သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ အစပ်ရှိ မိုင်းပါးကျေးရွာအုပ်စု ပန်ဖိတ်ကျေးရွာအနီး ကားထဲတွင် ညအိပ်စောင့်နေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး ဒဏ်ရာဖြင့် ကားအတွင်း သေဆုံးနေကြောင်း ဒေသခံများက ပြောသည်။

“ကားထဲမှာ မြေးအဘိုးနှစ်ယောက် ညအိပ်စောင့်ကြရင်းနဲ့ သေနတ်ပစ်သတ်ခံရတာ။ အခု သူတို့အလောင်းကို မြို့ထဲ မီးသင်္ဂြိုဟ်ဖို့ သယ်ထုတ်သွားပြီ”ဟု ဖြစ်စဉ်သိရှိသူ သိန္နီဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သေနတ်ပစ်သတ်ခံရပြီး သေဆုံးသူမှာ မောက်စလီကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် (၆၀) ကျော်အရွယ် လုံးဆာညွန့် နှင့် မြေးဖြစ်သူ အသက် (၁၇) နှစ်အရွယ် လူငယ်ဖြစ်ပြီး ပစ်ခတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
“အခု မြို့ထဲမှာ အခြေအနေ ပိုဆိုးလာတယ်။ လောင်းကစားဝိုင်းလည်း ပိတ်သွားတယ်လို့ မရှိဘူး၊ ညဆို ဘယ်မှကို မသွားရဲတော့တာ။ သေနတ်ကိုင်နိုင်တဲ့လူလည်း များလာတယ်။ တရားဥပဒေလည်း မရှိတော့ ပြဿနာဖြစ်လာရင် ဘယ်နားမှလည်း တိုင်လို့မရဘူး၊ ဘယ်သူ့မှလည်း အားကိုးမရဘူး”ဟု ၎င်းဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

အလားတူ မတ်လ ၁၂ ရက် ညပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) တွင် ငါးခြောက်ရောင်းနေသော အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးကို အတူနေ အခြားအမျိုးသမီးတစ်ဦးက ဓားပြတိုက်၍ တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
လက်ရှိတွင် ဓားပြတိုက်ပြီး လူသတ်မှု ကျူးလွန်ခဲ့သည့် အမျိုးသမီးကို ၎င်းလုယူသွားသည့် ကျပ်ငွေ သိန်းတစ်ရာကျော်အပြင် ရွှေထည်ပစ္စည်းများနှင့်အတူ ကိုးကန့်တပ်ဖွဲ့မှ ဖမ်းဆီးရမိထားကြောင်း ဒေသခံများထံမှ သိရသည်။
သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဦးဆောင်မှုဖြင့် တပေါင်းပွဲကို မတ်လ (၁၀) ရက်နေ့မှ စတင်ကျင်းလျက်ရှိရာ ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းများကို အကြီးအကျယ် ဖွင့်လှစ်ခွင့် ပြုထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှု အန္တရာယ်အပြင် လုံခြုံရေး စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုသည်။












Leave a Comments