သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦးဘုရား ရင်ပြင်တော် အက်ကွဲကြောင်း ပိုမို ကြီးမားလာသောကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ပြိုကျမည့် အခြေအနေရှိသောကြောင့် ပြည်သူများစိုးရိမ်နေကြသည်။
“ အင်းလေးမှာက တော်တော်ခြေနေဆိုးတယ်။ ဘုရားရင်ပြင်ဆို အက်ကွဲလာတာ ပိုကြီးလာတယ်။ ရင်ပြင်တစ်ခုလုံး ပြိုကျမှာလည်း စိုးရိမ်ရတယ်။ အနီးနားက ပြိုစရာမရှိတော့ဘူး။ အကုန်ပြိုပြီးသွားပြီဆိုတော့။ ဘုရားဖူး လာတဲ့သူတွေကိုလည်း ပေးမဝင်တော့ဘူး။ ယာယီပိတ်ထားတာပေါ့လေ။” ဟု အင်းလေး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် အင်းလေးဒေသသို့ အလှူရှင် လာရောက်မှုနည်းတာကြောင့် ဖောင်တော်ဦးဘုရားကို ပြုပြင်မှုများမလုပ်နိုင်သေးဘဲ ယာယီသာ ပိတ်ထားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး အင်းလေးဒေသတွင် လူဦးရေ သုံးရာကျော် သေဆုံးခဲ့ပြီး ယနေ့ထိ ကူညီကယ်ဆယ်မှူများ လုပ်ဆောင်နေရပြီး စားနပ်ရိက္ခာ ၊ရေသန့်နှင့် အမိုးအကာများလည်း လိုအပ်လျှက်ရှိကြောင်း အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ငလျင်လှုပ်တဲ့ အချိန်မှာ အိမ်တွေက အကုန်ပြိုသွားပြီး လူတွေက ရေအောက်ကိုရောက်သွားတယ်။ ရေအောက်မှာ သစ်တွေက ထပ်ဖိတော့ ရုန်းထွက်လို့ မရတော့ဘဲ ရေနစ် ပိပြီး သေကုန်ကြတာ။ အင်းလေးအရှေ့ဖက်ကမ်းက ပိုဆိုးတာ။ အိမ်တွေ ထောင်ကျော်ပျက်စီးတာ။ လူသေတွေ့တာ (၂၀၀)နီးပါးလောက်ရှိပြီ။နေ့တိုင်း အလောင်းဆယ်နေရတယ်။” ဟု ၎င်း အမျိုးသားက ပြောသည်။
ထိုကဲ့သို့ ငလျင်ဒဏ်ကြောင့် အသက်ရှင်ကျန်ရစ်သည့် အင်းလေးပြည်သူများသည် နေအိမ်တွင် မအိပ်ရဲ ကြဘဲ လှေပေါ်မှာသာ အိပ်စက်အနားယူကြရသည်ဟု သိရသည်။

“ကယ်ဆယ်ရေးတွေလည်း ဝေးဝေးတစ်ယောက်ပဲ လာတယ်။ လိုအပ်တာတွေက အများကြီးပဲ။ အခုဆို လှေပေါ်မှာ မျှောပြီး အိပ်နေရတာ။ အမိုးလည်း မရှိဘူး။ စားစရာ ခွက်လည်း မရှိဘူး။ ရေသန့်တို့ စားနပ်ရိက္ခာတို့ တွေလိုအပ်နေတယ်။သက်ကြီးနဲ့ ကလေးတွေဆို စိတ်ဒဏ်ရာလိုမျိုး ရနေလောက်တယ်။” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
အင်းလေးဒေသတွင် ငလျင်နောက်ဆက်တွဲ အနေဖြင့် ရေအောက်မှ ခရုများ ရေပေါ်သို့ အမြောက်အများ ပေါ်လာပြီး အင်းလေးရေပြင်သည်လည်း ညစ်ညမ်းနေသည်ဟု သိရသည်။












Leave a Comments