ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA/DPLF)၏ အမှတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန်လ (၂၁)ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း DPLAက ထုတ်ပြန်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ဓနုဒေသအတွင်းရှိ ပြည်သူလူထုအားကာကွယ်နိုင်ရန်၊ ရန်သူကို အမြဲသတိထားတတ်စေရန် နှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေရန် အဓိကထား၍ သင်တန်းအချိန်ကာလ (၃)ကျော်ကြာ စစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။
စစ်သင်တန်း ဆင်းပွဲ အခမ်းနားတွင် DPLA ဥက္ကဌ ကိုကိုထွန်းထွန်းနိုင်မှ ဓနုဒေသအတွင်းရှိပြည်သူလူထုကို သစ္စာရှိရှိနှင့် ကာကွယ်သွားကြရန်၊အမိန့်နာခံတတ်စေရန်နှင့် မည်သည့် အခြေနေတွင် ဖြစ်စေ စိတ်ဓာတ်မကျပဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြရန် တက်ရောက် အမှာစကားပြောခဲ့သည်။

ထို့အပြင် ဓနုလူမျိုးတစ်ယောက်အနေဖြင့် အားရကျေနပ်မှုရှိကြောင်းနှင့် နောက်ထပ်လူငယ်များလည်း ပါဝင်စေချင်ကြောင်း DPLAရဲဘော်တစ်ဦးက ပြောသည်။
“ဒီလို သင်တန်းဆင်းနိုင်တာ အားရတယ်။နောက်ထပ်လဲ ပါဝင်စေချင်သေးတယ်။ကိုယ့်လူမျိုးအနေနဲ့ ဒီအချိန်မှာ လုပ်ထားနိုင်မှ နောက်မှဆိုရင် မသေချာဘူး။ဒီအပတ်စဉ်ဆင်းသွားတဲ့ အပေါ်မှာ လူအင်အားလည်း များတယ်ဆိုတော့ အားရှိတာပေါ့။လူငယ်တွေ အနေနဲ့လည်း ဒါကိုကြည့်ပြီး အားကြိုးမာန်တက်နဲ့ ပါဝင်စေချင်တယ်။” ဟုဆိုသည်။
DPLA/DPLF အဖွဲ့သည် နောင်ချိုမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော(TNLA)နှင့်အတူ စစ်ကောင်စီတပ်ကို တော်လှန်နေသည့် အဖွဲ့ဖြစ်ပြီး သျှမ်းတောင် ရွာငံ၊ပင်းတယ ရပ်စောက်မြို့နယ် တို့တွင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေသည်။












Leave a Comments