သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။
ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န မှ အသက် (၃၀) အရွယ်ခန့် စိုင်းဆမ်းထွန်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အမှုအား ကျန်ရစ်သူမိသားစုနှင့် SSPP/SSA တာဝန်ရှိသူများ တွေ့ဆုံပြီး နစ်နာကြေးအဖြစ် လျော်ကြေးငွေ ပေးအပ်ကာ နှစ်ဘက်ကြေအေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“သိရသလောက်တော့ SSPP ဘက်က ဆုံးသွားတဲ့လူရဲ့ မိသားစုကို နစ်နာကြေး ကျပ်သိန်း ၂၀၀ ကျော်နဲ့ ကြေအေးပေးဖို့ လာပြောရင်း အမှုပြီးသွားတယ်။ သေနတ်ပစ်တဲ့ တပ်ရင်းမှူးကိုတော့ ပြစ်ဒဏ်ပေးမယ်လို့ပဲ ပြောသွားတယ်၊ တခြားမသိရဘူး”ဟု မုံးဟွမ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဇူလိုင်လ (၂၃) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ဒေသခံများ၊ ကျေးရွာလူကြီးများ၊ သေနတ်ပစ်ခံရပြီး ကွယ်လွန်သူ စိုင်းဆမ်းထွန်း၏ ကျန်ရစ်သူ မိသားစုဝင်များကို SSPP/SSA ၏ အမှတ်(၁၅) ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးနယ်မြေ တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး နစ်နာကြေး ကူညီပေးခဲ့ကြောင်း SSPP Info မှ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင် သေနတ်ပစ်ခံရပြီး ကွယ်လွန်သူ စိုင်းဆမ်းထွန်းကို မူးယစ်ဆေးဝါးသုံးစွဲသူ တရားခံအဖြစ် စွပ်စွဲရေးသားထားပြီး သေနတ်ပစ်ခတ်မှု ကျူးလွန်သူ SSPP/SSA ၏ အမှတ်-၁၈၀ တပ်ရင်းမှူးကိုလည်း လုပ်ငန်းတာဝန် ပေါ့ဆမှုကြောင့် ထိုက်သင့်သည့် ပြစ်ဒဏ်နှင့် ထောင်ဒဏ်ချမှတ်ပြီး အများသက်သေ ရှေ့မှောက်တွင် နှစ်ဘက်ပြေလည်စွာ သဘောတူညီမှု ရရှိခဲ့ကြောင်း SSPP ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
“သေနတ်ပစ်ခတ်မှု ကျူးလွန်တဲ့ တပ်ရင်းမှူးကိုတော့ ဖမ်းပြီး အချုပ်ထဲ ထည့်ထားတယ်၊ တရားရုံးက ထောင်ဒဏ် ဘယ်နှနှစ်ချလဲ ဆိုတာတော့ မသိရဘူး။ ဟိုဘက်က ကျန်ခဲ့တဲ့ မိသားစုဝင်ကို SSPP ထဲ တာဝန်ရှိတဲ့လူတွေ ငွေနဲ့ သွားညှိနှိုင်းပြီးတော့ အမှုကြေအေးလိုက်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။
အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် SSPP ၏ ပန်ဆိုင်းမြို့ဘက်မှ တာဝန်ရှိသူ (၃) ဦးသည် ကွတ်ခိုင်မြို့နယ် မန်ဝိန်းကျေးရွာ စာသင်ကျောင်းသို့ လာရောက်၍ သံဃာတော်များ၊ ကျေးရွာလူကြီး၊ ရပ်မိရပ်ဖနှင့် ရွာသားများ စုစုပေါင်း (၂၀၀) ကျော်ကို တွေ့ဆုံရှင်းပြခဲ့သည်။
သို့သော် ဒေသခံများ ကျေနပ်လောက်သည့် ဖြေရှင်းမှု မရရှိခဲ့ဘဲ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် SSPP တပ်ရင်းမှူးကို ဖမ်းဆီးကာ အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုခဲ့သည်။
ထို့နောက် (၃) ရက်အကြာ ဇူလိုင်လ (၂၃) ရက်တွင် SSPP ဘက်မှ တာဝန်ရှိသူများ ထပ်မံလာရောက်ကာ ကျေးရွာတာဝန်ရှိသူများ၊ ကျန်ရစ်သူ မိသားစုဝင် ဆွေမျိုးများနှင့် ဆွေးနွေးညှိနှိုင်းကာ အမှုကို ငွေကြေးဖြင့် နှစ်ဘက်ကြေအေးလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။
ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သူ အသက် (၃၀) အရွယ်ခန့် စိုင်းဆမ်းထွန်းသည် မူးယစ်ဆေးဝါး သုံးစွဲသူ မဟုတ်ဘဲ နွားကျောင်းကာ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်သူဖြစ်ပြီး လက်ရှိတွင် ဇနီးနှင့် သားသမီး (၃) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ပုံစာ – ကွယ်လွန်သူ စိုင်းဆမ်းထွန်း၏ ဇနီးထံ SSPP တာဝန်ရှိသူများမှ နစ်နာကြေး ပေးအပ်စဉ် (ဓာတ်ပုံ – SSPP Info)












Leave a Comments