သျှမ်းပြည် တောင်ကြီးနည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးကို လမ်းခရီးတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ မှတ်ပုံတင်စစ်ဆေးခဲ့ရာ PDF ဖြင့်ချိတ်ဆက်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။
မေလ ၂၅ ရက် နံနက်ပိုင်းတွင် နမ့်စန်မြို့နေ ကျောင်းသူတစ်ဦးသည် တောင်ကြီးမြို့သို့ တက္ကသိုလ်တက်ရောက်ရန် ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နမ့်စန်မြို့အဝင် ထင်းရှူးမြိုင် စစ်ဆေးရေးဂိတ်၌ တက်ဘလက် Tablet ဖြင့် မှတ်ပုံတင် တိုက်စစ်ဆေးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ (ည) ဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။
“ရှေ့ရက်က တောင်ကြီးကို ကျောင်းတက်မယ်ဆိုပြီး သွားတဲ့အချိန် ဆိုင်းခေါင်မှာ မှတ်ပုံတင်စစ်တာ၊ စက်ထဲ ထည့်လိုက်တဲ့အချိန် ဘယ်သူတွေပါလဲဆိုတာ လူစာရင်းထွက်လာတာ။ ၂၀၂၂ ကတည်းက တရားစွဲခံထားရတာလို့ ပြောတယ်၊ ကာယကံရှင် သူကိုယ်တိုင်လည်း မသိဘူး။ KPay ကနေ PDF တွေကို ပိုက်ဆံလွှဲပေးတယ် ဆိုပြီး တရားစွဲထားတာလို့ ပြောတာ”ဟု ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် ၎င်းကျောင်းသူမှာ အသက် ၂၅ နှစ်အရွယ်ရှိ နန်းချယ်ရီထွန်း ဖြစ်ပြီး တောင်ကြီးနည်းပညာတက္ကသိုလ်ရှိ သတင်းအချက်အလက်နည်းပညာ IT ဌာနတွင် ပဉ္စမနှစ် တက်ရောက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

နမ့်စန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာစဉ် လမ်းခရီးတွင် စစ်ကောင်စီ၏ PSMS (Person Scrutinization and Monitoring System) နည်းပညာ အသုံးပြု၍ မှတ်ပုံတင် စစ်ဆေးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ည) ဖြင့် အေးသာယာ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခံထားရကြောင်း သိရသည်။
“အခု အေးသာယာကို ခေါ်သွားပြီး အမှုဖွင့်ထားတယ်။ ပိုက်ဆံပေးပြီး ပြန်ထုတ်လာဖို့ အဲ့လောက် မလွယ်ဘူး၊ အမှုရင်ဆိုင်ရဦးမယ်လို့ ကြားတယ်။ မှတ်ပုံတင်ကို စက်နဲ့ တိုက်စစ်နေတာ အခု လေးလပိုင်းတုန်းကမှ စတာ”ဟု ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
အလားတူ မေလ ၂၂ ရက်ကလည်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး လဲချား-မိုင်းနောင်-ကျေးသီး လမ်းဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ယာဉ်များကို မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးခဲ့သည်။
ထိုသို့ PSMS ဆော့ဖ်ဝဲဖြင့် စစ်ဆေးခဲ့ရာ ကျေးသီးမြို့မှ နမ့်စန်မြို့သို့ ဦးတည်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် ဒဂုံ(မြို့သစ်) တောင်ပိုင်းမြို့နယ်မှ အသက် (၂၅) နှစ်အရွယ် မချစ်စု ဆိုသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီလက်ဝေခံ မီဒီယာများတွင် ဖော်ပြသည်။
စစ်ကောင်စီ အသုံးပြုနေသည့် PSMS (Person Scrutinization and Monitoring System) နည်းပညာသည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ သီးသန့် ကိုယ်ရေးအချက်အလက်များကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပြီး AI ၊ Facial Recognition ၊ CCTV Analysis နှင့် Biometric Data တို့ဖြင့် တိကျစွာ စောင့်ကြည့်နိုင်သည်။
အဆိုပါ PSMS နည်းပညာကို တရုတ်နိုင်ငံ၏ ဟွာဝေး Huawei နည်းပညာကုမ္ပဏီမှ စစ်ကောင်စီအတွက် ကူညီပေးကြောင်း သတင်းများအရ ဆိုသည်။
စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို e-ID မှတ်ပုံတင်စစ်ဆေးပြီး National Database ကွန်ပျူတာစနစ်တွင် အသေးစိတ် စာရင်းသွင်းထားပြီး လူတစ်ဦးချင်းအလိုက် PSMS (Person Scrutinization and Monitoring System) နည်းပညာဖြင့် ပြည်တွင်းနှင့် နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များတွင် အသုံးပြုနေကြောင်း သိရသည်။












Leave a Comments