆိုရင် ကိုယ့်Profileကိုလော့ခတ်တာမျိုးနဲ့သုံးပါ။ ဒီဂျစ်တယ်လုံခြုံရေးကိုလည်း အထူးဂရုစိုက်ဖို့လိုတယ်။ ပြီးတော့ သတင်းတွေကိုလည်း ယုံကြည်ရတဲ့ သတင်းဌာနက သတင်းတွေမှာ သွားပြီးဖတ်ပါ၊ သံသယတခုခုရှိနေပြီဆိုရင် သတင်းဌာနတွေမှာ သတင်းအချက်လက် စိစစ်ခိုင်းပါ။ လေကြောင်းနဲ့ပတ်သက်ပြီးဆိုရင် စစ်ကောင်စီလေတပ်က တိုက်လေယာဥ်တွေဘယ်နေရာကနေ ဘယ်နေရာကို ဦးတည်ပျံသန်းတယ်၊ တိုက်ခိုက်တော့မယ်ဆိုတာကို Scoutလုပ်ပေးတဲ့ ချန်နယ်တွေရှိပါတယ်၊ အဲ့ဒီချန်နယ်တွေကို joinပြီးတော့လည်း လေကြောင်းအန္တရာယ်ကို ကာကွယ်လို့ရပါတယ်။” လို့ သူမအမြင်ကိုပြောပါတယ်။

“ဆိုရှယ်မီဒီယာခေတ်မတိုင်ခင်တုန်းကတော့ သူတို့ (စစ်ကောင်စီ) လိမ်ညာသလောက် ပြည်သူတွေက ခံရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ပြည်သူတွေကတော့ လိမ္မာပါးနပ်နေပြီ၊ သူတို့ (စစ်ကောင်စီ) အထာကို သိနေပြီ။ အဓိက စစ်ကောင်စီ ဘာလုပ်မလဲဆိုတာ သိနေပြီ။ ဥပမာ-စစ်လော်ဘီတွေက ဗုံးကြဲဖို့ ဆိုရှယ်မီဒီယာမှာတင်လိုက်တာနဲ့ တစ်ပြိုင်နက် တချို့နေရာတွေမှာ အမှန်တကယ်လည်း ဗုံးကြဲခံရပါတယ်။

အဲ့ဒါတွေက ရှင်းရှင်းပြောရရင် (၁) အချက်ကတော့ လူထုတွေကို ခြိမ်းခြောက်တာ၊ (၂) အချက်ကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မီးစိမ်းပြလိုက်တာ။ ငါတို့က မင်းတို့နဲ့အတူ ရှိနေတယ်ဆိုတဲ့ဟာပေါ့။ ဒါကြောင့်မို့လို့ လူထုကတော့ စစ်ကောင်စီရဲ့ ဒီမီယာနဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို ကင်းပါးနေပြီ။ ထို့အတူပဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း အထာသိနေပြီ၊ ဒါကြောင့်မို့လို့ တချို့တွေကရှောင်နိုင်ကြတယ်၊ တချို့တွေကလည်း ပေါ့ပေါ့ဆဆနေတဲ့သူတွေ ခံရတာရှိတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ လူထုကို ဒုက္ခရောက်အောင် သူ့အာဏာတည်မြဲရေးအတွက် အကုန်လုပ်နေမှာပဲ။” လို့ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းက ဆက်ပြောပါတယ်။

▪️ဆောင်ရန် ရှောင်ရန်

ဆိုရှယ်မီဒီယာထက်မှာ စစ်ကောင်စီချန်နယ်တွေကနေ အကြမ်းဖက်ဖို့ လှုံဆော်နေမှုတွေ အပါအဝင် သတင်းတုသတင်းမှားတွေကို တွေ့တဲ့အခါမှာလည်း ခံစားချက်နောက်ကိုလိုက်ပြီး ပြန်ပြီးတော့ မျှဝေတာတွေ၊ comment ပေးတာမျိုးတွေမလုပ်ဖို့နဲ့ ဒီလိုပို့စ်တွေ တွေ့တဲ့အခါမှာလည်း Hate Speech အောက်မှနေပြီး report ထုတာတွေကို ပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် အွန်လိုင်းမှ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ မြေပြင်ပေါ်မှာရှိတဲ့ လူနေမှုဘဝကို သက်ရောက်နိုင်တာကြောင့် သတိဝီရီယထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။


မိမိတို့ပတ်ဝန်းကျင်မှာလည်း လေကြောင်းသတိပေးချက်တွေ လေကြောင်းအန္တရာယ်ကို လိုက်နာဖို့အတွက် ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။

အမုန်းစကားတွေ၊ ခြိမ်းခြောက်မှုတွေ လုပ်ကြံသတင်းတွေကို တွေ့ရှိတဲ့အခါလည်း SIFT လို့ ခေါ်တဲ့ နည်းလမ်းကို သုံးဖို့ Akyab Post ဖက်ကနေ အကြံပြုလိုပါတယ်။

✅ SIFT နည်းလမ်း အပြည့်အစုံကို ဖတ်ရန် – https://www.facebook.com/share/p/1HCtXudVjX/

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...