သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNLA နှင့်စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ (မေလ ၁၉ ရက်) တွင် ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု နောင်ထောဝ်ကျေးရွာ အနီးပတ်ဝန်းကျင်တွင် PNLA နှင့် စစ်ကောင်စီလက်အောက်ခံ PNA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နောင်ထောဝ်က PNLA ရဲ့ လှုပ်ရှားနယ်မြေ ဧရိယာထဲမှာ ဖြစ်နေပါတယ်။ ဒီမနက်မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။ အဲ့ဘက်တွေကို အသွားအလာကလည်း ပိတ်ထားတယ်။ ရွာသူရွာသားတွေကိုလည်း ရှောင်ခိုင်းထားတာ ကြာပြီ။ အဲ့ဘက်ကို PNA တပ်ဖွဲ့ဝင်တွေကပဲ အသွားအလာ များနေတာ တွေ့ရတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။
နောင်ထောဝ်ကျေးရွာသည် ဆီဆိုင်မြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးပြီး PNLA ၏ လှုပ်ရှားနယ်မြေ ဖြစ်ကြောင်းသိရသည်။
အလားတူ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတွင်လည်း ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့မှ စတင်၍ ယနေ့ထိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO/PNA နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။












Leave a Comments