သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ယမန်နေ့ (မတ်လ ၂၈ ရက်)က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျေးရွာအချို့တွင် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိအချိန်အထိ အင်းလေးအရှေ့ဘက်ခြမ်း နန်းပန်၊ ကေလာ၊ ဇရပ်ကြီး စသည့် ကျေးရွာများတွင် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး ကေလာကျေးရွာတွင် အိမ်ခြေ ၁,၀၀၀ ကျော်ရှိသည့်အနက် ၈၀၀ ကျော် ပျက်စီးခဲ့ပြီး လူ (၄၁) ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ဇရပ်ကြီးကျေးရွာတွင်လည်း အိမ်ခြေ ၁၅၀ ရှိပြီး အားလုံးနီးပါး ပျက်စီးခဲ့၍ လူ (၅) ဦးသေဆုံးခဲ့ကြောင်း အင်းလေးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ရေကြီးပြီးတော့ အိမ်တွေက ခုမှ ပြန်ပြုပြင်နေရတုန်း ယိုင်နဲ့နေတဲ့အချိန်မှာပဲ ငလျင်ကြောင့် ပြိုကုန်ပြီး အိမ်တွေပိကုန်လို့ ရေနှစ်တာ၊ တချို့က လျှပ်စစ်ဓာတ်ကြိုးတွေကြောင့် ဓာတ်လိုက်ပြီး ဆုံးတာလည်းရှိတယ်”ဟု အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
အိမ်ပြိုမှုများကြောင့် ရေအောက်နှစ်မြုပ်ပြီး ပိတ်မိနေသူများလည်း ရှိနိုင်သေးကြောင်း သေဆုံးသူများတွင် အသက် ၅ နှစ်အောက် ကလေးငယ်များလည်း ပါဝင်ပြီး သက်ကြီး လူကြီးပိုင်း သေဆုံးမှုလည်း များနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို နန်းပန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိထားသူ အများအပြား ဆေးရုံတွင် အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ ရေခါးအင်း စာရေးရွာအနီးတွင် ဗဟိုပြု လှုပ်ခတ်သော ငလျင်ကြောင့် နိုင်ငံတဝှမ်း လူသေဆုံးမှုများလည်း ဆက်လက်မြင့်တက်နေပြီး ရေကြီးမှုအလွန် ပြန်လည် နလံထူနိုင်ရန် ကြိုးစားနေသည့် အင်းလေးဒေသအတွင်း ထိခိုက်မှုပြင်းထန်ခဲ့ခြင်းဖြစ်သည်။
ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအပြင် အင်းလေးတောင်ဘက်ခြမ်းရှိ စံကားဒေသအတွင်းတွင်လည်း ရှေးဟောင်းစေတီပုထိုး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။












Leave a Comments