မြန်မာပြည်တဝှမ်းလုံး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်နေစဉ် သျှမ်းပြည် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း စုံစမ်းသိရသည်။
ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲပိုင်းတွင် နောင်ချိုမြို့အနီး ကံကြီးကျေးရွာအုပ်စု နောင်လင်ရွာဘက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် အများအပြား ထိခိုက်ပျက်စီးပြီး လူထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။
“ငလျင်လှုပ်နေတုန်း ဂျက်ဖိုက်တာ ဝဲပြီး နောင်ချိူ ကံကြီးဘက် ချသွားတယ်။ နောင်လင်ဘက်လည်း အိမ်အများကြီး ထိတယ်၊ လူ ထိ မထိတော့ အတိအကျ မသိရသေးဘူး”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီတပ်၏ နောင်ချိုမြို့နယ်အတွင်း ယခုလေကြောင်းဗုံးကြဲမှုကြောင့် နောင်လင်ရွာမှ ဓနုဒေသခံများ ထိခိုက်သေဆုံးမှုရှိကြောင်း ကနဦး သိရှိရပြီး သျှမ်းသံတော်ဆင့်မှ အသေးစိတ် ဆက်လက်စုံစမ်းနေသည်။
အလားတူ မတ်လ (၂၆) ရက်ကလည်း နောင်ချိုမြို့နယ် သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၂) ဦး အပါအဝင် အရပ်သား (၄) ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။မြန်မာနိုင်ငံတဝှမ်းလုံး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်နေစဉ် သျှမ်းပြည် နောင်ချိုမြို့နယ်သို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီသည် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှု များပြားသည့် ငလျင်ဒဏ်သင့် သျှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း အပါအဝင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် နေပြည်တော်တို့ကို အရေးပေါ်အခြေအနေ ကြေညာထားသည်












Leave a Comments