Monday, January 26, 2026

“TNLA ထိန်းချုပ်နယ်မြေမှာ အုပ်ချုပ်လို့မရအောင် စစ်ကောင်စီက ဗုံးကြဲနေတာ”

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ထိန်းချုပ်သည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲမှု ရှိသကဲ့သို့ မြေပြင်ထိုးစစ်ဆင်မှုလည်း ပြင်းထန်နေသည်။ အလားတူ TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့အတွင်းကိုလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ဆက်တိုက် ပြုလုပ် နေသည်။

စစ်ကောင်စီတပ်က TNLA ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းဗုံးကြဲမှု၊ မြေပြင်ထိုးစစ်ဆင်မှု အပြင်းအထန် ပြုလုပ်နေသည့်အတွက် ညီနောင်မဟာမိတ်များမှ တစ်ဖက်သတ် အပစ်ရပ်စဲရေးကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က ပြောဆိုခဲ့သည်။

အခြားတစ်ဘက်တွင်လည်း “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း TNLA တပ်ဖွဲ့သည် မြေပြင်တွင် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ပြီး၊ မြောက်ပိုင်း အင်အားကြီး မဟာမိတ်အဖွဲ့များဟု လူသိများသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တပ်ဖွဲ့များနှင့်လည်း နယ်မြေစိုးမိုးမှုပြဿနာနှင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသည်။

လက်ရှိ TNLA တပ်ဖွဲ့ဝင်များ အခြေအနေ၊ TNLA သွားနေသည့် လမ်းစဉ်အတိုင်း ဆက်သွားနေမည်ဆိုလျှင် မည်ကဲ့သို့ အခက်အခဲကြုံတွေ့နိုင်လဲ၊ TNLA အနေဖြင့် မြေပြင်တွင် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား မည်သို့ ပူးပေါင်းဆောင်ရွက်သင့်လဲ စသည့်ကိစ္စများနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန် က သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းကို ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ လာမယ့် ဩဂုတ်လထဲမှာ စစ်ကောင်စီနဲ့ TNLA တို့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမယ့်ရက် မတိုင်ခင်မှာ စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လေကြောင်းနဲ့တိုက်ခိုက်တာ၊ နောင်ချိုမြို့နယ်မှာ အပြင်းအထန် မြေပြင်ထိုးစစ်ဆင်နေတာဟာ ဘာကြောင့်လဲလို့ ထင်မြင်မိပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီက TNLA နဲ့ ပတ်သက်ပြီး နောင်ချိုကို အဓိကထိုးစစ်ဆင်နေတာဟာ ပြင်ဦးလွင်မြို့ (မေမြို့)ကို ကာကွယ်ချင်တာရယ်၊ မန္တလေးအထိ မဆင်းနိုင်ဖို့ရယ်ပေါ့။ နောက်ပြီးတော့ သူတို့ရည်မှန်းထားတဲ့ ရွေးကောက်ပွဲကို ပိုပြီးအင်အားဖြည့်တင်းဖို့၊ ပိုပြီးနေရာ ကျယ်ကျယ်မှာ လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ တိုက်နေတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်။

စစ်ကောင်စီ ဗုံးကြဲတဲ့ကိစ္စကတော့ သူ့ရည်ရွယ်ချက် အင်မတန် ရိုးရှင်းပါတယ်။ လူနေရပ်ကွက်တွေကိုလည်း မရှောင်၊ စစ်ရေးနဲ့ပတ်သက်နေတဲ့ နယ်မြေတွေကို ဗုံးကြဲနေတာက ဖိအားပေးတာပေါ့။ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေကို အုပ်ချုပ်လို့ မရအောင် ဗုံးကြဲတာပေါ့။

အဲ့လို ဗုံးကြဲတဲ့အခါမှာ လူတွေက ထွက်ပြေး၊ လူတွေက ထွက်ပြေးရင် နောက်ပိုင်းသူမှာ အုပ်ချုပ်ရမယ့်သူ မရှိတော့ဘူး။ TNLA အနေနဲ့လည်း ဘယ်လိုစားမလဲ ဘယ်လိုသောက်မလဲပေါ့နော်။ တစ်နည်းအားဖြင့် ဖြတ် ၄ ဖြတ်ထဲမှာ အကျုံးဝင်တဲ့ နည်းတစ်ခုလို့ပြောရမှာပေါ့။

အဲ့ဒါကြောင့် သူ (စစ်ကောင်စီ) ဗုံးကြဲတာကတော့ TNLA ပြန်ဆုတ်ဖို့အတွက် တစ်နည်းအားဖြင့် ဖိအားပေးတာ ဖြစ်နိုင်တယ်။ MNDAA က လားရှိုးကို မပေးခင်တုန်းက လုပ်တဲ့ ပုံစံအတိုင်းပဲ သူကလုပ်တာ။ အရင်တုန်းကလည်း လားရှိုးကို ဗုံးတွေကြဲ၊ နောက်ပြီး တရုတ်ကို ပြောပြီး ဖိအားပေး၊ နောက်ဆုံးတော့ လားရှိုးကနေ MNDAA က ဆုတ်ပေးလိုက်ရတာ။

အဲ့တော့ ဗုံးကြဲတဲ့ကိစ္စကတော့ လူထုတွေသေမှာ ပျောက်မှာကို သူက လုံးဝကြောက်နေတာလည်း မဟုတ်ဘူး၊ ဂရုလည်းမစိုက်ဘူး။ ဆိုတော့ ရှိတဲ့အင်အားတစ်ခုနဲ့ ရှိတဲ့လေယာဉ်ပျံနဲ့ ဗုံးကြဲပြီး ဆက်ပြီးလုပ်နေမယ်လို့ပဲ ကျနော်တော့ ထင်တယ်။

မေး ။ ။ လက်ရှိ TNLA ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာက ဩဂုတ်လထဲမှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တွေ့ဆုံဖို့ရှိနေတဲ့ ကိစ္စနဲ့ကော ဆက်စပ်နေမလား။

ဖြေ ။ ။ ကျနော်ထင်တာတော့ ဆက်စပ်တယ်၊ ဘာလို့ ဆက်စပ်နေလဲဆိုရင် စစ်ကောင်စီ ရည်ရွယ်ထားတဲ့ ဒီနှစ်ကုန်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲပေါ့။ အဲ့ဒီ ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက်ကလည်း တရုတ်က ပြတ်ပြတ်သားသား ထောက်ခံတယ် ဆိုပြီးတော့ သူက ပြောထားပြီးသား။ စစ်ကောင်စီလုပ်တဲ့ ကိစ္စတွေကို တရုတ်က ပါးစပ်ကနေ ထုတ်မပြောပေမယ့်လည်း သူက ထောက်ခံတယ်။

TNLA ကို သိမ်းထားတဲ့ နယ်မြေတွေကနေ ဆုတ်ဖို့၊ နောက်ပြီး တရုတ်က ဖိအားပေးတဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာဖို့ပေါ့ ။ တရုတ်ကလည်း လုပ်နိုင်တဲ့ဘက်ကနေ ပိတ်နိုင်တဲ့ နယ်စပ်အပေါက်တွေ ပိတ်ပြီး ဖြတ် ၄ ဖြတ်တွေလုပ် ဆိုတော့ TNLA အနေနဲ့ စားနပ်ရိက္ခာ၊ လက်နက်ဖြည့်တင်းရေးတွေမှာ အခက်အခဲတွေ ရှိလည်းရှိလာနိုင်တယ် ရှိလည်းရှိနေနိုင်တယ်။

တစ်ဖက်မှာလည်း တရုတ်က “ဝ”ကို TNLA ကို ကျည်ဆံမပေးနဲ့ဆိုပြီး ပြောလိုက်သေးတယ်၊ အဲ့တော့ TNLA က ဘယ်လိုလုပ်ပြီး ဆက်တိုက်မလဲ။ ကျနော်ထင်တာကတော့ TNLA ကို ဖိအားပေး၊ သူသိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ပြန်ဆုတ်ဖို့ တရုတ်နဲ့ စစ်ကောင်စီ ပေါင်းပြီး ဖိညှပ်နေတယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ကောင်စီ နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးပွဲမှာ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာသွားဖို့ပြောခဲ့တာကြောင့် မအောင်မြင်ခဲ့ဘူး။ TNLA အနေနဲ့လည်း သူတို့ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေကနေ တပ်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ဒါကြောင့် အခုတခါ ဩဂုတ်လထဲမှာ ထပ်တွေ့ဆုံမယ်ဆိုရင်ကော ဘယ်လိုရလဒ်မျိုး ထွက်လာနိုင်မလဲ။

ဖြေ ။ ။ သူက နှစ်ခု သုံးသပ်လို့ရတာပေါ့၊ တစ်ခုကတော့ TNLA က တစ်ဖြည်းဖြည်းနဲ့ စစ်ရေးအရ ရှုံးနိမ့်သွားပြီး လုံးပါးပါးသွားပြီး၊ TNLA ကိုယ်တိုင်တောင် ဘဝပျက်သွားနိုင်တဲ့ အခြေအနေမျိုး ရှိတယ်လို့ သူတွက်ဆမိတယ်ဆိုရင် သူက အလျော့ပေးမှာပေါ့။ တကယ်လို့ သူက အဲဒါကို တောင့်ခံနိုင်မယ်၊ သူတောင့်ခံတဲ့ နည်းကလည်း အခုမြေပြန့်မှာရှိတဲ့ PDF တို့ တစ်ခြား မဟာမိတ်တွေ သူအားကိုးလို့ ရမလားဆိုတဲ့ပေါ်မှာ မူတည်တာပေါ့နော်။

အခုတော့ သူအားကိုးလို့ရတယ်လို့ ကျနော်တို့ ထင်ထင်ပေါ်ပေါ်မြင်နေရတဲ့ Secondary သတင်းတွေ အရဆိုရင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ဓနုတပ်တစ်ခုထဲကိုပဲ ကျနော်တို့ တွေ့နေတယ်။ အခု မန္တလေး PDF ကလည်း “ကျနော်တို့ ကူပေးရမလား”ဆိုပြီး ပြောတော့လည်း “မကူနဲ့”ဆိုတဲ့ သတင်းကလည်း ထွက်တယ်။ အဲ့ဒါ တကယ်ဟုတ်လား၊ မဟုတ်လားတော့ ကျနော်မသိဘူး။ ဒါပေမယ့် မန္တလေး-PDF ကလည်း သူတို့နဲ့အတူ တိုက်နေလား မတိုက်နေဘူးလား ဆိုတာလည်း ကျနော်တို့ ရှင်းရှင်းလင်းလင်းမသိရဘူး။

TNLA က အရင်တုန်းက ရခဲ့ဖူးတဲ့ ပြည်မက PDF တွေ၊ Local PDF တွေရဲ့ ထောက်ခံမှုကို မရတော့ဘူးလို့ ကျနော်တို့ တွက်ဆလို့ ရတာပေါ့နော်။ တစ်ဖက်မှာလည်း NUG ကတော့ TNLA ကို ကျနော်တို့ လက်ခံတယ် ကြိုဆိုတယ်၊ TNLA ထုတ်တဲ့ ဖွဲ့စည်းမှုတွေ ဘာတွေညာတွေကိုလည်း ထောက်ခံတယ်လို့ ပြောတာပေါ့။ တစ်ကယ်တမ်း လက်တွေ့ကျကျမှာ TNLA ဘက်က နေပြီးတော့ ဘယ်လောက်အတူတူ တိုက်နိုင်မလဲဆိုတာကို သာဓက ကျနော်တို့မမြင်ရသေးဘူး။

ဆိုတော့ TNLA က သူအားကိုးနေတဲ့ မဟာမိတ်တွေကလည်း သူ့ဘက်ကနေပြီးတော့ ဝင်တိုက်ပေးမယ်ဆိုရင် သူလည်းအာခံပြီးတော့ တရုတ်နဲ့ စစ်ကောင်စီတောင်းတဲ့ ရာဇသံတွေ လိုအပ်ချက်တွေကို သူက ငြင်းမှာပေါ့။ ငြင်းမယ်ဆိုရင်တော့ သူတို့ဆွေးနွေးပွဲကတော့ မအောင်မြင်နိုင်ဘူးပေါ့။

နံပါတ် ၂ ကတော့ အပေါ်မှာပြောသလိုပေါ့ ။ တကယ်လို့ တော်လှန်ရေးအင်အားစုတွေက သူ့ကို ကူညီမယ်လို့ မျှော်လင့်ချက် မရှိရင်တော့ သူက အပေးအယူ လုပ်မှာပဲ။ သူအပေးအယူ မလုပ်ရင်တော့ သူမိုက်တာပေါ့။ တအာင်း(ပလောင်) လူဦးရေက ၃သိန်းကျော် ၄ သိန်းလောက်ပဲ ရှိတာကိုး။ သုံးလေးသိန်းလောက်ကို သူက အကုန်လုံး ဖြုန်းတီးပစ်မှာလား၊ ဖြုန်းတီးပစ်ရင်လည်း တအာင်းလူမျိုးတွေက ပျောက်သွားမှာပေါ့။ အဲ့လောက်ထိတော့ သူတို့မိုက်မယ်လို့တော့ ကျနော်မထင်ဘူးလေ။

မေး ။ ။ တကယ်လို့ အပေးအယူလုပ်ခဲ့ရင်တောင်မှ ဘယ်လိုအပေးအယူမျိုး ဖြစ်မယ်လို့ထင်လဲ။ ဘာလို့လဲဆိုရင် စစ်ကောင်စီက TNLA ကို သိမ်းထားနိုင်တဲ့ နယ်မြေတွေကနေ အားလုံးဆုတ်ခွာဖို့ ပြောထားတယ်။ ဒါကြောင့် အပေးအယူ လုပ်မယ်ဆိုရင်တော့ ဘယ်လောက်အတိုင်းအတာထိ လုပ်နိုင်မယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီရဲ့ ရပ်တည်မှုကတော့ နဂိုကတည်းက ပြောပြီးသား။ သူတို့ကို သတ်မှတ်ပေးထားတဲ့ Self-Administration Zone (ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ကို ပြန်ပြီးသွားဖို့ TNLA ပြန်ဆုတ်သွားဖို့ကို သူက အတိအကျ ပြောထားတာ။ ဆိုတော့ နယ်မြေတချို့တစ်ဝက်တွေကို ပေးပြီးတော့ အပေးအယူ လုပ်မယ်လို့တော့ ကျနော်မထင်ဘူး။ MNDAA ကိုလုပ်နေတဲ့ လုပ်ထုံးအတိုင်းပဲ သူလုပ်မှာ။

အခုလည်း နောက်ဆုံးထွက်နေတဲ့ သတင်းက MNDAA ကို အခုသိမ်းထားတဲ့ သိန္နီကနေ ပြန်ဆုတ်ဖို့ တရုတ်က ဖိအားပေးနေတယ်ဆိုတဲ့ သတင်းကလည်း ထွက်နေတယ်။ အဓိပ္ပါယ်ကတော့ သူတို့နေရင်းနေရာကို အကုန်ပြန်ဆုတ်ဖို့အတွက် စစ်ကောင်စီရော၊ တရုတ်ရော အာသီသ ရှိတယ် ဖိအားလည်း ပေးနေတယ်။ ဆိုတော့ တရုတ် နဲ့ စစ်ကောင်စီတို့ရဲ့ တောင်းဆိုချက်အရ ထွက်လာနိုင်တဲ့ အဖြေကတော့ သူတို့ရဲ့ ပင်ကိုယ်နယ်မြေတွေအထိ ပြန်ဆုတ်ပေးပြီး သိမ်းထားတဲ့နယ်မြေကို ပြန်ပေးဖို့ပေါ့။ အဲ့လိုအပေးအယူမျိုးပဲ ရှိမယ်လို့တော့ ကျနော်တော့ ထင်ပါတယ်။

မေး ။ ။ နောက်တစ်ခုကတော့ TNLA က မြေပြင်မှာရှိနေတဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့လည်း ထိတွေ့မှုတွေ ရှိနေတယ်။ စစ်ကောင်စီနဲ့လည်း တိုက်ပွဲဖြစ်နေတယ်၊ တရုတ်ရဲ့ဖိအားကိုလည်း ခံနေရတယ်။ ဆိုတော့ သူရဲ့ အခန်းကဏ္ဍအနေနဲ့ ဒီလိုအခက်အခဲတွေကြားမှာ တစ်နည်းနည်းနဲ့မလျော့ဘူး၊ ဆက်ပြီး တောင့်ခံနေမယ်ဆိုရင် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံလာနိုင်မလဲ။ ဘယ်လိုအကြံပြုစကား ပြောချင်ပါသလဲ။

ဖြေ ။ ။ နံပါတ်တစ် အချက်အနေနဲ့ ကျနော်ပြောချင်တာကတော့ TNLA ခေါင်းဆောင်တွေက ကျဉ်းမြောင်းနေတဲ့ လူမျိုးရေးဝါဒကို အသုံးမပြုဘဲနဲ့ အတူတူ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ သျှမ်းပြည်အတွင်းမှာရှိတဲ့ လူမျိုးတွေနဲ့ အားလုံး သဟဇာတ ဖြစ်အောင်နေဖို့ စဉ်းစားဖို့အတွက် ကျနော်က အဲ့တာ အကြံပြုချင်တယ်။

နံပါတ်နှစ် အချက်အနေနဲ့ နယ်မြေတွေကို သိမ်းပြီးတော့ တအာင်းတွေ ၁၀ ရာခိုင်နှုန်းရှိတဲ့ နေရာကို တအာင်းပြည်နယ်လို့ ထည့်ပြီး အုပ်ချုပ်ချင်တယ်။ အဲဒီလို သူလုပ်ရင် သျှမ်းလူထု၊ သျှမ်းလက်နက်ကိုင်တွေနဲ့လည်း ပွတ်တိုက်မှုကတော့ ရှိနေမှာပဲ။ ထိုနည်းတူပဲ ကချင်တွေ နေနေတဲ့ Kachin Sub State ဆိုတဲ့ နမ့်ဖတ်ကာတို့ နေရာတွေမှာလည်း ကချင်တွေကို အတင်းသွား တွန်းထုတ်နေတဲ့ ပုံစံမျိုးလုပ်နေတယ်။ အဲ့ဒါလည်း သူက ထိတွေ့မှုတွေက ရှိနေဦးမှာ။

ဆိုတော့ သျှမ်းပြည်တွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့လည်း ပဋိပက္ခတွေဖြစ်နေတယ်။ တစ်ချိန်ထဲမှာပဲ သူနဲ့အရင်တုန်းက အတူတူ “၁၀၂၇ စစ်ဆင်ရေး” မှာ တွဲတိုက်ခဲ့တဲ့ PDF တို့ တစ်ခြားတပ်ပေါင်းစုတို့ သူတို့နဲ့ပေါင်းနေတဲ့ အဖွဲ့အစည်းတွေကိုလည်း ဆက်ဆံရေးက မကောင်းဘူး။ ပြီးတော့ သူက ဘေးကြပ်နံကြပ် ဖြစ်နေတယ်။

အဲ့တာကြောင့် သူတို့ရဲ့ အတွေးအခေါ်တွေ ပြောင်းဖို့လိုတယ်။ သူပြောင်းမှာသာလျှင် စိတ်ထား ကျယ်ကျယ်ပြန့်ပြန့် ထားပြီ အတူငြိမ်းချမ်းစွာ နေထိုင်ရေးမူကို သူလက်ခံနိုင်တယ်၊ နောက်ပြီး ကွဲပြားခြားနားမှုမှ စည်းလုံးညီညွတ်ရေးဆိုတဲ့ အဆိုကို လက်ကိုင်ထားနိုင်မယ် ဆိုရင်တော့ သူသွားနိုင်မယ့် လမ်းကြောင်းကတော့ ဒီထက်ပိုပြီး ဖြောင့်ဖြူးမယ်လို့ ကျနော်ထင်တယ်။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ကျရှုံးခန်းကို သူကိုယ်တိုင်တွန်းပို့နေတဲ့ အခြေအနေကို ရောက်သွားနိုင်တယ်။

မေး ။ ။ အခု TNLA သွားနေတဲ့ ပုံစံအတိုင်းဆိုရင် သူ့ရဲ့အခက်အခဲတွေကို သူကျော်လွှားသွားနိုင်မယ်လို့ ထင်မြင်မိပါသလား။

ဖြေ ။ ။ လက်ရှိသွားနေတဲ့ ပုံစံအတိုင်း သူကလုံးဝမလျော့ဘူးဆိုရင်တော့ သူ့အတွက် ရှေ့အလားအလာက မကောင်းဘူး။ တကယ်လို့ ပါးစပ်ကနေ ကျနော်တို့ လုံးဝမလျော့ဘူးလို့ ပြောပြီး တစ်ဘက်က အပေးအယူ လုပ်တာမျိုးလည်း သူက ဖြစ်နိုင်တာပေါ့နော်။ TNLA ခေါင်းဆောင်တွေ စဉ်းစားရမှာပေါ့။ သူတို့ရဲ့ လူမျိုးရပ်တည်ဖို့၊ ခိုင်ခံ့ဖို့ ရှိနေတဲ့ လူသားအရင်းအမြစ်ကို မဖြုန်းတီးဖို့ သူကလိုအပ်တယ်။

အခု သူလုပ်နေတဲ့ပုံက တအာင်းတွေရဲ့ လူသားအရင်းအမြစ်ကို ဖြုန်းတီးနေတာ။ ဖြုန်းတီးနေတယ် ဆိုရင်တော့ အန္တရာယ်များတဲ့ လမ်းကြောင်းကြီးကို သူသွားနေတာ။ ဆိုတော့ အဲ့တာကို သူတို့အနေနဲ့ ပြင်ဖို့လိုတယ်လို့ ကျနော်ကတော့ ထင်တာပေါ့။ အကြံလည်း ပေးချင်တာပေါ့။
မေး ။ ။ နောက်ဆုံးအနေနဲ့ မမေးမိတဲ့အထဲကနေ ထပ်ပြီးဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ဖြေ ။ ။ ကျနော်ကတော့ ပြောချင်တာကတော့ ယေဘုယျအားဖြင့်တော့ TNLA ကိုပဲ မဆိုလိုချင်ပါဘူး။ ကျနော်တို့ သျှမ်းပြည်တစ်ခွင်လုံးမှာ ရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အကုန်လုံး စည်းစည်းလုံးလုံး တစ်ယောက်နဲ့တစ်ယောက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး ကျနော်တို့ ဘုံ Identity တစ်ခုကို ကျနော်တို့လက်ခံဖို့ပေါ့။

အဲ့ဒီလို လုပ်နိုင်မှသာလျှင် Federated Shan States ပုံစံမျိုးပေါ့။ ၁၉၂၂ ခုနှစ်တုန်းက ရှိခဲ့တဲ့ ပုံစံမျိုး ၊ ဒီမိုကရေစီတို့ လွတ်လပ်ခွင့်တွေနဲ့ ပေါင်းစည်းပြီး လုပ်ရင်တော့ ကျနော်တို့ သျှမ်းပြည်မှာ အတူတူ မနေနိုင်စရာ အကြောင်းမရှိဘူး။ အခုက အချင်းချင်း တိုက်နေတာဆိုတော့ သျှမ်းပြည်တစ်ပြည်လုံးရဲ့ ကံကြမ္မာက အင်မတန်ဆိုးရွားတဲ့ ကံကြမ္မာထဲ ရောက်နေတယ်။ အဲ့ဒါကြောင့် လက်နက်ကိုင်ထားတဲ့အဖွဲ့တွေ နစ်နစ်ကာကာ စဉ်းစားဖို့လိုတယ်လို့ ကျနော်က တိုက်တွန်းချင်ပါတယ်။

မေး ။ ။ လက်နက်ကိုင်တွေ အဖွဲ့အစည်းများလာတာ၊ တိုက်ပွဲတွေ ဖြစ်လာတာဟာ အဓိကနစ်နာဆုံးရှုံးမှုတွေ ခံရတာတော့ ပြည်သူတွေဖြစ်နေတယ်။ ဆိုတော့ အခုလို လက်နက်ကိုင်တပ်တွေ များလာတဲ့အပေါ် ဘယ်လို ထိခိုက်နစ်နာမှုတွေ ထပ်ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အခုပြောနေတဲ့ လက်နက်ကိုင်အင်အားစုတွေက သျှမ်းပြည်အတွက်၊ ပြည်ထောင်စုအတွက် တိုက်နေတယ်လို့ ပြောနေပေမဲ့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေက တခါတလေတော့ စစ်ကောင်စီတပ်နဲ့ ထူးမခြားနားတာ တွေ့ရတယ်။ သူက အခွန်လည်းကောက်တယ်။ စစ်သားလည်းကောက်တယ်။ ဆိုတော့ ဒီကုန်ထုတ်လုပ်မှု စွမ်းအားကလည်း စစ်သားကောက်တဲ့အတွက်ကြောင့်မလို့ အိမ်ထောင်တွေမှာ လယ်ယာလုပ်ငန်းတွေကို လုပ်နေကြရတဲ့အတွက်ကြောင့်မလို့ အဲဒီနေရာတွေမှာလည်း ထုတ်လုပ်နိုင်မှု ကျဆင်းတယ်။

ဒီကြားထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ကောက်နေတဲ့အခွန်တို့ တခြားသူတို့ တောင်းဆိုနေတဲ့ဟာတွေကို ဖြည့်ဆည်းပေးနေတာနဲ့ သူတို့ဝမ်းအတွက် ရှာမစားနိုင်တော့တဲ့ အနေအထား ဖြစ်နေတယ်။ အဲ့ဒါတွေကို လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ လူထုတွေကို ဖိနှိပ်နေတဲ့အချက်ကို စဉ်းစားဖို့လိုနေတယ်။ လောလောဆယ် စားဝတ်နေရေးတွေကတော့ အဆင်ပြေမနေဘူး။ နောက်ပြီး နေမှုထိုင်မှုကလည်း အမြဲတမ်းခြိမ်းခြောက်၊ အဲ့လို အခြေအနေမျိုး ကနေ လွတ်မြောက်အောင် သျှမ်းပြည်လူထုတွေအပေါ်မှာ ဘယ်လိုမျိုး ပံ့ပိုးပေးနိုင်မလဲဆိုတာကို သူတို့အနေနဲ့ နစ်နစ်ကာကာ စဉ်းစားရမယ့် အချက်ဖြစ်နေတယ်။

မေး ။ ။ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကျေးဇူးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...