ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး ကျိုင်းခမ်းကျေးရွာ ဒေသခံများ ကျင်းပပြုလုပ်နေသည့် ရှင်လောင်းပွဲတွင် လာရောက်ဖွင့်လှစ်ထားကြောင်း ရပ်စောက်ဒေသခံများက ပြောသည်။

“နောင်ဝိုး၊ ကျိုင်းခမ်းဘက်မှာ အခြေစိုက်တဲ့ ခမရ-၅၀၅ တပ်ထဲက ဗိုလ်မှူးအဆင့်တစ်ယောက် ရွာသားတွေလုပ်တဲ့ ရှင်လောင်းပွဲမှာ လောင်းကစားဝိုင်း လာဖွင့်ထားတာ။ ရှင်လောင်းပွဲထဲ လောင်းကစားဝိုင်းတွေ ခေါ်လာပြီး ပိုက်ဆံရှာနေတာ။ ဟိုတစ်ခါကလည်း စာပြန်ပွဲ အကြောင်းပြပြီး လောင်းကစားဝိုင်း တစ်ခါဖွင့်ပြီးပြီ၊ အခု ကျိုင်းခမ်းမှာ နောက်ထပ်လာဖွင့်တာ” ဟု ဖြစ်စဉ်သိရှိသူ ရပ်စောက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဖေဖော်ဝါရီလအတွင်း ရပ်စောက်မြို့နယ် မိုင်းပျဉ်း၊ ဖာလိုင်းကျေးရွာဘက်တွင် ပြုလုပ်ခဲ့သည့် ပရိယတ္တိ စာပြန်ပွဲ တွင်လည်း မိုင်းပျဉ်းအခြေစိုက် စစ်ကော်မရှင်တပ် ခြေလျင်တပ်ရင်း ခလရ-၂၄၉ မှ စစ်ဘက်တာဝန်ရှိသူများ ဦးဆောင်ပြီး လောင်းကစားဝိုင်းများ ထည့်သွင်းဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံရေး၊ စီးပွားရေး ကြပ်တည်းမှုကြား ဒေသခံများ ပြုလုပ်သည့် ရိုးရာပွဲများ၊ ဘာသာရေးပွဲများတွင် စစ်တပ်အရာရှိများမှ ကိုယ်ကျိုးစီးပွား ရှာဖွေရန် လောင်းကစားဝိုင်းများ ထည့်သွင်းလာခြင်းကြောင့် စားဝတ်နေရေး အခက်အခဲနှင့် အိမ်တွင်းရေးပြဿနာများ ရင်ဆိုင်လာရကြောင်း ရပ်စောက်ဒေသခံများက ပြောသည်။

“အရင်က အသုဘနဲ့ ဘုန်းကြီးပျံပွဲလောက်ပဲ လောင်းကစားဝိုင်း ရှိတာ၊ ဒီဘက်ခေတ် ကျတော့ ဘုရားပွဲ ထီးတင်ပွဲကအစ ရှိလာပြီ။ အခုဆို ရှင်လောင်းပွဲမှာလည်း လောင်းကစားဒိုင်တွေကို ခေါ်ပြီး လာဖွင့်နေတာ။ ပွဲခင်းထဲဆိုတော့ လူကြီးလူငယ်မရွေး အားလုံး ဆော့ကြတယ်၊ သက်ဆိုင်ရာက မတားတဲ့အပြင် လောင်းကစားဝိုင်းကိုပါ လုံခြုံရေး ယူပေးနေတော့ ဒေသခံတွေကို စာရိတ္တ ပျက်စီးအောင် တမင်လုပ်နေသလားလို့ ထင်မိတယ်” ဟု အဆိုပါ ရှင်လောင်းပွဲသို့ သွားရောက်ခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်တွင် စစ်ကော်မရှင်တပ်၏ ဗိုလ်သင်တန်း လေ့ကျင့်ရေးကျောင်းများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်များ အခြေစိုက်သည့် ဗထူးတပ်မြို့ တည်ရှိပြီး စစ်ဆေးရေးဂိတ်များတွင် ဖမ်းမိသည့် နိုင်ငံခြားကုန်ပစ္စည်းများကို စစ်တပ်အရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များမှ ကိုယ်ကျိုးရှာ ခွဲဝေယူခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News