စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သည့် ဖားကန့် မြို့နယ်ပြည်သူ (၆)ဉီးသေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် (မေလ ၂၈ ရက်) စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အလုံးအရင်း စစ်ကြောင်းထိုးလာသဖြင့် လုံးခင်းကျေးရွာ၊ လယ်ပြင်ကျေးရွာ နှင့် ငြိမ်းချမ်းသာယာကျေးရွာ အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်တို့တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်းသိရသည်။
ထို့အပြင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ နှင့် KIA ပူးပေါင်းတပ်တို့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီ က ဒေသခံအချို့ကို ပေါ်တာဆွဲပြီး လူသားဒိုင်းကာ အဖြစ်အသုံးပြုခဲ့သည်။

ထိုလူသားဒိုင်းကာ အဖြစ်အသုံးပြုခဲ့သည့် ဒေသခံ (၆)ဉီး သေဆုံးခဲ့ပြီး အချို့ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ သေဆုံးသူတွေကတော့ အမျိုးသား(၅)ယောက် အမျိုးသမီး (၁)ယောက်အလောင်းကိုတော့ ကျနော်မျက်မြင်တွေ့ရှိခဲ့တယ်။ အလောင်းကိုလည်း ပြည်သူတွေကပဲသွားသယ်၊ မီးသင်္ဂြိုဟ်လိုက်တယ်။ ကျန်တာကိုတော့ ဆက်ပြီးရှာနေကြသေးတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ယနေ့ (မေလ ၃၀ ရက်)တွင် တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း ဖားကန့်မြို့ လုံးခင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်သားများ သွားလားလှုပ်ရှားမှုရှိနေသဖြင့် ဒေသခံများက စိုးရိမ်ကြောက်လန့်နေရကြောင်း လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဉီး က ပြောသည်။
“ လောလောဆယ်မှာ စစ်သားတွေလည်းရှိနေတော့ ဘယ်လိုအအခြေနေမျိုး ရှိလာမလည်း ဆိုတာမသိရဘူး။ အိမ်ထဲအိမ်ပြင်လည်း မထွက်ရဲကြဘူး ။ပစ်သတ်ခံရမှာလည်း ကြောက်ကြတာပေါ့။ရှောင်ဖို့ကလည်း အခက်အခဲဖြစ်ရတယ်။အချို့ကလည်း အနီးအနားက ဆွေမျိုးတွေစီပြေးကြတာ။”ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုတိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာ၊ လုံးခင်းကျေးရွာနှင့် ငြိမ်းချမ်းသာယာကုန်းကျေးရွာရှိ ပြည်သူများသည် နီးစပ်ရာ ဆွေးမျိုးနေအိမ်များသို့ စစ်ဘေးရှောင်နေကြပြီး၊ အချို့လည်း နေအိမ်ထဲတွင် ပိတ်မိနေသေးကြောင်း သိရသည်။












Leave a Comments