ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် စစ်ကောင်စီမှ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုလိုက်သေဆုံးကြောင်း စုံစမ်းသိရှိရပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၁ နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် မိုးမောက်မြို့နယ် ဝက်ယင်းကျေးရွာ ရှိ မိသားစုဝင် (၇)ယောက်သေဆုံးသွားခဲ့ပြီး သျှမ်းရွာဖြစ်သည့် နန့်အီ ရွာတွင် ထိခိုက်ဒဏ်ရာ ရရှိသူ (၅)ဦးရှိသည်ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မိုးမောက်ဖက်မှာ လည်း သျှမ်းရွာတွေ သေတာ (၆၀)လောက်ရှိတယ်။ မိုးမောက်မှာ ဘာစစ်မှ မဖြစ်တာကြာပြီ။သူတို့က အရပ်သားကို ပစ်မှတ်ထား တိုက်ခိုက်တာ။ မိသားစုဝင် (၇)ယောက်က နေရာမှာတင် ပွဲချင်းပြီး သေကုန်တာ။နန့်အီရွာမှာတော့ (၅) ဦးဒဏ်ရာ ရတယ်လို့ ကြားတယ်။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဒေသခံများ လေကြောင်းရန်ကို ကြောက်လန့်နေကြရပြီး အစစအရာရာ သတိရှိရှိ နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသွားသည့် မိသားစုဝင်များမှာ အသက်(၁၀ )နှစ်အရွယ်ရှိ မယွန်းမီမီဆား၊ အသက်(၉)နှစ်အရွယ်ရှိ မောင်အာင်လင်းထက်၊ အသက်(၅၃)နှစ်အရွယ်ရှိ ဦးမောင်ဦး၊ အသက်(၅၆)နှစ်အရွယ်ရှိ ဒေါ်အိုက်ဆော၊ အသက်(၂၅)နှစ်အရွယ်ရှိ ဆိုင်းလျန်း၊အသက်(၂၂)နှစ်အရွယ်ရှိ ချယ်ရီထွေး နှင့် အသက် (၃)နှစ်အရွယ်ကလေးတစ်ဉီး တို့ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀)ရက်နေ့တွင်လည်း မိုးမောက်မြို့နယ် ဝငန်ရွာကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။မိုးမောက်မြို့တွင် တိုက်ပွဲ မဖြစ်ပွားသည်မှာ (၅)လမျှ ရှိပြီ ဖြစ်ပြီး စစ်တပ်မှ လေကြောင်းဖြင့် မကြာခဏ လာရောက်တိုက်ခိုက်သည်ဟု ဒေသခံ များက ပြောသည်။
မိုးမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIAက ပြီးခဲ့သည့်၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၉) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး မိုးမောက်မြို့ပေါ် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။












Leave a Comments