မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နေအိမ်များပြိုကျပြီး ကလေးငယ် ၂ ဦးသေဆုံးခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းပန်းရွာခံများ အကူအညီလိုအပ်နေ သည်ဟု ရွာခံများ ပြောပြချက်အရသိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ပင်လောင်းမြို့အနောက်တောင်ဘက် ၈ မိုင်အကွာရှိ နန်းပန်းရွာတွင် အိမ်ခြေပေါင်း ၁၅၀ ကျော်ရှိသည့်အနက် ၁၀၀ ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး ကလေးငယ် ၂ ဦးလည်းသေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် သောက်သုံးရေ နှင့် ဆေးဝါးများလိုအပ်နေသော်လည်း တာဝန်ရှိအစိုးရဌာနများအပါအဝင် တခြားသောအကူအညီများ လည်းမရသေးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကလေးလည်း ၂ ယောက်သေတယ်။ လက်ရှိတော့ အကူညီလိုကို လိုတာပေါ့၊ အစိုးရဘက်ကလည်း လာမကူသေး ဘူး၊ ဒီမှာ PNO ပြည်သူ့စစ်တွေလည်းရှိတာပဲ ဘယ်သူမှလာကူတာမရှိသေးဘူး” – ဟု နန်းပန်းရွာအနီးမှာနေ ထိုင်တဲ့ ဒေသခံ ပြည်သူတစ်ဦးက ပြောကြားသည်။

တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းလုံးပင်ရွာ အိမ်ခြေ ၂၀ ကျော် ၊ နန်းပန်းတောင်ရွာတွင် အိမ်ခြေ ၂၀ ခန့် ၊ မြောက်ရွာ အိမ်ခြေ ၄၀၊ ဘူးဝါးရွာမှာမူ အိမ်ခြေ ၂၇ လုံး ခန့်ရှိပြီး ညောင်ပင်ရွာ က အိမ်အလုံး ၃၀ ခန့်ပျက်စီး ဆုံးရှုံးသည်ဟုဆို၏။ ဒေသခံအများစုလည်း ပအိုဝ်းလူမျိုးဖြစ်ကြသည်ဟု ဒေသခံများ ပြောပြချက်အရသိရသည်။
ဒေသအတွင်း ပါဝင်အလှူခံပေးနေသည့် ဒေသခံတစ်ဉီးက “အကူအညီတအားလိုတာပေါ့။ ကျနော်တို့ နန်းပန်းမှာ ကလေး ၂ ယောက်သေသွားတာ၊ အသက်တွေက ၈ နှစ် နဲ့ ၃ နှစ် လောက်ပဲရှိအုံးမယ် ’’ ဟု ပြောပြသည်။
ငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် သေဆုံးသူ ၁၂ ယောက်၊ ညောင်ရွှေ မြို့နယ် အင်းလေးဒေသတွင် သေဆုံးသူ ၉၀ ယောက် ထက်မနည်း ရှိသည်။ ဧပြီလ ၃ ရက် စစ်ကောင်စီ ထုတ်ပြန်ချက်အရ စစ်ကိုင်း ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး သေဆုံးသူ ၃၀၀၃ ယောက်၊ ဒဏ်ရာရ ၄၅၂၁ ယောက်နှင့် ပျောက်ဆုံးသူ ၄၄၁ ယောက် ရှိသည်ဟု သိရှိရပါသည်။
အလုပ်သင် သတင်းထောက် စိုင်းဟန်မောဝ် ရေးသားသည်။












Leave a Comments