သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ နမ့်ခုတ်ချောင်းထဲ စွန့်ပစ်သောကြောင့် ဒေသခံ သျှမ်းပြည်လူထု အပါအဝင် နမ့်ခုတ်ချောင်းတလျှောက် မှီတင်းနေထိုင်သည့် ထိုင်းနိုင်ငံ သား လူထုသိန်းဂဏန်းအတွက် အန္တရာယ်များလှသည်ဟု ပညာရှင်းများနှင့် စောင့်ကြည့်သူများ ကဆိုသည်။
ကီလိုမီတာ ၂၈၅ ရှည်လျားသည့် နမ့်ခုတ်ချောင်း တလျှောက် မှီတင်းနေထိုင်သော မိုင်းဆတ်မြို့နယ်အတွင်း ၈ သောင်းကျော်၊ မိုင်းခုတ်မြို့တွင် ၂ သောင်းခန့် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်တွင် ၇ သောင်းကျော်၊ ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့နယ် နှင့် ချိန်းဆဲန်မြို့နယ်တွင် လူဉီးရေ ၂ သိန်းကျော်တို့အတွက် အန္တရာယ်များလှသည် ဟုလည်း ပြောသည်။
“ရွှေတူးနေတာတို့၊ တောတောင် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးနေတာတို့ ရပ်စေချင်တယ်၊ ဒီလိုလုပ်ရပ် ကြောင့် သဘာဝပတ်ဝန်းကျင်ပဲ ပျက်စီးတာမဟုတ်ဘူး၊ လူထုကျန်းမာရေးလည်း ထိခိုက်လာတယ်၊ နောင်တက်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်းထိခိုက်လာနိုင်တယ်” – ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင် ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က ဆက်ပြောသည်။
ထိုင်းအာဏာပိုင်များလည်း မတ်လလယ်ပိုင်းက နမ့်ခုတ်ချောင်းတစ်လျှောက် ၃ နေရာခွဲပြီး ဓာတ်ခွဲ စစ်ဆေးခဲ့ကြောင်း ချောင်းရေထဲတွင် အာဆင်းနစ်(Arsenic) နှင့် ခဲ (Lead) စသည့် ဓာတုအရည်များ သတ်မှတ် စံနှုန်းထက် ၁၀ ဆနီးပါး ကျော်လွန်နေသောကြောင့် ချောင်းကို မှီခိုအားထားရသည့် ဒေသခံများအတွက် အန္တရာယ်ရှိကြောင်း ပြောသည်။
ချင်းမိုင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ဒါရိုက်တာ မစ္စတာ အာဝီရ ပဂါမတ် ( Aweera Pakamat) က – “ရေထဲမှာ ပါဝင်နေတဲ့ အာဆင်းနစ် (Arsenic) နှင့် ခဲ (Lead) ပါဝင်မှု သတ်မှတ်ချက်ထက် အဆပေါင်း များစွာပိုနေတာတွေ့ရတယ်၊ ဒီလိုအဆိပ်တောက်တွေကြာရှည်စွာ ရှိနေရင် အဲဒီ့ ချောင်းရေကို မှီခိုနေတဲ့ ဒေသခံတွေအတွက် အရေပြားရောဂါတွေအပြင် ကင်ဆာရောဂါလဲ ဖြစ်ပွားနိုင်ချေများတယ်” – ဟု မတ်လ ၆ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းစာတွင် ပြောကြားထားသည်။

နမ့်ခုတ်ချောင်းတလျှောက် ရွှေတူးဖော်မှုနှင့်ပတ်သက်ပြီး “ဝ” ဘက်မှ လုပ်ငန်းများရပ်နားထားဖို့ ပြော သော်လည်း လက်တွေ့တွင် လုပ်ငန်းများရပ်နားခြင်းမရှိဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က ဆက်ပြောသည်။
“ ဝ ဘက်ကတော့ လုပ်ငန်းတွေကို နားထားဖို့ပြောတယ်၊ တရားဝင်စာနဲ့ပေနဲ့ထုတ်ပြန်တာမျိုးမဟုတ်ပဲ ပါးစပ်ကနေပဲပြောတော့ လက်တွေ့ တကယ်ရပ်တာလားဆိုလဲ မပြောနိုင်ဘူးလေ၊ လုပ်ငန်းက လည်ပတ်နေတုံးပဲ” ဟု စိုင်းဟော်ရှဲန် က ပြောသည်။
နမ့်ခုတ်ချောင်းတစ်လျှောက်နေထိုင်သော ဒေသခံအချို့အရေပြားယားယံသောရောဂါ ခံစားလာရပြီး ချောင်းရေ၏ အရောင်ပြောင်းလာမှုကြောင့် မတ်လ ၁၄ ရက် ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် မယ်အိုင်းမြို့နယ် ဒေသခံပြည်သူ ၇၀၀ ခန့် က နမ့်ခုတ်ချောင်းဖျားနှင့် ချောင်းတလျှောက် ရွှေတူးဖော်မှုရပ်တန့်ပေးရန် သက်ဆိုင်ရာကို ဆန္ဒပြတောင်းဆိုခဲ့သည်။

နမ့်ခုတ်ချောင်းသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခုတ်မြို့ အနီးတွင် မြစ်ဖျားခံပြီး မိုင်းခုတ်၊ မိုင်းဆတ်၊ မိုင်းယွန်း ဒေသကို ဖြတ်သန်းစီးဆင်းကာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်၊ ချင်းရိုင်းခရိုင် မယ်ဖှာ့လုံမြို့နယ် မယ့်ကျန်းမြို့နယ်၊ ချင်းရိုင်းမြို့တွင်း မှတဆင့် ချိန်းဆဲန်မြို့နယ်တို့ကို ဖြတ်သန်းကာ မဲခေါင်မြစ်ထဲသို့ စီးဝင်သည်။
အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။












Leave a Comments