သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှ သတင်းရရှိသည်။
ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောသည်။
“ပြေးဆွဲမယ့်ရက် အတိအကျတော့ မသိရသေးဘူး၊ ရထားစက်ခေါင်းကို ပြန်ပြင်ပြီးရင်ဆွဲမယ်လို့တော့ကြားတယ်၊ ကလောဘူတာကနေ ဘဝသံသရာတံတားအထိ လူတစ်ယောက်ကို ၅၀၀၀ ကျပ် နှုန်းလို့တော့ကြားထားတယ်” ဟု ကလောမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ထိုကျောက်မီးသွေးအသုံးပြု မီးရထားစက်ခေါင်းသည် နေပြည်တော်-ပျဉ်းမနားတွင် ပြေးဆွဲနေသည့် ရထားဖြစ်ပြီး ခရီးသွားများ လာရောက်လည်ပတ်မှုများသည့် ကလောမြို့သို့ အပျော်စီး ရထားအစီအစဉ်ပြုလုပ်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။
လက်ရှိအသုံးပြုနေသော ရထားများသည် များသောအားဖြင့် ဒီဇယ်အသုံးပြု၍ မောင်းနှင်နေခြင်းဖြစ်ပြိး အခြားနိုင်ငံများကဲ့သို့ လျှပ်စစ်စွမ်းအား အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် မြန်မာ့မီးရထားလုပ်ငန်းမှာ အိုဟောင်းနေသော ဒီဇယ်အင်ဂျင်များကိုသာ အားထားနေရသည်။

အလားတူတောင်ကြီးမြို့တွင်လည်း ၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို ကြည့်ရှုနိုင်ရန် Sight Seeing ဟုဆိုကာ တောင်ကြီး – ပေါမူ ရထားလမ်းပိုင်းအား စစ်ကောင်စီမှ အာဏာသိမ်းကာလအတွင်း အကောင်အထည်ဖော်ကာပြေးဆွဲလျက်ရှိသည်။
အခြားဒေသများကဲ့သို့ စစ်ဘေးဒဏ်ပြင်းထန်စွာမခံစားရသည့် သျှမ်းပြည်တောင်ပိုင်းအား စစ်ကောင်စီမှ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း သာယာအေးချမ်းနေသည့် ပုံရိပ်အားဖော်ပြနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိသည်။
သို့သော်လည်း တရားဥပဒေစိုးမိုးမှု လျော့နည်းလာသည့်အတွက် ခိုးဆိုးလုယက်မှု နှင့် ရာဇဝတ်မှုများစွာ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေပြီး ထိထိရောက်ရောက်အရေးယူဖြေရှင်းနိုင်ခြင်းမရှိပေ။
သျှမ်းပြည်တောင်ပိုင်းသည် အခြားဒေသများကဲ့သို့ စစ်ဘေးဒဏ်ပြင်းထန်စွာမခံစားရသော်လည်း ၂၀၂၄ ခုနှစ်အတွင်း တိုက်ခတ်ခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ကလောမြို့နယ်နှင့် အင်းလေးဒေသအတွင်း လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် အင်းလေးဒေသအတွင်း လူသေဆုံးမှုများပြားခဲ့ပြီး နေအိမ် ၂၅၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့သည်။












Leave a Comments