ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီတပ်က ရက်၂၀ ယာယီ အပစ်ရပ်မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (မတ် ၂ ရက်) ညပိုင်းတွင် ထုတ်ပြန်လာသည်။
ယာယီအပစ်ရပ်မှုသည် ဧပြီ ၂၂ရက်အထိဖြစ်ကြောင်း သိရသည်။
ထိုအပစ်ရပ် ထုတ်ပြန်ထားသည့် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်စခန်း၊ တပ်ဌာနချုပ်တွေကို နှောင့်ယှက် တိုက်ခိုက်ခြင်း မလုပ်ရန်လည်း သတိပေးထားသည်။
ထို့အပြင် အင်အားစုဆောင်းခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများကိုပါ မလုပ်ရန်လည်း စစ်ကောင်စီက တားမြစ်သည်။
“ဒီနေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီဘက်ကလည်း အပစ်ရပ်ထားပြီး ငလျင်ဒဏ် ပြန်လည်ထူထောင်မယ်လို့ ကြားရတဲ့အတွက် အရမ်းဝမ်းသာတယ်။ နောက်ပြီး စစ်ကောင်စီကိုယ်တိုင်က အင်အားစုဆောင်းတာ မလုပ်နဲ့ဆိုတော့ လူငယ်တွေလည်း လွတ်လွတ်လပ်လပ် ငလျင်ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူလို့ရတာပေါ့။ အချိန်က ဒီဧပြီ ၂၂ရက်ထိဆိုတော့ တိုတောင်းလွန်းတယ်”ဟု ငလျင်ဒဏ်သင့်နေသည့် မန္တလေးမြို့မှ သျှမ်းလူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သို့သော် စစ်ကောင်စီဘက်မှ သတိပေး တားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက လိုအပ်သည့် အရေးယူတုံ့ပြန်မှုများလည်း လုပ်ဆောင်သွားမည်ဟု ထည့်သွင်းရေးသားထားသည်။

အလားတူ ငလျင်ဒဏ် နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ထိုးစစ်ဆင်မည် မဟုတ်ဘဲ တစ်လတာ တစ်ဘက်သတ် အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယမန်နေ့ (ဧပြီ ၁ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တစ်လတာ တစ်ဘက်သတ် အပစ်ရပ်ကာလသည် ဧပြီ ၁ ရက်မှ ဧပြီ ၃ဝ ရက်အထိဖြစ်ပြီး၊ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် ခုခံကာကွယ်သည့် တုန့်ပြန်မှုကလွှဲပြီး ထိုးစစ်ဆင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။












Leave a Comments