ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီး သျှမ်းလူငယ်များ တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်း ထူထောင်ခြင်း (၂၅) နှစ်ပြည့်အနေဖြင့် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ သျှမ်းလူငယ်များ ချိတ်ဆက်မှုရရှိရန်နှင့် သျှမ်းလူငယ်များ စုစည်းညီညွတ်ပြီး လှုပ်ရှားမှုတရပ် ဖြစ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်း တည်ထောင်သူလည်းဖြစ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ အရာရှိလည်းဖြစ်သည့် ဗိုလ်မှူးကြီး အောင်တိန်းက ပြောသည်။
“အဓိကရည်ရွက်ချက်ကတော့ လူငယ်တွေ စုစည်းညီညွတ်ပြီး လှုပ်ရှားမှုတရပ် ဖြစ်လာစေဖို့အတွက်ပါ။ ဥပမာ-အနုပညာအပိုင်း၊ အားကစားအပိုင်း၊ စာရင်းအပိုင်း၊ ကွန်ဗျူတာအပိုင်း၊ ရပ်ရွာ သာရေးနာရေး ကူညီတဲ့အပိုင်း စသည့်ပေါ့” ဟု စိုင်းအောင်တိန်းက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲအတွင်း လူငယ်များ အချင်းချင်း ရင်းနှီးမှုရရှိရန်အတွက် ဘောလုံးပြိုင်ပွဲလည်း ကျင်းပပြုလုပ်ခဲ့ပြီး ဝင်ရောက်ယဉ်ပြိုင်ခဲ့သည့် ဘောလုံးအားကစား အသင်းပေါင်း ၂၄ သင်းရှိကြောင်း သိရသည်။
ထို့နောက် အနိုင်ရသွားသည့် ဘောလုံးအားကစား အသင်းများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု စသဖြင့် အသီးသီးပေးအပ်ခဲ့သည်။
ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်းကို ၂၀၀၁ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် (၂၅) နှစ်ပြည့်ခဲ့ကြောင်း သိရသည်။












Leave a Comments