သျှမ်းပြည် မိုင်းရယ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်နေပြီး ခရီးသွားပြည်သူများထံ ငွေညှစ်တောင်ခံ မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
မိုင်းရယ်မြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ဟိုယကျေးရွာအုပ်စု တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်ဆေးရေးဂိတ်တို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးမှုတင်းကြပ်လာပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကောက်တာတော့ နှစ်နေရာရှိတယ်။ ကားငယ် အိမ်သုံးကား တစ်စီးကို ၅ ထောင်ကျပ် ကနေ ၃ သောင်းကျပ် အနည်းဆုံးကောက်တယ်။ ကားကြီးတွေ ဆိုရင်တော့ ၃ သောင်းကျပ် အထက်ကနေစပြီးတော့ ကောက်တယ်။ ကားပေါ်တင်လာတဲ့ ပစ္စည်းတွေကုန်စည်တွေကိုလည်း ဓားနဲ့ခွဲဖွင့်ပြီးတော့ကို စစ်တာာ ဓားနဲ့ ရှိတဲ့ပစ္စည်းတွေအကုန်ဖွင့်ပြီးတော့ စစ်တယ်။”ဟု အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
ထိုတို့ငွေများကို အဆမတန်ကောက်ခံမှုများကြောင့် ခရီးသည် နှင့် ကုန်ပစ္စည်းတင်သည့် ကားသမားများအတွက်ပါ အခက်အခဲကြုံတွေ့ စေကြောင်း ၎င်းအမျိုးသားက ပြောသည်။
“ဒီကိုကားငယ်တွေကို ၃ သောင်းကျပ် ထိကောက်တော့ ပစ္စည်းတင်တဲ့ ကားသမားတွေအတွက် ကအခက်တွေ့စေတယ်ဗျ။တချို့ လူမပါတဲ့ ကားတောင် ပိုက်ဆံပေးနေရတာလေ။ပစ္စည်းတင်တာ ကလည်းဘာမှသိပ်မရဘူးလေ။”ဟု ၎င်းကဆိုသည်။
ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလမှ စတင်ပြီး မိုင်းရယ်မြို့ရှိ အခြားသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ကားများမှ ကုန်ပစ္စည်း တင်ဆောင်လာလျှင် ဗျူဟာမှူး ထောက်ခံစာ ပြနိုင်မှ သယ်ယူခွင့်ရကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ- ၃၂၅၊ ခြေလျင်တပ်ရင်း ခလရ ၆၇ နှင့် ခြေလျင်တပ်ရင်း ခလရ-၂၂ တို့ အခြေစိုက်ထားကြောင်း သိရသည်။












Leave a Comments