ညီနောင်မဟာမိတ် (၃) ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံနည်းလမ်းမျိုးစုံဖြင့် အတူတကွကျော်ဖြတ်ပြီး “၁၀၂၇ စစ်ဆင်ရေး” စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိအောင် စည်းလုံးညီညွတ်ကြမည်ဟု TNLA နှင့် MNDAA တို့က AA ထံ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။
ယနေ့ (ဧပြီလ ၁၀ ရက်) တွင် ကျရောက်သည့် (၁၆) နှစ်မြောက် အာရက္ခတပ်တော် AA တည်ထောင်သည့် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ သဝဏ်လွှာတွင် ဆိုထားခြင်း ဖြစ်သည်။
စစ်အာဏာရှင်ကို တော်လှန်ပြီး မြန်မာပြည်သူလူထုနှင့် ကိုက်ညီသော နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်နိုင်ရန် မြန်မာနိုင်ငံတဝှမ်း တော်လှန်ရေးနယ်မြေ အသီးသီးတွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ တည်ရှိကာ တော်လှန်ရေးအလုပ်များကို လက်တွေ့ကျကျ ဖော်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ကိုယ့်မြေ ကိုယ့်ဒေသ၊ ဒေသနေ လူထုနဲ့ ကိုက်ညီတဲ့စနစ် ဖန်တီးနိုင်မှ အားလုံး လွတ်မြောက်နိုင်မယ်လို့ ရေးချင်ပုံပါပဲ။ … ပြည်နယ်ရရှိရေး၊ ကိုယ်ပိုင်ချုပ်ခွင့် ရရှိရေး၊ ရက္ခိတအိမ်မက် စသဖြင့်ပေါ့။ တစ်ဖွဲ့ချင်းစီမှာ သူ့အိပ်မက်ကိုယ်စီ ရှိကြတယ်လေ”ဟု သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ AA ၏ အာရက္ခအိမ်မက် (Arakan Dream) နှင့် အာရက္ခတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ရခိုင်သားတို့၏ လက်ထဲသို့ မကြာမီအချိန်တွင် ရောက်ရှိတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့မှ ကမကထပြု၍ အခြားမဟာမိတ်တပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့်အတူ အကောင်အထည် ဖော်လိုက်သည့် “၁၀၂၇ စစ်ဆင်ရေး”သည် အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံး အစပြု စစ်ဆင်ရေး ဖြစ်လာပြီး ပြည်သူများ၏ ထောက်ခံမှုဖြင့် ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည့် ခြေလှမ်းများဖြစ်ကြောင်း ဆိုထားသည်။
ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် စစ်ကောင်စီတပ်၏ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ထားနိုင်ပြီး မြို့တော် စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့များက လွဲ၍ ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည်။
အခြားတစ်ဘက်တွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် (၈)လကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်အပ်မည်ဟု ဒေသခံများက ပြောဆိုနေကြသည်။












Leave a Comments