မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးဒဏ်သင့်နေချိန် သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုတွင် PNO ပြည်သူ့စစ်မှ အမျိုးသမီးစစ်မှုထမ်းလာရောက် ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်သည် အသက်(၁၈)နှစ်မှ (၂၇) နှစ်အရွယ် အမျိုးသမီးများကို စစ်မှုထမ်းရန်အတွက် စာရင်းလာရောက် ကောက်ခံနေပြီး ထိုစာရင်းထဲတွင် စစ်ရှောင်များ၊ တခြားဒေသမှ လာရောက် အလုပ်လုပ်ကိုင်နေသည့် သူများလည်း ပါဝင်နေကြောင်း တောင်ကြီးမြို့နယ် ဒေသခံအမျိုးသမီး တစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။
ထိုကဲ့သို့ အမျိုးသမီးများကို စစ်မှုထမ်းစာရင်း လိုက်လံ ကောက်ခံချိန် PNOမှ အမျိုးသမီးများကို ရှေ့တန်းထွက်ခိုင်မည်မဟုတ်ကြောင်းနှင့် မိမိဒေသကာကွယ်ရန်အတွက်သာ စစ်ပညာသင်ကြားရမည် ဖြစ်ကြောင်း ပြော၍ စာရင်း လာကောက်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်ရှောင်တွေတောင် မချန်ဘူး။ အကုန်ကောက်တာ။ တခြားရွာက အလုပ်သမားတွေကိုလည်း တဖက်ရွာမှာ စာရင်းပေးထားပြီးပြီလို့ ပြောလည်း မရဘူး။ အကုန်ပြန်ကောက်တာ။ရွာထဲက လူတွေကိုဆို ပြောမနေနဲ့တော့။ သူများတွေက ငလျင်ကြောင့် ဒုက္ခရောက်နေတာကို PNOက စစ်တိုက်ဖို့ လူခေါ်နေတာ။ ပြည်သူတွေပဲ ခံနေရတယ်။” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စစ်မှုထမ်းရန်အတွက် အမျိုးသမီးများကို စာရင်းလာရောက်ကောက်ခံခြင်း၊ မည်သည့်အချိန်တွင် စစ်သင်တန်းတက်ရမည်ကို ပြောဆိုခဲ့ခြင်း မရှိဘဲ ရုတ်တရက် စစ်သင်တန်း တက်ရမည်ကို စိုးရိမ်နေသည်ဟု ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

ဆက်လက်ပြီး ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင်လည်း PNOမှ အမျိုးသမီးများကို စစ်မှုထမ်းသင်တန်း ပေးနေပြီး (၇)ရက်မှ ရက်(၃၀)မထိ ကြာအောင် စစ်သင်တန်းတက်ကြရသည်ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တီကျစ်ဖက်မှာဆို အမျိုးသမီးတွေ စစ်သင်တန်း တက်နေကြရပြီ။ ပင်လောင်းဖက်က PNOကို ကြိုက်ကြတဲ့သူများတယ်လေ။ သူတို့က စစ်သင်တန်းတက်ဖို့လဲ သိပ်ပြီးမခေါ်ရဘူး။တန်းတက်ကြတာ။ စစ်ထဲဝင်ရင် သူတို့က ခရီးတွေလွတ်လပ်သွားလို့ရတော့ ဝင်ကြတာ။ ပင်လောင်းဖက်မှာ ပိုက်ဆံလဲ သိပ်မကောက်ဘူး။” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။
PNOပြည်သူ့စစ်မှ ငလျင်ကြေးဟုဆိုတာ ၎င်းတို့ စိုးမိုးနယ်မြေဖြစ်သည့် ပင်လောင်း၊ ဟိုပုံး နှင့် ဆီဆိုင်တို့တွင် ငလျင်ကြေးဟုဆိုကာ တစ်အိမ်လျှင် ကျပ်(တစ်သောင်း) ထည့်ရမည်ဟု သတ်မှတ်ပြီး လိုက်လံကောက်ခံနေသည်ဟု သိရသည်။
သျှမ်းတောင်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်ဘေးဒဏ် ကျရောက်နေသည်ကို လူသားချင်းစာနာကူညီမှုများ မလုပ်ဆောင်ဘဲ ပိုက်ဆံကောက်ခြင်း၊ စစ်သားစုဆောင်းခြင်း အပါဝင် ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်းများကို PNOအဖွဲ့မှ လုပ်ဆောင်နေသည်ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
ယခုလက်ရှိ တောင်ကြီးမြို့ပေါ်တွင် သင်္ကြန်မဏ္ဍပ် များဆောက်လုပ်နေကြပြီး သင်္ကြန်အကလေ့ကျင့်မှုများလည်း လုပ်ဆောင်နေလျက်ရှိသည်။
ငလျင်ဒဏ်ကြောင့် ပင်လောင်းတွင် နေအိမ်များပျက်စီးဆုံးရှုံးမှုများရှိနေပြီး အင်းလေးနှင့် အောင်ပန်းတွင် လူထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကာ ကူညီကယ်ဆယ်ရေးများ၊ စားနပ်ရိက္ခာများလည်း အရေးပေါ်အကူညီလိုအပ်နေလျက် ရှိသည်ဟု သိရသည်။












Leave a Comments