“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့ စိုင်းလူက စိတ်ပျက်ညှိုးငယ်စွာ ပြောပါတယ်။
သင်္ကြန်ကာလအပြီး မြန်မာနှစ်ဆန်းတစ်ရက်ဖြစ်တဲ့ ဧပြီလ ၁၇ ရက်ကစလို့ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ခဲ့တဲ့ လားရှိုးမြို့ပေါ်ကို တရုတ်အစိုးရကိုယ်စားလှယ်များ လိုက်ပါလျက် စစ်ကောင်စီ ထိပ်ပိုင်းအရာရှိအချို့ ရောက်ရှိလာပါတယ်။
တရုတ်ဖိအားကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်ဖြစ်တဲ့ ဧပြီလ (၁၇) ရက်အထိ လားရှိုးမြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း သတင်းထွက်ပေါ်ခဲ့ပေမယ့် ဒီလိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မယုံကြည်ခဲ့ပါဘူး။
ဒါပေမယ့် သတင်းဟာ မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့အတွက် ပြည်သူလူထု တရပ်လုံး၊ ဝါရင့်နိုင်ငံရေးသမားတွေ နွေဉီးတော်လှန်ရေးလို့ပေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက်ကတော့ တုန်လှုပ်စေတဲ့ သတင်းတစ်ခုဖြစ်လာပါတယ်။
ကိုးကန့်တပ် သိမ်းပိုက်ထားတဲ့ (၁၀)လနီးပါး ရပ်ဆိုင်းထားတဲ့ လားရှိုးလေဆိပ်ဟာ ဧပြီ ၁၆ရက်မှာ စစ်ကောင်စီ အရာရှိ အချို့နဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ် နှစ်စင်း ရုတ်တရက် ဆင်းသက် လာခဲ့ပါတယ်။
ဒါ့အပြင် လားရှိုးမြို့သို့ စစ်ကောင်စီအရာရှိနှင့်အတူ လိုက်ပါလာသည့် တရုတ်ကိုယ်စားလှယ်များထဲ ဘေဂျင်းအစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းကိုယ်တိုင် လိုက်ပါလာခဲ့ပြီး MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်လွှဲအပ်ရေး ဦးဆောင်ဦးရွက်ပြုသွားမယ်လို့လည်း ဆိုပါတယ်။

“တိန့်ရှီကျွင်းလည်း လားရှိုးရောက်နေတယ်၊ စကစဘက်က တိုင်းစစ်ဦးစီးချုပ်လည်း ရောက်နေတယ်။ စရဖ တပ်မှူးတွေလည်း ရောက်နေတယ်။ ၂၁ ရက်နေ့ကျရင် တရုတ်မှာ ကိုးကန့်နဲ့ သွားဆွေးနွေးခဲ့တဲ့ ဗိုလ်ချုပ် ကိုကိုဦး ရောက်လာမယ်လို့ ပြောတယ်။ အစည်းအဝေး ပြီးမှပဲ တိန့်ရှီကျွင်းက တရုတ်ပြည် ပြန်မယ့်သဘောရှိတယ်”လို့ လားရှိုးမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်မှ အရာရှိအချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့နှင့် သုံးပွင့်ဆိုင် အစည်းအဝေးကိုလည်း ဧပြီ ၁၇ရက်မှာ လားရှိုးမြို့ ရပ်ကွက် ၂ ရှိ ဆင်နှစ်ကောင်ဟိုတယ်မှာ ပြုလုပ်နေပြီး ၎င်းဟိုတယ် အနီးတဝိုက်ကို ကိုးကန့်တပ်မှ လုံခြုံရေး ထူထပ်စွာ ချထားတယ်။

တစ်ဖက်မှာလည်း မိုင်းရယ်မြို့ကို ကြိုတင်ရောက်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို ကိုးကန့်တပ်ဖွဲ့ က နမ့်ပေါင် ကနေတဆင့် သွားရောက်ကြိုပြီး လမ်းကြောင်းတလျှောက် လုံခြုံရေး ယူထားပေးတာတွေလည်း ရှိခဲ့ပါသေးတယ်။
လားရှိုးမြို့မှာ တာဝန်ပြန်ထမ်းမယ့် စစ်ကောင်စီ လက်အောက် တွေကတော့ အထွေထွေအုပ်ချုပ်ရေး မြို့နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေး လဝက နဲ့ စစ်ဘက်ရေးရာ လုံခြုံရေး စရဖ တို့ အားလုံးကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ရဲ့ တိုင်းစစ်ဦးစီးချုပ်က ဦးဆောင်ကာ အရပ်ဝတ်ဖြင့်သာ လားရှိုးမြို့ထဲကို ဝင်ရောက်ခဲ့ပါပြီ။
“ထူးခြားမှုကတော့ အရမ်းကြီး မရှိဘူး၊ သူတို့ (စစ်ကောင်စီ) ပြန်ဝင်လာမယ်ဆိုတာ သိထားပြီးသား ကိစ္စပဲလေ။ ၁၇ ရက်နေ့က စပြီးတော့ စစ်တပ်ဝင်လာမယ့် လမ်းကြောင်းတွေကို ကိုးကန့်ဘက်က လမ်းပိတ်ပြီးတော့ စစ်ဆေးတာ လုပ်လာတယ်။ အခြား တတိယအဖွဲ့တစ်ခုခုက တိုက်ခိုက်မှာ စိုးရိမ်လို့လည်း ပါမှာပေါ့”ဟု လားရှိုးမြို့ဒေသခံ စိုင်းလူက ပြောပါတယ်။
အလားတူ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေရဲ့ လှုပ်ရှားမှုကို ကြီးကြပ်စောင့်ကြည့်ဖို့ တရုတ်ဘက်က လားရှိုးမြို့ပေါ်မှာ ကောင်စစ်ဝန်ရုံး သို့မဟုတ် ကုန်သွယ်ရေးရုံး ဖွင့်လှစ်ပြီး ကိုးကန့်တပ်ကလည်း မြို့ပေါ်မှာ ဆက်ဆံရေးရုံး အခြေစိုက်ထားမယ်လို့ ဝါရင့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“စစ်တပ်နဲ့ ကိုးကန့်တပ်ကို ကြားချဖို့ တရုတ်က လားရှိုးမှာ ကုန်သွယ်ရေးရုံးလိုမျိုး ဖွင့်မယ့်သဘောရှိတယ်။ စစ်တပ်ကလည်း ဒါကို သဘောတူမယ့် အခြေအနေ ရှိတယ်။ တရုတ်ရှိနေရင်တော့ နှစ်ဘက်လုံး သဘောတူထားတဲ့ အချက်တွေ မလိုက်နာချင်လည်း လိုက်နာရမယ့်သဘော ဖြစ်သွားမယ်”ဟု ၎င်းဝါရင့်တော်လှန်ရေး ရဲဘော်က ဆိုပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံရေး တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းကိုယ်တိုင် လာရောက်စီမံနေသော်လည်း သက်ဆိုင်ရာ ဘက်အသီးသီးမှ တရားဝင် သတင်းထုတ်ပြန် ပြောဆိုခြင်း အလျဉ်းမရှိသေးပေ။
ဒါ့အပြင် ဧပြီလ (၁၉) ရက်မှာ လားရှိုးမြို့ပေါ်ကို တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့”ဟူ၍ တရုတ်နှင့် မြန်မာစာတန်း ရေးထိုးထားသည့် ကားအစီးရေ (၃၀) ခန့် ယာဉ်တန်းဖြင့် ချင်းရွှေဟော် – ကွမ်းလုံ လမ်းပိုင်းမှတဆင့် ဝင်ရောက်လာခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမြို့မှာ ဇန်နဝါရီလ (၁၈) ရက်နေ့က တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက် လားရှိုးမြို့ကနေ ကိုးကန့်တပ် ပြန်လည်ဆုတ်ခွာရေး ဖြစ်လာခဲ့ပါတယ်။
ဇွန်လမတိုင်ခင် ကိုးကန့်တပ်တွေ အသုတ်လိုက် ဆုတ်ခွာရမယ်လို့ ကနဦး သတင်းထွက်ပေါ်ခဲ့ပေမယ့် မတ်လအတွင်း စစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့စဉ် သင်္ကြန်အပြီး ဧပြီလမကုန်ခင် တပ်ဆုတ်ခွာရန် ဖြစ်လာပြီး ယခုအခါ လားရှိုးမြို့ အလွှဲအပြောင်းကို ကြီးကြပ်ရန် တရုတ်ရဲ့ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ပါ ဝင်ရောက်လာခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA မှ ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းခဲ့ရတဲ့အပေါ် AFP သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ရာမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပြန်စဖို့ မိတ်ဆွေအနေနဲ့သာ အကြံပြုပေးနေတာ ဖြစ်တယ်လို့ ဧပြီလ ၂၁ ရက် က သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“လားရှိုးကတော့ စစ်ကောင်စီအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတစ်ခုလိုပေါ့၊ အရင်တုန်းက အတူနေတဲ့ တိုင်းရင်းသားတွေကို သွေးခွဲချင်တော့ အထူးဒေသဆိုပြီး သူက နယ်မြေလိုက်သတ်မှတ်ပေးတာ။ အခုကျတော့ သူ့အတွက် ပေါက်ဖော်ကြီးက အထူးဒေသ ပြန်သတ်မှတ်ပေးတာပေါ့၊ အဲ့တာတောင် ကြာကြာနေနိုင်ပါ့မလား”လို့ စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီက ပြန်လည်ဝင်ရောက်ကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်မည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှ မြို့နှင့် ၂ မိုင်အကွာအဝေးအတွင်း ဆက်လက်တပ်စွဲကာ မြို့ကို ဝိုင်းရံလျက် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ထိန်းချုပ်ထားမယ်လို့ ဒေသခံများက ပြောဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မူလရုံးနေရာများတွင် ပုံမှန်ကဲ့သို့ ရုံးတက် အလုပ်လုပ်ရမည်ဟု သိရသော်လည်း အင်အားကန့်သတ်ခံရမည့် အနေအထားရှိသည့် စစ်ကောင်စီတပ်အတွက် မည်သည့်နေရာတွင် တပ်စခန်းချမည်ကို မသိရသေးပေ။
“ဌာနဆိုင်ရာကတော့ နဂိုမူလ ရုံးနေရာပဲ ပြန်ဝင်လိမ့်မယ်၊ စစ်တပ်ကတော့ ဘယ်နားနေမလဲ မပြောတတ်ဘူး။ တစ်ယောက်မှတော့ စစ်ဝတ်စုံနဲ့ လက်နက်နဲ့ ဝင်လာတာမျိုး မဟုတ်ဘူး၊ အကုန်လုံး အရပ်ဝတ်နဲ့ပဲ။ စစ်တပ်အရင်နေရာကတော့ အကုန်ပျက်စီးသွားတော့ ပြန်နေလို့ မရလောက်ဘူး”ဟု လားရှိုးဒေသခံ စိုင်းလူက ပြောပါတယ်။
စစ်ကောင်စီ၊ MNDAA နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ဧပြီ ၂၂ရက် မနက်ပိုင်းမှာ သုံးပွင့်ဆိုင် ဆွေးနွေးမှုရလဒ်အဖြစ် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား ၁၂၀ ကျော်၊ အိမ်စီးကားငယ် (၁၀၀) နီးပါး၊ စုစုပေါင်း ကားအစီးရေ (၂၀၀) ကျော်ပါ စစ်ယာဉ်တန်းဟာ မြန်မာနိုင်ငံတော်အလံနှင့် ရခမ နေဝန်းနီအလံတို့ လွှင့်ထူကာ လားရှိုးမြို့ထဲ စစ်ကောင်စီတပ်သားများ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ သူ့အတွက် သမိုင်းတွင် အရှက်ရစရာ ဆုံးရှုံးခဲ့ရတဲ့ ရမခ ဌာနချုပ်ကို တန့်ယန်းမြို့နယ် မန်ပက်အခြေစိုက် အမှတ်(၈) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ ယာယီဌာနချုပ် ဖွင့်လှစ်ထားခဲ့ပြီး အဲ့ဒီကနေမှတဆင့် စစ်ယာဉ်တန်းနဲ့ လားရှိုးမြို့ထဲ တရုတ်အကူအညီနဲ့ ပြန်ဝင်လာနိုင်တာ ဖြစ်ပါတယ်။
အခြားတစ်ဘက်မှာတော့ လားရှိုးမှ သိန္နီအထွက် အေတီတံတားတွင် ကိုးကန့်တပ်ဖွဲ့မှ ကင်းတဲများ ဆောက်လုပ်ကာ အသွားအလာ စစ်ဆေးနေပြီး မြို့ပေါ်အထင်ကရ နေရာများတွင် စိုက်ထူထားသည့် MNDAA အလံနှင့် အထူးဒေသ(၁) အလံများကို ပြန်လည်ဖြုတ်သိမ်းခဲ့ပါတယ်။
လားရှိုးမြို့တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့များ ရောက်ရှိနေစဉ် ဧပြီလ ၂၀ ရက်တွင် မိုင်းပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အသံကျယ်လောင်ခြင်းကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရပါသေးတယ်။
MNDAA ၏ လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် (၈) လကျော်ကြာ အုပ်ချုပ်ရေး၊ လုံခြုံရေးပိုင်း လက်တွဲလုပ်ကိုင်ခဲ့ကြသူများထဲမှ တချို့တဝက်မှာ MNDAA ထိန်းချုပ် လောက်ကိုင်နှင့် သိန္နီမြို့ဘက်သို့ ပြောင်းရွှေ့သွားကြပြီး အချို့လည်း မတိမ်းရှောင်ဘဲ မြို့ပေါ်တွင် ရှိနေပါတယ်။
စစ်ကောင်စီတပ်အနေဖြင့် လားရှိုးမြို့ထဲသို့ တင်းပြည့်ကျပ်ပြည့် မဝင်ရောက်သေးခင် လားရှိုးမြို့ ရပ်ကွက်(၅) ရှိ ဆိုင်ကယ် ပွဲစားတန်းဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ဆက်ကြေးကောက်ရန် ပြောဆိုလာပြီး အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီတောင် မဝင်လာသေးခင် ဆက်ကြေးကောက်ဖို့ စာရောက်လာပြီ၊ ရပ်ကွက် ၅ ဆိုင်ကယ်ပွဲစားတန်းဘက် မန်ကောင်းဘက်မှာ အစည်းအဝေး ခေါ်တယ်။ ဒီလိုက ထပ်ရှိဦးမယ်၊ ပြည်သူ့စစ်တွေလည်း ထပ်ဝင်လာဦးမယ်၊ စစ်တပ်ဝင်လာရင် လားရှိုးလည်း မူဆယ်လိုပဲ ဖြစ်သွားမယ်။ လုံခြုံရေး မရှိဘဲနဲ့ ခိုးဆိုးလုနှိုက် ပိုပေါလာမယ်”လို့ လားရှိုးဒေသခံ စိုင်းလူက စိုးရိမ်စိတ်နဲ့ ပြောပါတယ်။
ဧပြီလဆန်းပိုင်းက လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရန် ပြင်ဆင်နေစဉ် ဆေးရုံ၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများကို အားလုံးနီးပါး ကားတင်ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါ့ကြောင့် မြို့နေပြည်သူများမှာ နာမကျန်း ဖြစ်ပါက ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ အခက်အခဲ ဖြစ်လျက်ရှိကာ ရပ်ကွက်အတွင်း နီးစပ်ရာ ဆေးခန်းများကိုသာ သွားရောက်ပြသနေရပြီး စစ်ကောင်စီဘက်မှ ဆေးရုံအုပ် ရောက်ရှိနေသော်လည်း လားရှိုးဆေးရုံကြီး ပြန်ဖွင့်နိုင်မည့် အခြေအနေကို မသိနိုင်သေးပေ။
“ရပ်ကွက်ထဲက ဆေးခန်းလေးတွေပဲရှိတယ်၊ သာမန် ဖျားနာဆိုရင် ဆေးတစ်ချောင်း တစ်သောင်း/ နှစ်သောင်းဝန်းကျင် ကုန်တယ်။ ဆေးရုံအုပ်ပြန်လာပြီလို့ ကြားပေမယ့် ပစ္စည်းတွေက ကိုးကန့်ဘက် သယ်သွားတာဆို ဘာနဲ့ ဆေးရုံဖွင့်ကြမှာလဲ။ တချို့လည်း အလုပ်ထွက်ကုန်ကြပြီ”လို့ နန်းသီတာက မျှော်လင့်ချက်မဲ့စွာ ပြောပါတယ်။
လားရှိုးမြို့ ပြန်လည်အပ်နှံရေးအတွက် စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်တို့ ဧပြီ (၂၂) ရက်နေ့အထိ သုံးပွင့်ဆိုင် အစည်းအဝေး ဆက်ရှိနေပြီး ဆွေးနွေးမှုရလဒ်ကို အများပြည်သူသို့ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးဘဲ ပဟေဋိပုစ္ဆာအဖြစ် ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။
“ပြည်သူတွေကို အသိပေး ရှင်းလင်းတာ ဘယ်အဖွဲ့မှ မရှိဘူး။ လားရှိုးမြို့က တရုတ် ကလဖန်ထိုးတာ ခံနေရတဲ့အဖြစ်။ ဒိုင်လျှိုသိပ်ပြီး လုပ်ချင်တာ လုပ်သွားကြတာ၊ ပြည်သူတွေကို သူတို့ ကစားစရာလို သဘောထားနေတာ”လို့ စိုင်းလူက ဝမ်းနည်းစွာ ပြောလာပါတယ်။
တရုတ်ဖိအားကြောင့်နဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ကိုးကန့်တပ်က လားရှိုးမြို့ကနေ ဆုတ်ခွာတာမျိုး ပြောဆိုမှုတွေကြား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောကြားထားတဲ့ မြန်မာနိုင်ငံအတွက် စည်း (၃) စည်းကို တရုတ်ကိုယ်တိုင်ပဲ ချိုးဖောက်လာခဲ့သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးခင်မှာ ပြည်သူတွေအတွက် တာဝန်ခံမယ့်သူ မရှိဘဲ လားရှိုးမြို့ကြီးက တရုတ်ရဲ့ “ကျားကွက်” ကစားပွဲမှာ သက်သက်ထိုးကျွေးခံရရုံသာ … ။












Leave a Comments