သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နားမခေါ်ကျေးရွာ အနီးတွင် မိန်းကလေး ၃ ဦး အသတ်ခံရပြီး အလောင်းစွန့်ပစ် ခံထားရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် သီပေါမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နားမခေါ်ကျေးရွာ အနောက်ဘက်ခြမ်းတွင် အမည်၊ နေရပ် မသိရသည့် မိန်းကလေးငယ် (၃) ဦးကို အဝတ်အစား မပါဘဲ အသတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံထားရသည့် အနေအထားဖြင့် မြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ထိုအသတ်ခံရသည့် မိန်းကလေး (၃) ဦးသည် အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားတွင်သာ ရှိကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အသတ်ခံရတဲ့ မိန်းကလေး ၃ ယောက်က အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြားပဲ ရှိဦးမယ်၊ သူတို့အလောင်းကို ရွာအနောက်မှာ လာပစ်ထားတာ။ ခန္ဓာကိုယ်ပေါ် အဝတ်အစား မရှိတော့ဘဲ အတွင်းခံပဲ ကျန်တယ်။ ဘယ်နေ့က ဆုံးလည်းတော့ မသိဘူး၊ ရွာလူကြီးနဲ့ ကိုးကန့်တပ်တွေ သွားပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။
သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီး အသတ်ခံရပြီး အလောင်းစွန့်ပစ်ခံထားရသည့် အဆိုပါ မိန်းကလေးငယ် (၃) ဦး၏ အမည်၊ နေရပ်နှင့် မိဘဆွေမျိုးတို့ကို သိရှိရခြင်း မရှိဘဲ ၎င်းတို့ကို မည်သူက လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အကြောင်းရင်းကိုလည်း မသိနိုင်သေးကြောင်း ဒေသခံများက ပြောသည်။
ဒေသတွင်းမှ အမျိုးသမီးငယ် အများစုသည် အလုပ်အကိုင် ရှားပါးလာမှုကြောင့် မိသားစု စားဝတ်နေရေးအတွက် သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် နောင်ကော်ကြီးကျေးရွာအုပ်စု အနီးတဝိုက်ရှိ KTV များတွင် သွားရောက်အလုပ် လုပ်ကိုင်သူလည်း များပြားလာကြောင်း ဒေသခံများက ပြောသည်။
“အသတ်ခံရတဲ့ မိန်းကလေးငယ်တွေက နားမခေါ်က မဟုတ်ဘူး၊ တခြားနယ်ကနေ KTV မှာ အလုပ်လုပ်တဲ့သူ ဖြစ်နိုင်တယ်။ အခုက စားဝတ်နေရေး ခက်ခဲတော့ မိန်းကလေးငယ်တွေလည်း ပိုက်ဆံရှိတဲ့ စစ်သားတွေကို ခန္ဓာကိုယ်နဲ့ ရင်းကြတာရှိတယ်။ အဲ့မှာ စစ်သားအများကြီးက ခေါ်အိပ်တဲ့အထိ ဖြစ်လာတယ်။ ပြီးတော့ မူးယစ်ဆေးသုံးတဲ့ လူငယ်တွေကလည်း ပိုများလာတယ်”ဟု သီပေါဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။
ယမန်နှစ် ဩဂုတ်လ တတိယပတ်အတွင်း သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့( MNDAA) က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
နောင်ကော်ကြီးကျေးရွာသည် သီပေါမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးပြီး မိုင်းရယ်မြို့နှင့် နမ့်လန်မြို့ ကားလမ်းတလျှောက်ကို MNDAA ထိန်းချုပ်ထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။












Leave a Comments