ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ရှာဖွေကယ်ဆယ်ပေးနေလျက်ရှိသော စစ်ကောင်စီ တပ်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အကာအကွယ် ဦးထုပ်များ၊ လက်အိတ်များ ကူညီပေးရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတကာကို တောင်းခံလိုက်သည်။
ယနေ့ (မတ်လ ၃၁ )ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ မီဒီယာမှတစ်ဆင့် ပြောဆိုလိုက်သည်။
စစ်ကောင်စီ တပ်သားများ၊ ကြေခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တတ်နိုင်သော အကာအကွယ်များ ဝတ်ဆင်ထားသော်လည်း မာကြောသော အုတ်၊ သံချောင်းများ ဖယ်ထုတ်ရာတွင် လက်အိတ်စွပ်ထားခြင်း မရှိကြောင်း၊ အကာအကွယ် ဦးထုပ်များ မရှိကြောင်း ဆိုသည်။
ထိုကြောင့် နိုင်ငံတကာမှ တတ်နိုင်သမျှ ကူညီပေးရန် အထူးသဖြင့် အကာကွယ် ဦးထုပ်၊ မျက်မှန်၊ လက်အိတ်များကို လိုအပ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ပြုလုပ်သည့် ဘဏ္ဍရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးတါင် လာမည့် ဘဏ္ဍနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားသည်ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့သည်။
သို့သော် မည်မျှထိ တိုးမြှင့်ထားကြောင်း အသေးစိတ်ကိုမှု ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။
ယခုလို တိုးမြှင့်လိုက်ခြင်းသည် နိုင်ငံတည်ဆောက်ရေးအတွက် ဖြစ်ပြီး နိုင်ငံတည်ငြိမ်းအေးချမ်းရန် ဆောက်ရွက်သည့် နေရာတွင် ကာကွယ်ရေးတပ်ဖွဲ့၏ စွမ်းဆောင်ရည်နှင့် စွမ်းအားမြှင့်ရန် ဘတ်ဂျက်သုံးစွဲရခြင်း ဖြစ်ကြောင်း ဆိုသည်။












Leave a Comments