ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းတောင်းမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၁၅ ရက်) မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ချင်းမိုင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။
အဆိုပါ ချင်းတောင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပင်းချောင်း ရေလျှံပြီး လယ်ယာများ၊ လူနေအိမ်များထဲသို့ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သိရသည်။
ထိုနမ့်ပင်းချောင်းသည် ချင်းမိုင်မြို့ကို ဖြတ်သန်းစီးဆင်းသဖြင့် ရေကြီးရေလျှံမှု ဖြစ်နိုင်ပြီး စိုးရိမ်စရာဖြစ်ကြောင်းနှင့် မြေနိမ့်ပိုင်း နေသူများအနေဖြင့် ရွှေ့ပြောင်းရန်အတွက် ပြင်ဆင်ထားရန်လည်း ချင်းမိုင်ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်ခဲ့သည်၊၊
“Fang မှာ ရေကြီးမှုက နှစ်စဉ်နီးပါး ကြုံနေရတာ၊ ဒီနှစ်က စောတယ်။ လယ်တွေ စိုက်ပျိုးရေးတွေ အားထားတဲ့ နေရာဆိုတော့ စိုက်ပြီး ရေမြှုပ်တာပဲ။ ဒီရေကြီးမှုက နှစ်တိုင်းဖြစ်နေရင် ပြဿနာကြီးတယ်”ဟု Fang မြို့နယ်မှ စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ချင်းမိုင်မြို့တွင်လည်း ရေကြီးမှု ဖြစ်လာနိုင်သည့်အတွက် သတိထားနေထိုင်ရန်နှင့် မိုးအဆက်မပြတ် ရွာသွန်းမှုဖြစ်နေပါက မြေနိမ့်ပိုင်းနေသူများအနေဖြင့် ပြောင်းရွှေ့ကြရန်လည်း ချင်းမိုင်အခြေစိုက် ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။
“ချင်းမိုင်ရေကြီးတာ မနှစ်ကလည်း ကြုံထားရတော့၊ မိုးရွာတာနဲ့ စိတ်ပူတယ်။ ရေကြီးရင်တော့ ပြောင်းရရွှေ့ရ လုပ်ရတာကလည်း မလွယ်ဘူး” ဟု ချင်းမိုင်မြို့ရောက် မြန်မာ ရွှေ့ပြောင်းလုပ်သမားတစ်ဉီးက ပြောသည်။
ချင်းမိုင်ခရိုင်အတွင်းရှိ ချင်းတောင်း-မယ်အိုင်း-ချိုင်းပရာကန်-မယ်တဲန်-ဝိန်းဟျန်-ဖရောင့်ဝ် လမ်းမကြီးတလျှောက် တောင်ကျရေကြောင့် မြေပြိုမှုများကို ဇူလိုင်လ ၁၆-၁၇ ရက်တို့တွင် တာဝန်ရှိသူများမှ စစ်ဆေးပြီး ပြုပြင်မှုများ လုပ်ဆောင်ရန် လမ်းပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။












Leave a Comments