သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။
ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103 က ရဲဘော်အယောက် ၁၀၀ ကျော် ခေါ်ယူနေခြင်းဖြစ်ကြောင်း SSNDF/ KNDF B-103 ၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။
“သျှမ်းတောင်နဲ့ ကရင်နီက စစ်မြေပြင်တကြောမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ ပြင်ဆင်တဲ့ သဘောအနေနဲ့ ခေါ်တာပါဗျာ။ ကျနော်တို့ တပ်ရင်းက လူသစ်အယောက် ၁၀၀ ခေါ်မယ့်အတွက် တော်လှန်ချင်စိတ်ရှိတဲ့ လူငယ်တွေရရာတာဝန်ထမ်းဆောင်ပြီး အဖက်ဖက်ကနေပါဝင်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။
အဆိုပါတပ်ရင်းတွင် တာဝန်ထမ်းဆောင်ချင်သည့် တပ်သားသစ်များအနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးလည်း အထူးကောင်းမွန်သူဖြစ်ရမည်ဟု ဆိုသည်။

ထို့ပြင် ရာဇာဝတ်မှု ကင်းရှင်းရပြီး အထက်မှပေးအပ်သော တာဝန်နှင့် အမိန့်ကို တိကျစွာလိုက်နာကာ တော်လှန်ရေးပြီးဆုံးသည့်အထိ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း သိရသည်။
SSNDF/KNDF သည် သျှမ်းတောင်နှင့် ကရင်နီ ရှေ့တန်းစစ်မျက်နှာပြင်၌ စစ်ကောင်စီတပ်များကို တော်လှန်နေပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့ဟူ၍ လှုပ်ရှားနေသည်။
အမျိုးသားညီညွတ်ရေးအစို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်းကာ သျှမ်းအမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ဧပြီလ ၁၉ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။












Leave a Comments