MNDAA ထိန်းချုပ်နယ်မြေ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာ

လမ်းဘေး မီးတိုင်မှာ အမျိုးသမီး အလှပုံနဲ့ ဖုန်းနံပတ်ပါ တရုတ်စာသား ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါတယ်။

အဲ့ဒီဒေသဟာ တရုတ်ပြည် မဟုတ်ဘဲ ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၄ ခုနစ် သြဂုတ်လတွင် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တဲ့ လားရှိုးမြို့ပဲ ဖြစ်ပါတယ်။

MNDAA ထိန်းချုပ်ပြီးနောက်ပိုင်းမှာ ယခုကဲ့သို့ လမ်းမဘေး မီးတိုင်တွေမှာ လမ်းသွားလမ်းလာတွေကို ပြည့်တန်ဆာ ခေါ်ဆောင်နိုင်တယ်ဆိုတဲ့ လိပ်စာကတ် ပေါ်ပေါ်ထင်ထင် ပြုလုပ်ထားကြောင်း မျက်မြင်တွေ့ရှိခဲ့တဲ့ အသက် ၄၀ အရွယ်ရှိ စိုင်းဖ က ပြန်ပြောပြနေပါတယ်။

“ပြည့်တန်ဆာလုပ်ငန်းကို MNDAA က တရားဝင်လုပ်ကိုင်နိုင်ဖို့ ခွင့်ပြုလာတာ။ ဆိုင်းဘုတ်တွေ နောက်လိပ်စာကတ်တွေ ဝေတာ ပေါ်တင် ကြေညာခွင့်ပြုလာတာ။ သူတို့မခွင့်ပြုရင် ဘယ်သူက လုပ်ရဲမှာလဲ” လို့ စိုင်းဖ က ဆိုပါတယ်။

လားရှိုးမှာ နာမည်ကြီးနေတဲ့ ကြက်နှစ်ကောင် ဖျော်ဖြေရေးနေရာ

MNDAA ထိန်းချုပ်ပြီး တစ်လကျော် မှာ စိုင်းဖ က ဇာတိမြေ လားရှိုးမြို့သို့ ပြန်ဝင်လာချိန် ပြည့်တန်ဆာခန်းတွေ၊ ပြည့်တန်ဆာခေါ်တဲ့ ဖုန်းနံပတ်တွေ ကြော်ငြာစာရွက်တွေကို တွေ့လိုက်ရချိန် အလွန်ပင် စိတ်မကောင်း ဖြစ်သွားကြောင်း ပြောလာပါတယ်။

“ကျနော် ဇာတိမြို့ကို စဝင်လာတဲ့အချိန်မှာတော့ မြို့ပျက်သဖွယ်လို၊ လက်နက်ကြီးတွေ ဗုံးတွေထိလို့ ပျက်စီးတာတွေကို မြင်တွေ့ရတာ စိတ်မကောင်းချိန် မြို့ထဲရောက်လာတော့ အရင်က ပေါ်တင်လုပ်ခွင့်မရှိတဲ့ ပြည့်တန်ဆာ လုပ်ငန်းကြီးက မှိုလိုပေါက် ကြော်ငြာထားတော့ ထိတ်လန့်မှုဖြစ်ရတယ်”လို့ စိုင်းဖ တစ်ယောက် စစ်ရှောင်ရင်း နေရပ်ပြန်လာချိန်တွေ့မြင်ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောလာပါတယ်။

လားရှိုးမြို့ကို MNDAA ထိန်းချုပ်လိုက်ပြီးနောက် စစ်ရေးအုပ်ချုပ်မှု ကော်မတီ က ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေပေမယ့် အရင်က လားရှိုးမြို့ပုံစံအတိုင်း ဖြစ်လာနိုင်ခြေမရှိကြောင်း၊ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့ နဲ့ “ဝ”တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့၊ NDAA အထူးဒေသ (၄) မိုင်းလားမြို့ ပုံစံမျိုး ဖြစ်လာနိုင်ခြေများကြောင်း လားရှိုးဒေသခံများက သုံးသပ်ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာလည်း MNDAA ထိန်းချုပ်တဲ့ လားရှိုးမှာတော့ ပြည့်တန်ဆာ လုပ်ငန်းဆိုတဲ့ ခေါင်းစဉ်နဲ့ မဟုတ်ဘဲ KTV၊ အနှိပ်ခန်းများရှိ ဖျော်ဖြေရေး ဝန်ထမ်းများ အတွက် (Entertainment Service) လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးနေကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်းရေး လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားပါတယ်။

အဲ့ဒီမှာ KTV၊ အနှိပ်ခန်းများရှိ ဖျော်ဖြေရေး ဝန်ထမ်းများအတွက် အသည်းရောင် အသားဝါ ဘီ၊ စီ၊ HIV ၊ ကာလသားရောဂါ ရှိ၊မရှိ စစ်ဆေးပြီး၊ ရောဂါရှိသူများကို ပြန်လည် ဆေးကုသပေးခြင်းတို့ကို ပြုလုပ်ပေးကာ (၃)လတကြိမ် သွေးပြန်စစ်ရန် လိုအပ်ပြီး အဖြေကောင်းမှသာ ( Infection screening Card for Entertainment service) ကဒ်ကို ထုတ်ပေးသွားမည် ဟု လည်း ရေးသားထားပါတယ်။

လားရှိုးကျန်းမာရေး

လားရှိုးမြို့ပေါ် ပြည့်တန်ဆာ လုပ်ငန်း ကို တရားဝင် ခွင့်ပြုလိုက်ပြီး ကျန်းမာရေး စိစစ်မှုပါ လုပ်ပေးတဲ့အတွက် ကောင်းမွန်ကြောင်း၊ ပြည့်တန်ဆာ လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနှင့်အတူ ပူးတွဲလာမယ့် မူးယစ်ဆေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း လားရှိုးမှ ကျောင်းသားလူငယ်များက ပြောဆိုလိုက်သည်။

“ကျမ အနေနဲ့ကတော့ ပြည့်တန်ဆာထက် လောင်းကစား၊ ကာစီနို၊ မူးယစ်ဆေးက ဒွန်တွဲနေတာ။ ပြည့်တန်ဆာကို တရားဝင်ဖြစ်အောင် လုပ်တာကောင်းပါတယ်၊ သူတို့တကယ်ကာကွယ်ပေးနိုင်တဲ့ ဥပဒေရှိလား၊ အမျိုးသမီးတွေ အမြတ်ထုတ်ခံရပြီးတော့ ဒီလိုမျိုး စီးပွားရေးလုပ်ငန်းရှင်တွေ ပိုပြီးအခွင့်အရေး ရသွားရင် မဖြစ်သင့်တဲ့အရာပါ” လို့ သျှမ်းကျောင်းသားများသမဂ္ဂမှ ယိင်းမွေလျန်း က ထောက်ပြပြောဆိုလိုက်ပါတယ်။

လက်ရှိ MNDAA တရားဝင်ခွင့်ပြုလိုက်တဲ့ ဖျော်ဖြေရးလုပ်ငန်းမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ ပါဝင်နေကြောင်းလည်း မြေပြင် သတင်းပေးပို့ချက်အရ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယိင်းမွေလျန်း က “ ကျမအနေနဲ့ အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေ ပါဝင်နေတာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါတွေက သေချာစိစစ်သင့်တယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

သျှမ်းပြည် မြောက်ပိုင်း တကြောမှာ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဟာ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ကျားဖြန့်ပပျောက်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၃ခုနစ် အောက်တိုဘာ ၂၇ ရက်မှာ “ ၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ရေး ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီ ထင်မှတ်မထားတဲ့ နယ်မြေထိန်းချုပ်မှုကို အလျင်အမြန် ရနိုင်ခဲ့ပါတယ်။

ဒီ “၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် MNDAA ထိန်းချုပ်နိုင်တဲ့ သိန္နီ၊ လားရှိုးတွေနဲ့ UWSA က ဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ ဟိုပန်မြို့နဲ့ တန့်ယန်းမြို့မှာလည်း ပြည့်တန်ဆာလုပ်ငန်းက ပေါ်ပေါ်ထင်ထင် ဖွင့်လာပြီး စည်းကားသိုက်မြိုက်နေတယ်လို့လည်း ကားသမား အသိုင်းအဝန်းက ပြောဆိုလာပါတယ်။

“ဟိုပန်မှာလည်း ပြည့်တန်ဆာက လားရှိုးထက်တောင်များတယ်။ နောက်ပြီး တန့်ယန်းဘက်ဆိုရင် အရင်က မမြင်ဘူးထာတွေ၊ နောက် KTV ရုံအကြီးစားတွေ၊ ဘားတွေအများကြီးပဲ။ လိုချင်တာ ရတယ်၊ မူးယစ်ဆေးလည်း အလွယ်တကူ ဝယ်လို့ရတယ်” လို့ သျှမ်းမြောက်တခွင် ကားပြေးဆွဲနေသည့် အမျိုးသားတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့တွင် KTV ၊ ဖျော်ဖြေရေး လုပ်ငန်းလို့ နာမည်သုံးထားတဲ့ ပြည့်တန်ဆာ လုပ်ငန်း နေရာ ၁၅၀ နီးပါးရှိပြီး၊ အဲ့နေရာတွေမှာ အလုပ်လုပ်နေသူဟာ အသက် ၁၆ နှစ်အထက်ဖြစ်ပြီး အရွယ်မရောက်သေးသော အမျိုးသမီးငယ်များ ပါရှိကြောင်း လားရှိုးမြို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

“ကျနော်တို့ သိရသလောက် အသက် ၁၆ နှစ် မိန်းကလေးငယ်တွေပါတယ်၊ လူမျိုးစုံတယ်။ ရှမ်း၊ ဗမာ၊ ရခိုင် အစုံပါပဲ။ အဲ့နေရာသွားတဲ့သူ အများစုက ကိုးကန့်တပ်ဖွဲ့တွေ၊ နောက် အခြားမဟာမိတ်အဖွဲ့နဲ့ PDF တပ်သားတွေလည်း သွားကြတာများတယ်။ သာမာန်သူတွေကတော့ ငွေကြေးမတတ်နိုင်ကြဘူး”လို့ လားရှိုးမြို့ အသက် ၄၀ ကျော် ၎င်းအမျိုးသားက ပြောပြပါတယ်။

MNDAA သတ်မှတ်ထားတဲ့ ဖျော်ဖြေရေးလုပ်ငန်း ကို ဖွင့်ချင်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေအာဏာပိုင်တွေက အမျိုးသမီးငယ်တွေကို စုဆောင်းပေးနေကြောင်း၊ အမျိုးသမီးငယ် တစ်ဦး ခေါ်ဆိုနိုင်ပါက ကျပ်ငွေ ၃ သိန်း ရရှိကြောင်းလည်း ၎င်းက ရှင်းပြပါတယ်။

“ဒီပြည့်တန်ဆာရုံအတွက် မိန်းကလေးငယ်တွေ ခေါ်ပေးလို့ရရင် တစ်ယောက် ကျပ် ၃သိန်း ပေးတယ်။ နောက် သူတို့ ၃ လအတွင်း ထွက်မပြေးဘူးဆိုတာ အာမခံပေးရတယ်။ အဲ့ဒီကောင်မလေးတွေ ထွက်ပြေးရင်တော့ ခေါ်လာပေးသူက လျော်ကြေးပြန်ပေးရတယ်လို့ အသက် ၄၀ အရွယ် ၎င်းဒေသခံ အမျိုးသားက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးငယ်တစ်ဦး ငှားမယ်ဆိုပါက ရိုးရိုးနှင့် ရှယ်၊ အထူးရှယ်ဟု ၃ မျိုး ခွဲခြားထားကြောင်းလည်း ပြောပြပါတယ်။

“ကောင်မလေး ရိုးရိုးဆို ကျပ်ငွေ ၄ သောင်း၊ ရှယ်ဆိုရင် ၈ သောင်း၊ အထူးရှယ်ဆိုရင် တစ်ည ၃ သိန်းကနေ ၅ သိန်းထိ ရှိတယ်။ အဲ့ထဲမှာ အစုံရတယ်” လို့ သူက ထပ်လောင်းပြောပါတယ်။

သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံ တဝှမ်းလုံးဟာ ကိုဗစ်-၁၉ ရဲ့ ဒဏ်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီရဲ့ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးနေချိန် အခုလို တရားဝင် ပြည့်တန်ဆာလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းကို ခွင့်ပြုတဲ့ကိစ္စဟာ စဉ်းစားစရာဖြစ်ကြောင်း သျှမ်းပြည် အမျိုးသမီး အရေး ဆောင်ရွက်နေသူ နန်းဟွမ် က ပြောဆိုလိုက်ပါတယ်။

“ဒီအချိန် တော်လှန်ရေးကာလလို့ပြောပြီး လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ချိန်မှာ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်တာတော့ အဆင်မပြေဘူး။ နောက်အမျိုးသမီးငယ်တွေ ဘဝ လုံခြုံရေးအတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာမယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ က ပိုဖြစ်လာမယ်”လို့ နန်းဟွမ်က ဝမ်းနည်းစွာ ပြောပါတယ်။

လက်ရှိ နယ်မြေမအေးချမ်းတဲ့ဒေသမှာ ယခုကဲ့သို့ ဖျော်ဖြေရေးလို့ ခေါင်းစဉ်တပ်ပြီး ပြည့်တန်ဆာလုပ်ငန်း ဖွင့်လှစ်လာတာဟာ တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ ပြန်လည် ဆန်းစစ်ရန် လိုအပ်ကြောင်း၊ စီးပွားရေး ဝင်ငွေမရှိ ပညာသင်ယူခွင့် မရတဲ့ ပြည်သူတွေအတွက် ငဲ့ညှာသင့်ကြောင်းလည်း သူက ထောက်ပြပြောဆိုပါတယ်။

MNDAA ထိန်းချုပ်နယ်မြေအတွင်း အရပ်သားအုပ်ချုပ်ရေးကို မဖော်ဆောင်နိုင်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း တောက်လျှောက် ကျူးလွန်နေပြီး KTV နဲ့ ဖျော်ဖြေရေးကို တရားဝင် ဖွင့်လှစ်လိုက်တဲ့အပေါ် တော်လှန်ရေး ခေါင်းစဉ်နဲ့ လွှဲချော်နေကြောင်းလည်း နန်းဟွမ်က ဆိုပါတယ်။

“ကျမအနေနဲ့ကတော့ MNDAA ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပြီ၊ ဒီလို တရားဝင် ခွင့်ပြုလိုက်တဲ့အပေါ် ပြည်သူတွေ မျက်နှာကို ထောက်ဖို့လိုတယ်။ နောက်ဆက်တွဲ ဖြစ်လာမယ့် ရာဇဝတ်မှုကိစ္စလည်း စဉ်းစားဖို့လိုအပ်တယ်”လို့ နန်းဟွမ်က တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...