Tuesday, January 27, 2026

“လားရှိုးမြို့ကို အခွံပဲချန်ထားတယ်။ MNDAA အကုန်တင်သွားပြီ”

သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး တရုတ်၏ ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ရာ သဘောတူညီချက် တစုံတရာ မရရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ လားရှိုးမြို့ပေါ်မှ သင်္ကြန်အပြီးတွင် MNDAA တပ်ဆုတ်ပေးရန် ဖြစ်လာသည်။

အလားတူ မတ်လဆန်းပိုင်းမှ စတင်ပြီး လားရှိုးမြို့မှ ကိုးကန့်တပ်သား အင်အားအများအပြား စစ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခဲ့ခြင်းကြောင့် ယခင်က သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ဇွန်လမတိုင်မီ လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုတ်ခွာသွားမည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြသည်။

စစ်ကောင်စီ၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နှစ် ၂၀၂၄ ဩဂုတ်လ ပထမပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး (၈) ကျော် ထိန်းချုပ်ထားနိုင်ခဲ့ရာမှ ၂၀၂၅ ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ရမည့် အခြေအနေကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ လားရှိုးဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ လက်ရှိ လားရှိုးမြို့ကနေ ကိုးကန့်တပ် MNDAA တပ်ဆုတ်မှာက ဘယ်လို အခြေအနေရှိလဲ။ လက်ရှိ လားရှိုးမြို့ အခြေအနေကို ပြောပြပေးပါဦး။

ဖြေ ။ ။ လောလောဆယ် ပြောရမယ်ဆိုရင်တော့ လားရှိုးမြို့ကနေ MNDAA ဘက်ကတော့ တပ်ပြန်ဆုတ်ဖို့ဆိုတာ ၁၀၀ ရာခိုင်နှုန်း ပြောလို့ရပြီပေါ့၊ ဒါ သေချာသလောက်လည်း ရှိသွားပြီ။ ကျနော်တို့ ကြားသိသလောက် ဆိုရင် စကစ ရဲ့ အရပ်သားလိုင်းပေါ့၊ အရင်ဆုံး အုပ်ချုပ်ရေးလိုင်းတွေ လာမယ်။ လဝက တို့၊ ပညာရေး၊ ကျန်းမာရေး ဒီဌာနတွေ ပြန်ပြီးတော့ ဝင်ရောက် နေရာယူမယ်၊ စကစရဲ့ အုပ်ချုပ်မှု ယန္တရားတွေ ပြန်လည်ပတ်မယ်ပေါ့။

သို့သော် အဲ့လိုမျိုး ဖြစ်တယ်ဆိုပေမယ့်လည်း ထပ်ကြားရတာတစ်ခုက ရပ်ကွက် (၁) ကနေ (၁၂) အထိပါပဲ ပြောမယ်ဆိုရင်တော့ မြို့ပေါ် လူနေရပ်ကွက်လောက်ပဲပေါ့။ ကျန်တဲ့ဟာ အပြင်ဘက် အားလုံးကိုတော့ ကိုးကန့်တပ် MNDAA ကပဲ ဆက်ပြီး ထိန်းချုပ်မယ်ပေါ့နော် အဲ့တာလည်း ကျနော်တို့ ကြားနေရတယ်။

လားရှိုးမြို့

ဘာလို့လည်း ဆိုတော့ ကျနော်တို့ ကြားသိရသလောက်ပေါ့ ရောက်မလာသေးပေမယ့် သတင်းထွက်နေတဲ့ အတိုင်း ပြောမယ်ဆိုရင် သိန္နီဘက် ထွက်သွားတဲ့ဘက်ဆိုရင် ဟိုပိတ်၊ မိုင်းယော်ဘက် ထွက်သွားတဲ့ဘက်ဆိုရင် (၆၈) တပ် အကျော်ပေါ့။ ရပ်ကွက် (၅) ဘက်ဆိုရင် မန်အိုင်၊ သီပေါ ထွက်တဲ့ဘက်ဆိုရင် မယ်ဟန် အကျော်မှာပေါ့၊ နမ္မတူ ထွက်သွားတဲ့ဘက်ဆိုရင် အီနိုင်းရဲ့ ဒီဘက် မြို့ရှောင်လမ်းနားတဝိုက် အားလုံးသည် ကိုးကန့်တပ်ကပဲ ပြန်ထိုင်မယ်လို့ အဲ့လို ကြားတာပေါ့နော်။

အဲ့လိုဆိုရင် ကျနောတို့ မြင်ရသလောက် ပြောရမယ်ဆိုရင်တော့ စကစ သည် ပြန်ဝင်လာမယ် သို့သော် ပြောရရင် လူနေရပ်ကွက် (၁) ကနေ (၁၂) ထိပဲ သူက လာနေမယ်ပေါ့။ ထပ်တစ်ခုက လားရှိုးမြို့ထဲမှာလည်း ကိုးကန့်တပ်ရဲ့ ဆက်ဆံရေးရုံးကလည်း ရှိနေဦးမယ်။ တရုတ်ကလည်း သူ့ရဲ့ ကောင်စစ်ဝန်ရုံး ထားမယ်လို့လည်း ကြားတယ်။ နောက်ပြီးတော့ ‘ဝ’နဲ့ တရုတ် ဒါမှမဟုတ်ရင် စစ်ကောင်စီနဲ့ တွဲပြီး ကျန်းမာရေးပိုင်း လုပ်မယ်ဆိုတာလည်း အွန်လိုင်းပေါ် ပျံ့နေတာပဲရှိတယ် အတည်ပြုလို့ မရဘူး။

ပြီးရင် စကစ ကလည်း အရေအတွက်နဲ့သာ ဝင်လာမယ်၊ ဟိုတုန်းကလို တိုင်းစစ်ဌာနချုပ်ကြီး လာထိုင်မှာလည်း မဟုတ်တော့ဘူးပေါ့။ ဒါက ကျနော်တို့ တောက်လျှောက် ကြားနေရတဲ့ အရာပေါ့နော်။ ဝင်လာမယ် ဆိုတာတော့ အတည်ပြုလို့ ရတယ်၊ ဒါပေမယ့် ပြန်ဝင်လာပြီးတဲ့နောက် ဘယ်လို နေရာချမယ်ဆိုတာ တကယ်ဝင်လာတဲ့ အခါကျမှပဲ ထပ်ပြောလို့ ရမယ်။

မေး ။ ။ MNDAA က လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် စစ်ကောင်စီကို ပြန်အပ်တယ်၊ ပြန်မအပ်ရင်လည်း လေကြောင်းနဲ့ ဗုံးထပ်ကြဲမှာ စိုးရိမ်ရတယ် ဆိုပြီးတော့ ပြောဆိုနေကြတဲ့အပေါ် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ရတဲ့ တကယ့်အကြောင်းရင်းက ဘာများ ဖြစ်နိုင်မလဲ။

ဖြေ ။ ။ ဒါကတော့ ပြောမှာပဲ၊ ဒီကိစ္စမှာ ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် ဒါကို ဘယ်လိုမြင်လဲဆိုတော့ လေယာဉ်နဲ့ ဗုံးကြဲမယ်၊ တရုတ်က ဖိအားပေးမယ် ပြောလို့ ဆုတ်တယ်ဆိုတာ လက်သင့်ခံလို့လည်း ရသလို လက်မခံချင်တဲ့ အပိုင်းမှာလည်း ကျနော်တို့ ပြည်သူအနေနဲ့ ရှိတယ်။

ပြည်သူကတော့ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး။ ပြည်သူတွေက ပွင့်တဲ့ပန်းကို နမ်းရမှာပဲ၊ ဟိုပန်းပွင့်ပါ ဒီပန်း မပွင့်နဲ့ ပြောလို့ မရဘူး။

သို့သော် ခုနက ပြောသလို တရုတ်ပြည်ရဲ့ ဖိအားကြောင့်နဲ့၊ လေယာဉ်ကို ကြောက်လို့ ဆိုတာ ဘာလို့ အစကတည်းက မသိဘူးလားပေါ့ ဒါမေးချင်တယ်။ ဘာလို့လည်း ဆိုတော့ သျှမ်းပြည်မြောက်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ခြံပေါက်လူပါ၊ မွေးလာကတည်းက ဒီတိုင်းရင်းသား လက်နက်ကိုင်တွေ ဘာလဲ ဆိုတာ ကိုယ်လည်း အားလုံးမြင်တယ်။ ပြောရမယ် ဆိုရင် တောင်ပေါ်ဒေသမှာ မွေးတဲ့လူဆိုတာ နှစ်ပေါင်း (၇၀) တိုက်ပွဲကြားထဲမှာ မွေးလာတဲ့ လူတွေပါပဲ။

အစကတည်းက ကျနော်တို့ မြင်နေတာပဲ ဒီနှစ်ပေါင်း (၇၀) လိမ်ဖယ်လိမ်ဖယ် စစ်ပွဲကြားထဲ ဆန်ပေးဆီရ ဆီပေးဆန်ရ ဒီလိုမျိုး နေလာတာ မျက်မြင်ကိုယ်တွေ့ပဲ။ တရုတ်ဖိအားကို မလွန်ဆန်နိုင်ဘူးဆိုတာ ဒီ “၁၀၂၇ စစ်ဆင်ရေး” မြို့သိမ်းတိုက်ပွဲ ဖြစ်မှ မဟုတ်ဘူးလေ၊ ဟိုတုန်းကတည်းက ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ တရုတ်ကို ဘယ်တော့မှ မလွန်ဆန်နိုင်ခဲ့ပါဘူး။ ပြီးတော့ ဒီလိုမျိုးလုပ်ရင် တပ်မတော်မှာ လေယာဉ်ရှိတယ် ဆိုတာလည်း အခုမှ သိကြတာ မဟုတ်ဘူး၊ ဟိုတုန်းကတည်းက သိကြတယ်။ ကျနော်တို့ ပြောချင်တာ မဖြစ်နိုင်ရင် မလုပ်နဲ့၊ လုပ်ပြီဆိုရင် အဆုံးစွန်အထိလုပ်။

သဘောတရားက လားရှိုးမြို့ကို ဝင်တိုက်တယ်၊ လားရှိုးကလူတွေ ထွက်ပြေးနိုင်သလောက် ထွက်ပြေးပြီးပြီပဲ။ နံပါတ်တစ်အချက် – တရုတ်ပြည်က ဖိအားပေးမယ်ဆိုတာ တရုတ်ရဲ့ ဖိအားကို ဘယ်လို ရှောင်ကွင်းမလဲဆိုတာ ဘာလို့ မစဉ်းစားပြီးမှ လုပ်လဲ။ နံပါတ်နှစ် – စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲမယ် ဆိုတာလည်း သိနေတယ်လေ၊ သိပြီဆိုရင် လေကြောင်းရန် ကာကွယ်ရေးတွေ မရှိဘဲနဲ့ ဘာလို့ လာတိုက်လဲ။ အဲ့ဒီအတွက် ဘာပြောချင်လဲ ဆိုရင် အခုလိုမျိုး စကားနဲ့ အကြောင်းပြ အကြောင်းဦးတည်ပြီးတော့ ပြောနေလို့ အဆင်မပြေဘူး။

လားရှိုးမြို့က ပြည်သူတွေက ဘာနဲ့ သွားတူလဲဆိုတော့ သူတို့ရဲ့ နိုင်ငံရေး စကားဝိုင်း၊ နိုင်ငံရေး လောင်းကစားမှာ သက်သက် ထိုးကျွေးခံရတာ။ ဘာလို့လဲဆိုတော့ လားရှိုးမြို့က လူတွေဆိုတာ သေတဲ့လူ သေတယ်၊ ကြေတဲ့လူ ကြေတယ်။ အိမ်တွေ ပျက်စီးတယ်၊ မီးလောင်တယ်။ တချို့လူဆို စစ်ရှောင်ဘဝနဲ့ ဆင်းရဲမွဲတေသွားတာလည်း အများကြီးဖြစ်တယ်။ စစ်ရှောင်ဘဝနဲ့ တခြားဒေသမှာ မျက်ရည်မျက်ခွက်နဲ့ ဖြစ်ပြီးတော့ ဒုက္ခဆင်းရဲ အမျိုးမျိုး ကြုံရတယ်၊ တချို့ဆို စစ်ရှောင်ပြီးတော့ ရေဘေးနဲ့ သေရတာရှိတယ် စစ်ရှောင်ပြီးတော့ ငလျင်ဘေးနဲ့ သေပေးရတာ ရှိတယ်။ ဒါတွေသည် အားလုံး ပြည်သူတွေ တကယ်ခံစားရတယ်။

အခု ဒီလိုမျိုး စကားဝိုင်းနဲ့ ပြန်ပြီးတော့ ထိုးပေးလိုက်တယ်ဆိုတာ ပြည်သူက ဘာနဲ့ တူလဲဆိုတော့ အောင်နက်နဲ့ ဂုတ်ကြား ကြားထဲမှာ ဘောလီဘော ဖြစ်နေတာ၊ ဟိုဘက်ကလည်း ဒီဘက်ရိုက် ဒီဘက်ကလည်း ဟိုဘက်ရိုက် အလှည့်ကျ ရိုက်နေတာ ကျနော်တို့ ပြည်သူကို။ ဒီအချိန်မှာမှ ချော်လဲရောထိုင် လုပ်ပြီးတော့ တရုတ်ပြည်က ဖိအားပေးလို့၊ စကစ က လေယာဉ်နဲ့ ဗုံးကြဲလို့ဆိုတာ ဒါအစကတည်းက သိရမယ်လေ၊ ဖြစ်လာမယ့်အရာကို ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲနဲ့ ဘာလို့ ပြည်သူတွေကို ဒုက္ခပေးတာလဲ။ အစကတည်းက မလုပ်နဲ့လေ၊ ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာ မစဉ်းစားဘူးလား။

အခု လားရှိုးမြို့ကို ဝင်သိမ်းတယ်၊ ဝင်သိမ်းပြီးရင် ဘယ်လိုထိန်းမလဲ။ အစီအစဉ် မရှိဘဲနဲ့ လားရှိုးမြို့ကို ဝင်သိမ်းတယ်၊ ပြည်သူတွေ ထွက်ပြေးရတယ် သူခိုးဘေးဖြစ်တယ်။ စစ်ဘေးက ခံရပါတယ်ဆိုနေမှ သူခိုးဘေးက ထပ်ခံရတယ်။ လားရှိုးက ပြည်သူတွေဆိုရင် တော်တော်လေးကို ခါးစည်းပြီးတော့ ခံရတယ်။

မေး ။ ။ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ သဘောတူညီမှုအတွက် အလဲအထပ် လုပ်တဲ့အချိန်မှာ ပြည်သူတွေအတွက် ဘယ်လိုအာမခံချက်မျိုး တောင်းဆိုချင်လဲ။

ဖြေ ။ ။ ဘယ်လို တောင်းဆိုချင်လဲ ဆိုတော့ နံပါတ်တစ်အချက်က စကစ က ပြန်ဝင်လာမယ်၊ MNDAA က ထွက်သွားမယ် အခု ရပ်ကွက် (၁) ကနေ (၁၂) အထိ ရှိတယ်။ တချို့လူတွေဆိုရင် MNDAA ပြန်ဝင်လာလို့ စားဝတ်နေရေး မပြေလည်လို့ MNDAA လက်အောက်မှာ ဝင်ပြီးတော့ ဝန်ထမ်းတွေ လုပ်ရတယ်။ ကျန်းမာရေးဝန်ထမ်း ရှိတယ်၊ လုံခြုံရေးဝန်ထမ်း ရှိတယ်၊ EPC ဝန်ထမ်းရှိတယ် အစုံပါပဲ ဌာနဆိုင်ရာ အားလုံးမှာ။ စီးပွားရေးအရ ဝမ်းစာအရ အလုပ်မရှိလို့ ဝင်ပြီးတော့ အလုပ်လုပ်ရတဲ့လူတွေ ရှိတယ်။

နောက်ပြီး ကိုယ့်ရဲ့ ရပ်ကွက် သာယာပြည့်ဖြိုးဖို့အတွက်၊ ဟိုတုန်းက ထမ်းဆောင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေ နယ်မြေမှူးတွေ ရာအိမ်မှူးတွေကလည်း စစ်ရှောင်သွားကြပြီ။ အခု ရှိတဲ့လူတွေနဲ့ ကိုယ့်ရပ်ရွာအရေး ကိုယ်မလုပ်ရင် ဘယ်သူလုပ်မလဲ ဆိုတဲ့စိတ်နဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အုပ်ချုပ်ရေးမှူး လုပ်တဲ့လူရှိတယ်၊ ရာအိမ်မှူး လုပ်တဲ့လူရှိတယ်။

အဲ့ဒီလူတွေကော ဘယ်လို အာမခံချက် ရှိမလဲ၊ ဘယ်လို လုပ်ပေးမလဲ ဒါတွေသည် တော်တော် အရေးကြီးတယ်။ တချို့တွေဆိုရင် CDM ဆရာ/မတွေ ပြန်ဝင်ပြီးတော့ အလုပ်လုပ်တယ် ဒါတွေကော ဘယ်လို လုပ်ပေးနိုင်မလဲ။ ဒီတိုင်း ဖင်ခါခေါင်းခါ ဖင်ပုတ်ခေါင်းပုတ် ထွက်သွားရုံတော့ မရဘူး အဲ့လိုမလုပ်သင့်ဘူးလို့ မြင်တယ်။ အဲ့လိုမျိုး လုပ်ခဲ့မယ်ဆိုရင် နောင်တချိန်မှာ MNDAA သည် နိုင်ငံရေးသမိုင်း လုံးဝ သေသွားမယ်၊ အခုလည်း တစ်ပိုင်းသေနေပြီလို့လည်း ကျနော်တို့ မြင်တယ်။

မေး ။ ။ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးမှာ MNDAA နဲ့ ပူးတွဲပြီး အလုပ်လုပ်ခဲ့တဲ့ CDM ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးပိုင်း လုံခြုံရေးပိုင်းတွေမှာ တာဝန်ယူခဲ့တဲ့လူတွေအနေနဲ့ စစ်ကောင်စီ ပြန်ဝင်လာမယ့် အခြေအနေမျိုးမှာ ဘယ်လို လုပ်ဆောင်သင့်လဲ။ ဥပမာ – မြို့ထဲ ဆက်နေရမှာလား၊ MNDAA ထိန်းချုပ်တဲ့ အခြားဒေသကို လိုက်သွားရမှာလား။

ဖြေ ။ ။ ဒါကတော့ ကြားနေရတာကတော့ လိုက်ချင်ရင် သူတို့နောက်လိုက်ပေါ့ ဒီလိုတော့ ကြားတယ်။ ဒါပေမယ့် တချို့လူကျတော့ လိုက်လို့ အဆင်မပြေဘူးလေ။ ဘာလို့လဲဆိုတော့ ပြည်သူလူထုဆိုတာ အိမ်မဲ့ယာမဲ့ မဟုတ်ဘူးလေ၊ သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းတွေ ဒီမြို့ထဲမှာ ရှိတယ်လေ ဒီဟာတွေ ထားပစ်ခဲ့ပြီး သွားလို့မှ မရတာ။ အားလုံးက ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်မိသားစု ရှိကြတယ်လေ အဲ့လိုမျိုးဆိုရင် လိုက်သွားလို့မှ အဆင်မပြေတာ။

ကျနော်တို့ လိုချင်တာက အာမခံချက် ဘာပေးထားသလဲ၊ လုပ်ပေးပါ။ ဒီလိုမျိုးလူတွေ ငါတို့ကို ကူညီပေးခဲ့တဲ့လူတွေကို စကစဘက်က ဒုက္ခမပေးပါနဲ့၊ ခေါ်ယူစစ်ဆေးမေးမြန်းတာ ဖမ်းဆီးတာ မလုပ်ပါနဲ့ ဒါတွေအားလုံးက ကတိကဝတ်နဲ့ အားလုံး ရှိထားသင့်တယ်လို့ မြင်တာပေါ့လေ။

မေး ။ ။ အခုဆိုရင် MNDAA က ပြန်ထွက်သွားမယ်ဆိုတော့ ကျန်းမာရေး၊ ပညာရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်တော့မယ့် အခြေအနေမျိုး ပြန်ဖြစ်လာတယ်။ ဒီဟာက MNDAA မဝင်ခင်မှာ ရှိခဲ့တဲ့ စနစ်တွေအတိုင်း၊ ကြားထဲမှာ ပြန်လည်ထူထောင်ရေးကာလမှာလည်း ပြန်ပြီးတော့ အားကောင်းလာခဲ့တဲ့သလို အခု MNDAA က ပြန်ထွက်သွားမယ့် အခြေအနေမှာ ပြည်သူတွေက ဒီအရာတွေကို ဘယ်လိုထပ်ပြီး ရင်ဆိုင်ဖြတ်ကျော်ရမလဲ။

လားရှိုးမြို့ ပြည်သူ့ဆေးရုံပစ္စည်းများကို MNDAA သယ်ယူစဉ်

ဖြေ ။ ။ ဒီအကြောင်းကိစ္စ ပြောမယ်ဆိုရင် တော်တော်ခက်တယ်၊ တော်တော်လေးလည်း ရင်နာတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့သိထားသလောက် အခုဆိုရင် လားရှိုးမြို့မှာ MNDAA က အခွံပဲ ချန်ထားတယ်။ ကျန်းမာရေးဆိုရင် လားရှိုးပြည်သူ့ဆေးရုံကြီးဆိုတာ စကစပဲ ပိုင်တာ မဟုတ်ဘူးလေ၊ ပြည်သူ့ဆေးရုံထဲမှာ ရှိထားတဲ့ ပစ္စည်းတွေဆိုတာ အများပြည်သူပိုင် ပစ္စည်းတွေလို့ ပြောလို့ရတယ်၊ အဲ့တာကြောင့် ပြည်သူ့ဆေးရုံကြီးလို့ နာမည်တပ်တာကိုး။

အဲ့ဒီမှာ ဘာတွေရှိလဲဆိုတော့ NGO တွေ လှူထားတဲ့ ပစ္စည်းတွေ ရှိတယ်။ ၂၀၁၀-၂၀၁၁ မှာ ဂျပန်တွေ လာပြီးတော့ အဆောက်အဦးတွေ ဆောက်ပေးခဲ့တယ်၊ ဂျပန်နည်းပညာနဲ့ လုပ်ထားတဲ့ စက်ပစ္စည်းတွေ သိန်းထောင်ချီ ရာချီတန်တဲ့ ပစ္စည်းတွေလည်း လှူထားပေးခဲ့တယ်။ တချို့ဟာတွေဆိုရင် လူနာက ဆေးရုံလာတက်တယ်၊ ရောဂါပျောက်ကင်းသွားလို့ တတ်နိုင်သလောက် ပစ္စည်းတွေ ဝယ်လှူသွားတာရှိတယ်။ ပြီးရင် ပုဂ္ဂလိက တစ်ယောက်ယောက်၊ အဖွဲ့အစည်း တစ်ခုခုက ပစ္စည်းတွေ လှူထားတာ ရှိတယ်။ ဒါကို ခြုံငုံပြီးပြောလို့ ပြည်သူ့ဆေးရုံလို့ ခေါ်တာ။

အခုဆိုရင် အဲ့လိုမျိုး ပစ္စည်းတွေ အားလုံးကို MNDAA ဘက်က ပြည်သူကို မသနားဘဲနဲ့ တော်တော်များများ တင်သွားကြတယ်။ ကျနော်တို့ ပြောချင်တာက စစ်ဆေးရုံကဆိုရင် တင်သွားပါ ကိစ္စမရှိဘူး၊ သူတို့စစ်သားအချင်းချင်းတိုက်လို့ ယူသွားတာပဲ။ အခုဆိုရင် စာသင်ကျောင်းသုံးပစ္စည်းတွေ Printer ပရင်တာစက်တွေ ကွန်ပျူတာတွေကအစ အားလုံး မ,သွားတယ်။

နောက်ပြီး မီးကြိုးတွေကအစ ယူတယ်၊ EPC ထဲမှာဆိုရင် မီတာဘောက်တွေ ထရန်စဖော်မာတွေ ပြီးရင် မီးကြိုးတွေ တင်သွားတယ်။ EPC တောင်မှ သူတို့အချင်းချင်း စကားများတယ်၊ မြို့ခံတွေကျတော့လည်း အားလုံးမတင်သွားပါနဲ့ ထားခဲ့ပေးပါဦး ပြောလို့ အဲ့လိုနဲ့ စကားများကြတာလည်း ရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘာတွေ့ရလဲဆိုရင် MNDAA ထွက်သွားရင် လားရှိုးပြည်သူတွေ တော်တော်ဒုက္ခရောက်မယ်။

ဘာလို့လဲဆိုရင် စကစ ဆိုတာ ဘယ်သောအခါမှ ပြည်သူလူထုအပေါ် စေတနာ မရှိဘူး၊ သူပြန်ဝင်လာတဲ့အချိန် ဆေး (၃) လုံးရှိရင် (၃) လုံးစာပဲ သူကုပေးမှာ အဲ့တာကုန်ရင် သူက စိတ်မဝင်စားတော့ဘူး။ ရိုးရိုးဓာတ်မှန်ရိုက်စက်ရှိရင် အဲ့တာနဲ့ပဲ ရိုက်မယ်၊ အရေးကြီးတဲ့ တီဗီဓာတ်မှန်လိုမျိုး သူမရိုက်ပေးနိုင်တော့ဘူး စက်မရှိတော့တဲ့အတွက်ကြောင့်။ ရှိတဲ့ဟာလောက်ပဲ သူက လာသုံးမှာ၊ သူထပ်ဝယ်ပြီးတော့ ပြည်သူတွေကို လာလုပ်ပေးဖို့ဆိုတာ သူ့မှာ စေတနာ မရှိဘူး။ ဟိုတုန်းကလည်း မရှိဘူး၊ နောက်နောင်လည်း ပိုပြီးတော့ ရှိမှာမဟုတ်ဘူး။

အဲ့ဒီအတွက်ကြောင့် တစ်ဘက်မှာလည်း စေတနာ မရှိသလို တစ်ဘက်ကလည်း ရှိတဲ့ပစ္စည်းတွေ အားလုံးကို သယ်ထုတ်သွားတော့ ပြည်သူတွေ နောက်နောင်ဆိုရင် ကျန်းမာရေးပိုင်း တော်တော်ဒုက္ခရောက်လိမ့်မယ်။ MNDAA အနေနဲ့လည်း ဒါတွေကို လုံးဝ မလုပ်သင့်ဘူး၊ သူတိုက်တာက စကစကို တိုက်တာလေ ပြည်သူကို မတိုက်ဘူးလို့ သူခံယူထားတယ်လေ။ ပြည်သူသည် သူ့ရဲ့ ရန်သူမဟုတ်ဘူးလို့ သူခံယူထားတယ်လေ၊ သို့သော် အခုကျတော့ ပြည်သူပိုင်ပစ္စည်းကို အားလုံး မ,ယူသွားတယ်ဆိုတော့ ပြည်သူကို စေတနာမရှိဘူးလားလို့ မေးချင်တယ်။

မေး ။ ။ မြန်မာတစ်နိုင်ငံလုံး ငလျင်ဘေး ကြုံနေရတဲ့ အချိန်မှာပဲ တရုတ်ဖိအားကြောင့်ကော၊ စစ်ကောင်စီရဲ့ သံတမန်ရေးရာ အောင်မြင်မှုတွေလို့ပဲ ပြောရမလား စကစဘက်က နိုင်ငံရေး၊ စစ်ရေးမှာ တဖြည်းဖြည်းနဲ့ အားသာလာတာ တွေ့ရတယ်။ ထင်ရှားတာတစ်ခုဆိုရင် လားရှိုးမြို့ကနေ MNDAA ဆုတ်ခွာသွားရမယ်ဆိုတော့ ရှေ့လျှောက် သျှမ်းပြည်မြောက်ပိုင်းရဲ့ နိုင်ငံရေး၊ စစ်ရေး မျက်နှာစာ ဘယ်လို ရှိလာနိုင်လဲ။

ဖြေ ။ ။ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် အာဏာသိမ်းပြီး (၄) နှစ်ကျော်အတွင်း ကာလမှာ အောက်ပြည်အောက်ရွာမှာ ဘယ်တုန်းကမှ လက်နက်ကိုင် မရှိခဲ့ဖူးဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း စင်ပြိုင်အစိုးရ NUG ဆိုတာလည်း ပေါ်လာတယ်၊ ပြီးရင် PDF ဆိုတာလည်း ပေါ်လာတယ်။

သူတို့ပေါ်လာပြီးနောက်ပိုင်းမှာ တစ်သက်နဲ့တစ်ကိုယ် မထင်မှတ်ထားတဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ မထင်မှတ်တဲ့ နေရာမှာလည်း တိုက်ပွဲဖြစ်လာတတ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အစိုးရဆိုတာ ကိုယ်သတ်မှတ်သည်ဖြစ်စေ မသတ်မှတ်သည်ဖြစ်စေ မင်းအောင်လှိုင်ရဲ့ စကစ ပေါ့။ သို့သော် သူ့ရဲ့ဘေးမှာ စင်ပြိုင်အစိုးရဆိုပြီးတော့ NUG ကလည်း တက်လာတယ်။ အဲ့ဒီအစိုးရ (၂) ခုကို နိုင်ငံခြားနဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေက အိန္ဒိယတို့ ထိုင်းတို့လို အာဆီယံက အစပေါ့၊ UN ကအစ တရုတ်၊ အမေရိကန် စသဖြင့် ဂရုတစိုက် ကြည့်နေမှာပဲလေ ဘယ်လိုဖြစ်လာမလဲ။

အဲ့လို ကြည့်နေရင်းနဲ့ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ဘူးပေါ်သလို ပေါ်လာတယ်။ ဘယ်လိုပေါ်လာလဲဆိုတော့ အာဏာရှင်အကြီးနဲ့ အာဏာရှင် အသေးအမွှားတွေ အစိတ်စိတ် အမွှာမွှာ ဖြစ်လာတယ်လေ။ NUG သည် စင်ပြိုင်အစိုးရ လို့သာ ပြောတာလေ၊ တခြား တိုင်းရင်းသားလက်နက်ကိုင်တွေကို စုဖွဲ့ဖို့ စည်းရုံးနိုင်ဖို့ မပြောနဲ့ဦး၊ သူ့ရဲ့ လက်အောက်မှာ မွေးထုတ်လာနိုင်တဲ့ PDF တွေဆိုတာ သူ့အောက်မှာနေတာ ရှိသလို မရှိတာလည်း အများကြီး ဖြစ်လာတယ်။ ပြောမယ်ဆို သူ့ရဲ့ ဩဇာကို မခံတဲ့ဟာပေါ့။

ဒီဟာကို အခြားနိုင်ငံကလည်း ကြည့်နေမှာပဲ။ အချင်းချင်း ရန်ဖြစ်တယ်၊ လုတယ်။ တချို့ကျတော့ နိုင်ငံခြားမှာနေတယ်၊ ခွက်ခေါက်တယ် အိတ်ထောင်ထဲထည့်တယ် ရန်ပုံငွေလိုလို ဘာလိုလိုနဲ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ပြန်ကြည့်ရင်လည်း တော်လှန်ရေး အအောင်မြင်ဆုံးက ကျနော်တို့ သျှမ်းမြောက်ပဲလို့ ပြောလို့ရတယ်။

“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းနဲ့ ဒုတိယလှိုင်းလိုပေါ့။ ပြောတုန်းကတော့ နေပြည်တော်အထိ၊ ရန်ကုန်အထိ သိမ်းမယ်၊ အာဏာရှင်ကို အမြစ်ဖြတ်မယ် အမြစ်ဆွဲလှန်ပစ်မယ်။ အဲ့လိုပြောပြီး တိုက်လိုက်တယ်၊ မြန်မာတစ်နိုင်ငံလုံး မပြောသေးနဲ့ သျှမ်းပြည်တစ်ပြည်လုံး မပြောသေးနဲ့။ သျှမ်းမြောက်မှာတောင်မှ မူဆယ်လိုကျန်တယ်၊ နမ့်လန်၊ မိုင်းရယ်၊ တန့်ယန်းတို့ ကျန်သေးတယ်။ သို့သော် သျှမ်းအဖွဲ့ကို မောင်းထုတ်တဲ့ဟာတွေလည်း ရှိတယ်၊ သျှမ်းတွေ ထွက်ပြေးရတယ် ကားပေါ်တက်ရတယ်။

ပြီးတော့ ကိုးကန့်နဲ့ ပလောင်နဲ့လည်း တည့်ကြလားဆိုတော့ ရိုက်ပွဲတွေ ရန်ပွဲတွေ ကွတ်ခိုင်မှာလိုမျိုးဆို ရုပ်ပျက်ဆင်းပျက် သေတဲ့အထိ ရိုက်သတ်ကြတယ် ဖြစ်သွားတာ မကြာသေးပါဘူး။ ကချင်နဲ့ ပလောင်နဲ့လည်း ရန်ဖြစ်ကြတယ်။ ဒီလိုမျိုး ပုံစံဆိုရင် တခြား အိမ်နီးနားချင်း နိုင်ငံတွေလည်း ဘာမြင်မလဲဆိုတော့ NUG လည်း မထိန်းနိုင်ဘူး၊ မင်းအောင်လှိုင် ပြိုကျသွားရင်လည်း မြန်မာနိုင်ငံမှာ စစ်ပွဲက ငြိမ်းသွားနိုင်မလားဆိုတော့လည်း ဒီပုံစံနဲ့ ပိုဆိုးလာနိုင်တယ်ဆိုတာ မြင်သွားပြီလေ။

အခုဆိုရင် ထိုင်းကိုလည်း မင်းအောင်လှိုင်က အစည်းအဝေး သွားတက်တယ်၊ ဒီပုံစံနဲ့သာ ဆက်သွားမယ်ဆိုရင် အာဆီယံအထိ သူဝင်လို့ ရသွားနိုင်တယ်။ အဲ့တာကို တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော၊ PDF တွေကိုရော၊ NUG ကိုရော တော်လှန်ရေးမှာ အစစ အရာရာ ယိုယွင်းပြီးတော့ ထောင့်မစေ့တဲ့အရာတွေ အများကြီး ရှိတယ်၊ မညီညွတ်တာတွေ အများကြီး ရှိတယ်။

ပြီးရင် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း၊ ဒုတိယလှိုင်းမှာ မရိုးသားမှုတွေ အများကြီးရှိတယ်။ တကယ်တမ်းသာ ရိုးသားခဲ့မယ်ဆိုရင် သျှမ်းပြည် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း အားလုံးမှာ ‘ဝ’ ရှိတယ်၊ သျှမ်း ရှိတယ် RCSS ရှိတယ် SSPP ရှိတယ်၊ ပလောင်၊ ကိုးကန့်၊ ပအိုဝ်း၊ လားဟူ အားလုံးပူးပေါင်းပြီးတော့ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် PDF တွေတောင် တက်စရာ မလိုဘူး။ PDF တွေ မြေပြန့်မှာပဲ တိုက်ရင်တောင်ရတယ်၊ သျှမ်းပြည်မှာ နဂိုရှိတဲ့ လက်နက်ကိုင်တွေနဲ့ပဲ တိုက်ရင်တောင် အားလုံးနိုင်တယ်။ မရိုးသားခဲ့လို့၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မရိုးသားလို့ နှစ်ပေါင်း (၇၀) ကျော် လိမ်ဖယ်လိမ်ဖယ်နဲ့ အခန့်မသင့်ရင် ဒီလိုပဲ ဆက်ဖြစ်သွားနိုင်တယ်။

မေး ။ ။ အခြားဖြည့်စွက်ချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ လက်နက်ကိုင်အားလုံး ပေါင်းပြီးတော့ စစ်ကောင်စီကို နိုင်ချင်တယ်ဆိုရင် ဒီနည်းနဲ့ မသုံးပါနဲ့။ ဒီနည်းနဲ့သာ သွားနေမယ် ဆိုရင်တော့ ဘယ်တော့မှ မနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အားလုံးသည် မရိုးသားကြဘူး လောဘဇောတွေနဲ့ပဲ လုပ်တယ်။ တစ်နိုင်ငံလုံးကို ခြုံပြီးတော့ စဉ်းစားပါ၊ ကိုယ့်ပြည်နယ် ရရှိရေး၊ ကိုယ့်အထူးဒေသ ခိုင်မြဲရေး ကိုယ့်ရဲ့ အာဏာတည်မြဲရေး ကိုယ့်စီးပွားရေး အောင်မြင်ရေး ဒီဟာကြီးကိုပဲ ရှေ့တန်းတင်သွားမယ် ဆိုရင်တော့ ဒီလိုပဲ လိမ်ဖယ်လိမ်ဖယ် ဆက်သွားနေမယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့၊ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...