အပစ်ရပ်ကြေညာထားသော စစ်ကောင်စီသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့နယ်အတွင်းကို ယနေ့ (ဧပြီ ၅)ရက် နေ့လည် ၂နာရီခွဲဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သည် ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း ယနေ့ ( ဧပြီ ၅)ရက်နေ့လည် ၂နာရီခွဲဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် မိုးကုန်မြို့ အနောက်ပိုင်း ပင့်ကူတောင်အောက်အနီး ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်လာခဲ့သည်။
အလားတူ စစ်ကောင်စီတပ်သည် အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ (၃)ရက်တွင်လည်း သပိတ်ကျင်းမြို့နယ် (၇)မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်၊ ဗုံး (၈)လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ။
စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင် အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပါသည်။
ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့်ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာတဝှမ်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ (၄,၂၁၀)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၆,၅၀၅)ဦးနှင့် ပျောက်ဆုံးသူ ၄၄၈ ဦးရှိကြောင်း DVB သတင်းဌာန က ယနေ့ (ဧပြီ ၅)ရက် ညပိုင်းတွင်ထုတ်ပြန်လာသည်။












Leave a Comments