Tuesday, January 27, 2026

“TNLA ကျောက်မဲမြို့ပေါ်မှာ လာပြီး ခိုလှုံမယ်လို့ ယူဆမိတဲ့အတွက်ကြောင့် ဗုံးလာကြဲတယ်လို့ ယူဆမိတယ်”

စစ်ကောင်စီသည် နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဇွန်လနောက်ဆုံးပတ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဇွန်လ (၂၉) တစ်ရက်တည်းတွင် လေကြောင်းဗုံး (၈) လုံးဖြင့် နှစ်ကြိမ်တိုင် မြို့ပေါ်လူနေရပ်ကွက်အတွင်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ကျောက်မဲမြို့ပေါ်မှ အရပ်သား(၅) ဦး သေဆုံး၍ ကလေးငယ် (၂) ဦး အပါအဝင် စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူနေအိမ် (၆၀) လုံးကျော်၊ ဘုန်းကြီးကျောင်းရှိ သိမ်နှင့် ဇရပ်ဆောင်များ၊ စာသင်ကျောင်း နှစ်ကျောင်းနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း TNLA၊ DPLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိရာ နောင်ချိုမြို့ဘက်မှ စစ်ဘေးရှောင် (၂၀၀၀) ကျော်လည်း ကျောက်မဲမြို့ပေါ်နှင့် နောင်ပိန်တိုက်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ၊ မြို့နေလူထု စိုးရိမ်ထိတ်လန့်မှုနှင့် ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင်များ၏ အကူအညီလိုအပ်မှု အခြေအနေများကို စစ်ရှောင်ကူညီသူ ဒေသခံအမျိုးသားတစ်ဦးထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ကျောက်မဲမြို့မှာ တစ်ရက်တည်း နှစ်ကြိမ်၊ သုံးကြိမ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပြည်သူထိခိုက်မှုနဲ့ အိုးအိမ်ပျက်စီးမှု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ။ မနေ့က (ဇွန်လ ၂၉ ရက်) နေ့လယ်ပိုင်း လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်မှုကတော့ (၅) ယောက်ပေါ့။ ဖြစ်တဲ့နေရာမှာသာ (၅) ယောက် ဒါပေမယ့် ဗုံးဆံလွှင့်စင်သွားတဲ့နေရာမှာ နောက်တစ်ယောက်၊ အားလုံးပေါင်း (၆) ယောက်မှာ ယောကျ်ားလေး (၂) ယောက် မိန်းကလေး (၄) ယောက် ဖြစ်သွားလိမ့်မယ်။

ညပိုင်းအခြေအနေကတော့ ဗုံးလာကြဲပေမယ့်လည်း လူထုနဲ့ ဝေးတယ်။ နောက်ပြီးတော့ အဲ့မှာ တိုက်လေးလုံး ဆိုတဲ့ နေရာတစ်ခုရယ်၊ တောင်နောက်နဲ့ (၉) ကွက် ကြားထဲမှာ တစ်နေရာ လယ်ကွင်းထဲ ကျတာ လူထိခိုက်မှု မရှိဘူး။ ဒါပေမယ့် ညကြီးမိုးချုပ်ဆိုတော့ ဗုံးလာကြဲတဲ့အချိန်မှာ အထိတ်တလန့် ဖြစ်သွားတာ များတယ်။

ကျောက်မဲမြို့ ကမ္ဘောဇသျှမ်းကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး အရပ်သားထိမှန်ပုံ

မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲမှာ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို TNLA ထိန်းချုပ်နိုင်တာ တစ်နှစ်ပြည့်တဲ့အချိန် စစ်ကောင်စီက ဘာကြောင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်လာတယ်လို့ ထင်မြင်မိလဲ။

ဖြေ ။ ။ ထင်မြင်မိတာ တစ်ခုကတော့ အခု နောင်ချိုမှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်နေတယ်၊ ဝေဟင်ကနေလည်း ဖိအားပေးပြီး ဗုံးတွေ ကြဲနေတယ်။ အဲ့မှာ ဗုံးကြဲတော့ ဒဏ်ရာရတဲ့ “TNLA အဖွဲ့ဝင်တွေက ကျောက်မဲမြို့ပေါ်မှာ လာပြီး ခိုလှုံမယ်လို့ ယူဆမိတဲ့အတွက်ကြောင့် အဲ့လို ဗုံးလာကြဲတယ်လို့ ယူဆမိတယ်”။

ဘာဖြစ်လို့လဲဆိုတော့ နောင်ချိုတဝိုက်မှာ နေ့စဉ်ရက်ဆက် နေ့ညမပြတ် ဆက်တိုက် ဗုံးကြဲခံရတော့ ဒီနောက်ပိုင်း ပြည်သူလူထုကအစ နောင်ချိုက စစ်ဘေးရှောင်တွေ အကုန်လုံး ကျောက်မဲကို ရောက်လာတယ်။ တချို့လည်း ကျောက်မဲရောက်တယ်၊ တချို့လည်း နောင်ပိန်ရောက်တယ်။

အဲ့ဒီမှာက ပြည်သူတွေ မရှိတာကတစ်ကြောင်း၊ တိုက်ပွဲကလည်း နေ့စဉ်ရက်ဆက် ဖြစ်တာကြောင့်မလို့ တစ်ချိန်မဟုတ် တစ်ချိန်ကတော့ ထိခိုက်မိမှာလေ။ ထိခိုက်မိတဲ့ ဒဏ်ရာတွေကိုတော့ ကျောက်မဲမြို့မှာ အတတ်နိုင်ဆုံး လာရောက်ကုသကြမှာ ဆိုတာကတော့ သေချာတာပေါ့။ အဲ့ဒါကြောင့်မလို့ ဒီနယ်မြေကိုလည်း အဲ့ဒီနောက်ကို လိုက်ပြီး ဗုံးကြဲတယ်လို့ ယူဆမိတယ်။

မေး ။ ။ ကျောက်မဲမြို့မှာ တစ်ပတ်ထဲ သုံးရက်ထက်မနည်း ဆက်တိုက်ဗုံးကြဲခံရပြီးတဲ့နောက်မှာ ပြည်သူတွေအနေနဲ့ ဘယ်လိုစိုးရိမ်ထိတ်လန့်မှုတွေ ရှိနေလဲ၊ မြို့ပေါ်က ထပ်ပြီး ရှောင်ထွက်တာမျိုးတွေ ရှိလား။

ဖြေ ။ ။ မြို့ပေါ်က ရှောင်ဖို့အကြံကတော့ လူတိုင်းလိုလို ရှိတာပေါ့နော်။ ဒါပေမယ့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြန်စတဲ့ အချိန်တုန်းက တော်တော်များများ ထွက်ပြေးတိမ်းရှောင်ကြတယ်၊ အဲ့အချိန်မှာ ရှိသမျှ စည်းစိမ်ဥစ္စာတွေကို သုံးတယ် သွားတယ် လာတယ်ပေါ့။ အဲ့နောက်ပိုင်း တိုက်ပွဲပြန်ငြိမ်သွားတဲ့အခါမှာ မြို့ထဲကို ပြန်လာပြီး စီးပွားလာရှာကြတာပေါ့၊ အဲ့လို စီးပွားပြန်လာရှာကြပေမယ့်လည်း ထင်သလောက် မပေါက်လာဘူး။

ဒီတစ်ပတ်အတွင်း ဖြစ်လာတဲ့ ဝေဟင်ကနေ ဗုံးကြဲမှုကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်တယ်။ ပြည်သူတွေက ထွက်ပြေးချင်ပေမယ့်လည်း လက်ထဲမှာက ငွေကြေးကျဉ်းကြပ်နေတာတစ်ကြောင်း၊ နောက်ပြီး စားဝတ်နေရေး မပြေလည်တာတစ်ကြောင်းပေါ့။

-ကျောက်မဲမြို့ ကမ္ဘောဇသျှမ်းကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး ပျက်စီးမှု (ဓာတ်ပုံ – ဒေသခံ)

သူတို့ကတော့ ထွက်ပြေးချင်ပေမယ့်လည်း အနီးစပ်ဆုံး ရွာတွေလောက်ပဲ ပြေးဖို့ စဉ်းစားကြတာ များတယ်။ အဝေးကို ပြေးဖို့ကျတော့ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းရယ်၊ ဆွေမျိုးရှိတဲ့ နေရာတို့ သွားရင်သွားလိမ့်မယ်။ ဒါပေမယ့် လက်လုပ်လက်စား လူတန်းစားကတော့ အနီးစပ်ဆုံး နောင်ပိန်တို့၊ ပုံဝိုးတို့ အဲ့လိုပဲ သွားဖို့များတယ်။

အဓိက ပြေးမှာကတော့ နားပြိန်းဘက် ပြေးလိမ့်မယ်၊ ခါတိုင်းဆိုရင် နားပြိန်းတို့ နောင်ပိန်လေးတို့ဘက် သွားတယ်။ နောက်ပြီးတော့ နောင်ကွမ်နဲ့ ပုံဝိုးဘက် သွားတယ်၊ အဲ့တကြောပဲ ပြန်သွားဖြစ်ဖို့ များတယ်။ ဘာလို့လဲဆိုတော့ ပုံဝိုးမှာ ဆရာတော်က အင်တိုက်အားတိုက်နဲ့ ကျောင်းဝင်းလည်း ကျယ်တယ်၊ ပညာသင်ပေးတဲ့ အပိုင်းမှာလည်း ပြည့်စုံတယ်။

မေး ။ ။ လက်ရှိမှာလည်း နောင်ချိုမြို့ဘက်မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတော့ ကျောက်မဲဘက်ကိုလည်း စစ်ဘေးရှောင်တွေ ရောက်လာတယ်။ ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင်တွေအနေနဲ့ လေကြောင်းအန္တရာယ်ကြောင့် တိုက်ပွဲကြား ထပ်ပြေးဖို့ ဖြစ်နိုင်ဦးမလား။

ဖြေ ။ ။ အခုကတော့ စဉ်းစားမိတာက ဝေဟင်ကနေ ပစ်လာတဲ့ လက်နက်တွေကို အတတ်နိုင်ဆုံး ရှောင်ဖို့ဆိုရင်တော့ နောင်ပိန်ဘက်ခြမ်းပဲ ကျန်တော့တာပေါ့။ ကျောက်မဲကနေ မိုင်းငေါ့အထိကတော့ လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ နယ်မြေမဟုတ်ဘူး ဖြစ်သွားတယ်။

အခု နောင်ပိန်နဲ့ ကျောက်မဲကြားမှာကိုက လမ်းလေးပဲ ခြားတာကို အဖြူအမည်း ဖြစ်သွားပြီ၊ နောင်ပိန်တကြောမှာတော့ စီးပွားရေးလုပ်ဖို့ အဆင်ပြေပေမယ့် ကျောက်မဲမြို့ပေါ်မှာတော့ ကျီးလန့်စာစားပေါ့နော်။ ညလည်း ကောင်းကောင်းမအိပ်ရ ဘယ်ချိန် အသံကြားရင် ကိုယ်က ထပြီးတော့ ဗုံးခိုကျင်းထဲ သွားရင်သွား၊ ဒါမှမဟုတ်ရင်လည်း လွတ်လပ်တဲ့နေရာ သွားရင်သွား အဲ့လိုပေါ့။

အဲ့တာကြောင့် ကျောက်မဲမှာနေတဲ့ ပြည်သူလူထု အများစုကတော့ စိုးရိမ်ကြောင့်ကြမှု ဖြစ်ဖို့လည်း များတယ်။ တကယ်လို့ အများနဲ့ နေနိုင်တယ် ဆိုရင်တော့ အဖြူရောင်နယ်မြေဖြစ်တဲ့ နောင်ပိန်ဘက်ခြမ်း ပုံဝိုးအထိပေါ့၊ အဲ့ဘက်ပဲ စဉ်းစားဖို့ များမယ်။ ဒါကြောင့်မလို့ ကျောက်မဲမြို့ပေါ်မှာ ရှိတဲ့ ပြည်သူလူထုကတော့ လူနည်းစုလောက်ပဲ ကျန်မယ်လို့ ယူဆမိတယ်။

မေး ။ ။ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ဘက်ကို ရောက်နေတဲ့ နောင်ချိုစစ်ဘေးရှောင်တွေလည်း ဘယ်လိုအကူအညီ လိုအပ်နေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ။ ။ လိုအပ်ချက်ကတော့ များတာပေါ့၊ ဘာလို့လဲဆိုတော့ ၂၀၂၃ ကတည်းက စပြီးတော့ ဖြစ်လာတဲ့ အတိုင်းအတာတစ်ခုမှာ အခု ၂၀၂၅ အထိတောင် စီးပွားမဖြစ်ဘူး။ နောင်ချိုလည်း ဒီတိုင်းပဲ ဖြစ်ဖို့များမယ်၊ ဘာလို့အဲ့လိုပြောလည်းဆိုတော့ တစ်မြို့က စီးပွားမဖြစ်ပဲ ပျက်ပြီဆိုရင် ကျန်တဲ့မြို့လည်း လိုက်ပျက်တာ မဆန်းဘူးပေါ့လေ။ ဥပမာ မြို့ပေါ်စီးပွားမဖြစ်ရင် ရွာမှာလည်း စီးပွားမဖြစ်ဘူး အပြန်အလှန်ပေါ့၊ ဒီဟာတွေကတော့ ဓမ္မတာပါပဲ။

ဒါကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါကတော့ စားနိုင်သောက်နိုင် သွားလာနိုင်တဲ့ အနေအထားပဲ ဖြစ်တယ်၊ စီးပွားဖြစ်တဲ့ လုပ်ငန်းရှင်ဆိုတာကတော့ မရှိတော့ဘူး။ ရှိတဲ့ လုပ်ငန်းရှင်ကလည်း အကုန်လုံးက မြို့ကြီးတွေ ပြောင်းသွားတော့ ကျန်တဲ့လူတွေလည်း အသက်ရှင်နိုင်လောက်တဲ့ အနေအထားပဲ ဖြစ်သွားတာ။ ဒါကြောင့်မလို့ နောင်ချိုဘက်ကလာတဲ့ စစ်ဘေးရှောင်တွေလည်း သူတို့အခက်အခဲရှိမယ်လို့ ယုံကြည်တယ်။

နောင်ပိန်ဘက်က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သင်္ကြန်မတိုင်ကတည်းက စစ်ဘေးရှောင် ၇၀၀ ကျော်ပဲ ရှိတာကနေ အခုဆိုရင် ၂၀၀၀ ကျော်အထိ များလာတယ်။ အဓိက လိုအပ်တာကတော့ ရိက္ခာခြောက်နဲ့ နေရာထိုင်ခင်း အခက်အခဲပေါ့၊ အမျိုးသမီးနဲ့ ကလေးအတွက်လည်း ဆေးဝါးတွေ၊ လစဉ်သုံးပစ္စည်းတွေ အရေးတကြီး လိုနေတယ်။ စစ်ရှောင်တဲ့နေရာမှာ လူအရမ်းများလို့ အိမ်ငှားရှာနေကြတဲ့လူလည်းရှိတယ်၊ အကုန်လုံးကတော့ ခြိုးခြံချွေတာရတာပါပဲ။

သူတို့ရှိတဲ့ အခက်အခဲနဲ့ ကျနော်တို့ရဲ့ အခက်အခဲလည်း မကွဲပြားဘူးလို့ ယုံကြည်တယ်။ ဒါကြောင့်မလို့ နေရာအနှံ့ ဖြစ်နေတဲ့ တိုက်ပွဲကြီးက ပြည်သူလူထုရဲ့ ဒုက္ခကို မကယ်နိုင်ဘူး၊ မထူထောင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံး ဖြစ်နေတဲ့ အတိုင်းအတာ တစ်ခုက သူ့ရဲ့တုန်ခါမှုအားက တော်တော်လေး ပြင်းထန်တယ်လို့ ကျနော်ယုံကြည်တယ်။

မေး ။ ။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီက TNLA နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တဲ့အချိန် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို ပြန်တောင်းခဲ့တယ်။ အခြားတစ်ဘက်ကလည်း ဒီမြို့ (၅) မြို့ကို ဦးတည်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အပေါ် လာမယ့် ဩဂုတ်လ TNLA နဲ့ ဆွေးနွေးပွဲမှာကော ဘယ်လိုမျှော်လင့်လို့ရလဲ။

ဖြေ ။ ။ ဖြေရှင်းဖို့ကတော့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးဖို့ပဲ ရှိမှာပေါ့နော်၊ အခုလိုအချိန်မှာ မိုးကုတ်မြို့ကလည်း သူတို့ရဲ့ ကျက်စားရာ နယ်မြေပေါ့။ ကျောက်မဲမြို့ကလည်း အဓိက နေရာမှာ ရှိတယ်လို့ ပြောလို့ရတယ်။ ဘာလို့အဲ့လိုပြောလဲဆိုရင် ကျောက်မဲမြို့က တောင်ပေါ်ဒေသ သွားလို့ရတဲ့လမ်းလည်း အဆင်ပြေတယ်၊ မိုးကုတ်ဘက်သွားလည်း အဆင်ပြေတယ်။

နောက်ပြီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း ရှိတယ်၊ BRI ပိုးလမ်းမ စီမံကိန်းကြီးကလည်း ရှိနေတော့ စစ်ကောင်စီတပ်က မဖြစ်မနေ ထိုးဖောက်လာမယ်။ အဲ့လိုထိုးဖောက်လာတဲ့အချိန်မှာ တကယ်လို့ လက်နက်ကြီးပဲ အားကိုးပြီး တိုက်ပွဲဖြစ်နေရင်တော့ ရေရှည်သွားရမယ့် လုပ်ငန်းစဉ်တစ်ခုပေါ့၊ တိုက်ပွဲဖြစ်လို့ လူမျိုးတစ်စု မျိုးသုဉ်းသွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။

အဲ့တာကြောင့်မလို့ TNLA ဘက်ကပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ် စစ်ကောင်စီတပ်ပဲဖြစ်ဖြစ် အဓိကတော့ သူ့ရဲ့လိုအပ်ချက်ကို တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးနိုင်ရင်တော့ ပြည်သူလူထုအတွက် အကောင်းဆုံး အခြေအနေလို့ ယုံကြည်တယ်။ ဒါကြောင့်မလို့ အတတ်နိုင်ဆုံး စားပွဲဝိုင်းပေါ်ရောက်ဖို့ ပြည်သူလူထုက မျှော်လင့်တာပေါ့။

ဘာကြောင့်အဲ့လိုပြောလဲ ဆိုရင် အခုချိန်မှာက တချို့လည်း စိတ်ဒဏ်ရာကြောင့်ဖြစ်မယ်၊ တချို့ကလည်း နာမကျန်းဖြစ်လို့ မကျန်းမာလို့ ဆေးကုဖို့ သွားရမယ်ဆိုရင် မတတ်နိုင်ဘူး။ အရင်က ကျောက်မဲနဲ့ မန္တလေးဆိုရင် ခါတိုင်းဆို ၂ နာရီခွဲ ကားမောင်းရင် ရောက်တယ်၊ အခုချိန်မှာ ၉ နာရီလောက် မောင်းရတဲ့ အနေအထား ဖြစ်သွားတယ်။ ဒါတောင်မှ လမ်းမပိတ်မှ ရောက်တာ၊ လမ်းပိတ်သွားရင် တစ်ညအိပ်တို့ နှစ်ညအိပ်တို့ ဖြစ်သွားတာပေါ့။

နောက်ပြီးတော့ မိုင်းရယ်တို့၊ ကျေးသီးဘက်သို့ ပြန်လာရင်လည်း အနည်းဆုံး တစ်ညအိပ်တဲ့ အနေအထားမှာ ဖြစ်သွားတယ်။ တကယ်လို့ အရေးပေါ် Accident လူနာဆိုရင် ဘယ်လိုလုပ်မလဲပေါ့၊ အဓိကတော့ သွေးထွက်လွန်တာတို့ ဘာတို့ဆိုရင် အချိန်မီ မပို့နိုင်ရင် လူထုအတွက်လည်း အများကြီး ဒုက္ခရောက်တာပေါ့။ ဒါကြောင့်မလို့ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းရမှာပေါ့။

ဒီဒေသမှာ လေကြောင်းတိုက်ခိုက်ခံရတော့လည်း ပြည်သူလူထုတွေကိုတော့ အတတ်နိုင်ဆုံး လိုက်ပြီးတော့ ကူညီပေးတယ်၊ အစားအသောက်တို့ ရိက္ခာတို့ ပြီးတော့ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတို့ နိုင်တဲ့အပိုင်းတော့ ကူညီတာ ရှိတာပေါ့ လောလောဆယ်တော့ အဲ့တာပဲ တတ်နိုင်သေးတယ်။

မေး ။ ။ လက်ရှိ ကျောက်မဲမြို့အခြေအနေနဲ့ ပတ်သက်ပြီး မမေးမိတာ၊ အခြား ဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောပေးပါဦး။

ဖြေ ။ ။ ကျောက်မဲအခြေအနေက ဒီတစ်ပတ်ထဲ သုံးလေးခါ ဗုံးကြဲခံရတော့ ပိုပြီးတော့ ထိတ်လန့်တယ်၊ နောက်ပြီးတော့ မြို့ပေါ်မှာ ရှိတဲ့လူတွေက ဘယ်နားနေလို့ နေရမှန်းမသိ ဖြစ်တယ်။ နောက်ပြီးတော့ သွားလာဖို့ကလည်း ခက်ခဲတဲ့ အချိန်မှာ ဖြစ်တာပေါ့။

မိုးတွင်းကလည်း ဖြစ်နေတယ်၊ ဘတ်ဂျတ်ကလည်း မရှိ စားဖို့သောက်ဖို့ကလည်း အနိုင်နိုင်ဆိုတော့ ပြည်သူတွေကို တတ်နိုင်တဲ့ အလှူရှင်တွေ၊ တတ်နိုင်တဲ့ အပိုင်းတွေပဲဖြစ်ဖြစ် ကူညီပေးနိုင်ရင်တော့ အားလုံးကိုယ်စား ဝမ်းသာမိပါတယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...