စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ကောင်စီထံ TNLA ဘာတောင်းဆိုမှာလဲ။

လေယာဉ်ပျံသံ စကြားကြားချင်း စိတ်ထဲမှာ “ဘာမှမဖြစ်ပါစေနဲ့” လို့ ကြိတ်ဆုတောင်းနေပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆုတောင်းမှု မပြီးခင်မှာပဲ “အုန်း”ဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ဖုန်အလိပ်လိုက် တက်လာပြီး လွတ်ရာတော့ ဝပ်လိုက်ပါတယ်။

သူကတော့ နောင်ချိုမြို့ပေါ်ရှိ ပါရမီ-(၂) လက်ဖက်ရည်ဆိုင်ရဲ့ မိသားစုဝင်တစ်ဉီး ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဂျာနူးပဲ ဖြစ်ပါတယ်။

“ကျနော်က လမ်းထိပ်နားက ဖုန်းဆိုင်မှာ ဖုန်းသွားပြင်နေချိန် ဆိုင်တည့်တည့် ဗုံးကြဲခံလိုက်ရတာပဲ။ ကျနော်က ဆိုင်ထဲမှာ မရှိတော့ ကျနော်တစ်ယောက်လည်း လွတ်ခဲ့တယ်”လို့ ကိုဂျာနူးတစ်ယောက် တုန်ရီတဲ့လေသံနဲ့ ပြောပြလာပါတယ်။

နောင်ချို ပါရမီ (၂) လက်ဖက်ရည်ဆိုင် ဗုံးကြဲခံရသည့်ပုံ

နောင်ချိုမြို့ပေါ် ဈေးရပ်ကွက် ရဲစခန်းအနီးရှိ ပါရမီ လက်ဖက်ရည်ဆိုင် တည့်တည့်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ဗုံးနှစ်လုံး ကြဲချခဲ့ပြီး အရပ်သား (၁၀) ဉီး သေဆုံးကာ တစ်ဉီးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဗုံးဆံထိမှန်ပြီး သေဆုံးသွားသူတွေကတော့ ပါရမီ လက်ဖက်ရည်ဆိုင်ရဲ့ ဆိုင်ရှင်မိသားစုဝင် ၃ဉီး၊ ဆိုင်ဝန်ထမ်း ကောင်မလေး ၃ဉီး၊ လက်ဖက်ရည်လာသောက်သူ ၃ ဉီးနဲ့ ဆိုင်ရဲ့တစ်လမ်းကျော်က ဆေးဆရာ မိသားစု နှစ်ဦးတို့ ဖြစ်ပါတယ်။

“ကျနော်လည်း ဆိုင်မှာရှိရင် သေတဲ့ထဲပါမှာ။ လမ်းထိပ်က ဖုန်းဆိုင်ရောက်တော့ ဗုံးရဲ့အားကြောင့် မှန်ဘောင်တွေ ကွဲတာ၊ ကျနော်တောင် ဆိုင်မှာ ပြားပြားဝပ် နေလိုက်ရတယ်။ လက်မောင်းကိုတော့ အုတ်ကျိုးတွေ လာထိတယ်”ဟု ကိုဂျာနူးက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ပြန်ပြောပြပါတယ်။

TNLA တပ်ဖွဲ့က နောင်ချိုမြို့ကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဇူလိုင်လဆန်းပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု ဆက်လက်တိုက်ခိုက်ခံရတာကြောင့် ပါရမီ လက်ဖက်ရည်ဆိုင်ကို ၅ လခန့် ပိတ်ဆိုင်းခဲ့ပြီး ဆိုင်ရှင်မိသားစုက မန္တလေးမြို့ဘက်ကို ခေတ္တတိမ်းရှောင်ခဲ့ပါတယ်။

အဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုက လျော့နည်းလာပြီး နောင်ချိုမြို့လည်း လူစည်ကားစ ပြုလာချိန် ဝမ်းရေးအတွက် ပါရမီ လက်ဖက်ရည်ဆိုင်ကို ၂၀၂၅ ခုနစ် ဇန်နဝါရီ ၂၀ ရက်မှာ ပြန်လည်ဖွင့်လှစ်လာခဲ့ပါတယ်။

နောင်ချိုမြို့မှာ နာမည်ကြီးတဲ့ ပါရမီ လက်ဖက်ရည်ဆိုင် ပြန်ဖွင့်တဲ့ ရက်ကစလို့ ဆိုင်မှာ လူစည်ကားလာပြီး ပျော်ရွှင်တဲ့ ရယ်သံ စကားသံတွေနဲ့အတူ ပြန်လည်အသက်ဝင်လာချိန် ဆိုင်ဖွင့်တဲ့ သုံးရက်မြောက်မှာပဲ ကိုဂျာနူးတို့ရဲ့ ဘဝ ကံဆိုးမိုးမှောင် ကျလာပါတော့တယ်။

“ဆိုင်ဖွင့်တာ ၃ ရက်ပဲ ရှိသေးတယ်။ သူတို့ကတော့ အဲ့လိုမျိုး အဖွဲ့တွေ လာသောက်မယ်ထင်လို့ ချတာနေမှာပေါ့။ အရင်ကတည်းက ဘာမှ မရှိဘူး၊ ကျနော်တို့လည်း ဒီလိုပေါ့ အရင်ကလည်း ဌာနပေါင်းစုံနဲ့ အဆင်ပြေအောင် နေခဲ့တယ်” လို့ ကိုဂျာနူးက ဝမ်းနည်းတဲ့ လေသံနဲ့ ဆိုပြန်ပါတယ်။

ပါရမီ လက်ဖက်ရည်ဆိုင်ဟာ TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့မရဲစခန်း၊ တရားရုံး၊ ထွေအုပ်ရုံးတွေနဲ့ နီးကပ်တဲ့ နေရာတစ်ခုပါ။

ဒါပေမယ့် အရပ်သားကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုဟာ ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရက်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်မှုကို ပြသနေပါတယ်။

“လေကြောင်းနဲ့ ဗုံးကြဲတော့ တော်တော်ပျက်စီးသွားတယ်။ အလောင်းတွေတောင် ဘတ်ဖိုးနဲ့ ကော်ပြီး ဆယ်ရတာ၊ ဧည့်သည်တစ်ယောက်ကတော့ နောက်နှစ်ရက်လောက်မှ ပြန်တွေ့တယ်” လို့ သူက ပြောပါတယ်။

နောင်ချိုမြို့ လက်ဖက်ရည်ဆိုင် ဗုံးကြဲခံရပြီး သုံးရက်အကြာ ဇန်နဝါရီလ (၂၅) ရက် နေ့လယ်ခင်းအချိန်မှာပဲ TNLA ထိန်းချုပ်တဲ့ ကျောက်မဲမြို့ ကုတင် (၁၅၀) ဆံ့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်ပြီးတော့ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ​ဗုံးကြဲခံရသည့်ပုံ

အဲ့ဒီတိုက်ခိုက်မှုမှာလည်း ကျောက်မဲဆေးရုံ တစ်ခုလုံး ရစရာမရှိအောင် ပျက်စီးပြီး CDM သူနာပြု တစ်ဦး အပါအဝင် လူနာစောင့်နှစ်ဉီး ပွဲချင်းပြီး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ပါတယ်။

“ဆေးရုံမှာ ဆုံးသွားတာက ၃ ယောက်ရှိမယ်။ အဲ့ထဲမှာ Nurse တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးတယ်၊ လူနာစောင့်နဲ့ ကောင်လေးတစ်ယောက်လည်း ပွဲချင်းပြီးပဲ။ ဒဏ်ရာရတာ ၂၃ ယောက်။ ဒဏ်ရာပြင်းတာက ၁၂ ယောက်၊ ရိုးရိုးဒဏ်ရာက ၈ ယောက် ရှိမယ်”လို့ လူနာတွေကို သွားကယ်ထုတ်ခဲ့တဲ့ ကျောက်မဲဒေသခံ စိုင်းလှဝင်း က ပြောပါတယ်။

စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် ကျောက်မဲ CDM သူနာပြုဆရာမ

ကျောက်မဲပြည်သူ့ဆေးရုံကို CDM ဝင်ထားတဲ့ မြို့ခံ ဆရာဝန်တွေနဲ့ Sister Nurse သုံးယောက်တို့က ဦးဆောင်ပြီး တစ်ပတ်တစ်ခါ ဒဏ်ရာရ လူနာတွေ၊ ချောင်းဆိုး၊ ဖျားနာ စတဲ့ ရောဂါတွေကို ဆေးရုံမှာ ကုသပေးပြီး လူနာတွေကို ညအိပ်ခွင့် မပေးဘူးလို့ သိရပါတယ်။

ဆေးရုံမှာ ဆရာဝန်နှင့် သူနာပြုများ တစ်လတစ်ခါ အစည်းအဝေး လုပ်လေ့ရှိပြီး လူနာဆေးကုသစဉ် နေ့လယ်ခင်းအချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကို ခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားရတယ်လို့ စိုင်းလှဝင်းက မျက်နှာညှိုးငယ်စွာ ပြောပါတယ်။

ဇန်နဝါရီ (၂၁) ရက်မှ (၂၇) ရက်အတွင်း စစ်ကောင်စီက နောင်ချိုနဲ့ ကျောက်မဲမြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူစည်ကားတဲ့ လက်ဖက်ရည်ဆိုင်နဲ့ ဆေးရုံတို့မှ အရပ်သား (၁၅) ဦး သေဆုံးပြီး (၃၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဖေဖော်ဝါရီ (၄) ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အရပ်သားကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ TNLA တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်က စတင်ပြီး နယ်မြေသတ်မှတ်ပေးရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကနဦး သိရပါတယ်။

တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရာမှာလည်း စစ်ကောင်စီဘက် အသာစီးရရေးအတွက် TNLA ထိန်းချုပ်နယ်မြေထဲ လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကြဲမှုကို အပြင်းအထန် ပြုလုပ်နေပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေထဲ စစ်ကောင်စီရဲ့ အခုလို လေကြောင်းတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ဆက်တိုက်ကျူးလွန်နေတာဟာ ဆွေးနွေးမှုမှာ အသာစီးရအောင် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

“ဆွေးနွေးမှု အသာစီးရအောင်လို့ လေယာဉ်နဲ့ ဗုံးကြဲတယ် လက်နက်ကြီးနဲ့ပစ်တယ်၊ စစ်ရာဇဝတ်မှုတွေ ထပ်ကျူးလွန်တယ်။ ဆွေးနွေးပွဲမှာတော့ အပေါ်စီးကနေ ပြောဆို ဆွေးနွေးနေတာက တောက်လျှောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဆက်လုပ်နေသမျှ ကာလပတ်လုံး ဆွေးနွေးပွဲက အဆင်ပြေချောမွေ့မယ်လို့ မထင်ပါဘူး”လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုပါတယ်။

သို့သော် တရုတ်ဖိအားဟာ ကြီးမားပြင်းထန်ပြီး စစ်ကောင်စီနဲ့ လည်း အပေးအယူ မမျှမတ ဖြစ်လာတဲ့အခါ MNDAA လားရှိုးမှာ စစ်ရပ်တန့်လိုက်ရသလို TNLA အနေအထားကလည်း စစ်ရပ်သွားနိုင်တဲ့ အနေအထား ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ TNLA သိမ်းယူထားတဲ့ နောင်ချိုနှင့် မိုးကုတ်မြို့ကို ကျော်လွန်ပါက ပြင်ဦးလွင်နှင့် မန္တလေးတိုင်းသို့ ရောက်ရှိသွားခြင်းကြောင့် “ရှမ်း-မန်း စစ်ဆင်ရေး”မှသည် မန္တလေး စစ်ဆင်ရေးဘက် ကူးပြောင်းသွားပြီး TNLA ရဲ့ ဒေသစိုးမိုးရေးနဲ့ စစ်ရေးအခန်းကဏ္ဍ ကုန်သွားပြီလို့ ဦးသန်းစိုးနိုင်က ပြောဆိုပါတယ်။

“တန်ရာတန်ကြေး ရမယ်ဆိုရင် စစ်ရပ်စဲလိုက်ရင်လည်း နွေဦးတော်လှန်ရေးအတွက် ဘာမှ မထိခိုက်ဘူးလို့ ပြောချင်ပါတယ်။ စစ်ကောင်စီတိုက်လို့ TNLA သိမ်းထားတဲ့မြို့တွေ ပြန်ရစရာ အကြောင်း မရှိပါဘူး။ ပြင်ဦးလွင်ဆိုတာ မန္တလေးအပေါ် ရောက်နေပါပြီ၊ TNLA မပါလည်း ကိစ္စတော့ မရှိတော့ပါဘူး သူသိမ်းပိုက်ထားတဲ့ လက်နက်တွေ ပါရင် ရပါပြီ”ဟု ၎င်းက သုံးသပ်ပါတယ်။

မြေပြန့်အညာဒေသ စစ်ရေးလှုပ်ရှားမှုက ကိုယ့်ဒေသ ကိုယ့်လူထုနဲ့ ဆက်ကြိုးစားဖို့ လိုပြီး တအာင်း(ပလောင်) အမျိုးသားလှုပ်ရှားမှုက အဲဒီမှာ ပြီးဆုံးလို့ရကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နှင့် AA တို့ဟာ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး၊ အွန်လိုင်းကျားဖြန့် ပပျောက်ရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီကို စတင်တိုက်ခိုက်လာခဲ့ပါတယ်။

အဲ့ဒီနောက် ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဟာ အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းမှုကြောင့် လူထုတွေရဲ့ အားပေးမှုကို တလုံးတခဲ ရရှိလာခဲ့သလို တကြိမ်တခါမျှ မကြားဖူးတဲ့ စစ်ကောင်စီ အားထားရတဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တွေအထိ သိမ်းပိုက်ခဲ့ပြီး နယ်မြေစိုးမိုးမှုတွေ ရရှိခဲ့ပါတယ်။

အဘက်ဘက်က စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ကလည်း လေကြောင်းအားကိုး အသုံးပြုကာ အရပ်သားနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပြီးနောက် MNDAA နှင့် TNLA တို့ကလည်း ထိန်းချုပ်နယ်မြေအတွင်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးခင် စစ်ကောင်စီနဲ့ စကားပြောဆို တွေ့ဆုံမှု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၈)ရက်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တရားဝင် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး MNDAA ထိန်းချုပ်ဒေသသို့ စစ်ကောင်စီ လေကြောင်းဗုံးကြဲမှု ရပ်တန့်ခဲ့ပါတယ်။

ဒါပေမယ့် MNDAA တပ်ဖွဲ့က ဇွန်လ နောက်ဆုံးထားပြီး လားရှိုးမြို့ကနေ အပြီးသတ် ဆုတ်ခွာပေးသွားမည်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် နှစ်ဘက်တပ်က တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

“အခု MNDAA တို့က စစ်ကောင်စီနဲ့ ဆွေးနွေးပြီး တပ်ဆုတ်မယ်လို့ ကြေညာပေမယ့်လည်း အခုချိန်ထိ သူတို့ဆုတ်သွားတဲ့ အနေအထားတော့ မတွေ့ရသေးဘူး။ နောက်ပြီးတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါတွေမှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်တယ်။ တကယ်လို့သာ TNLA က ကိုးကန့်ရဲ့ ထောက်ပံ့မှုတွေ မရဘူးဆိုရင် သူတို့ကလည်း ဆက်လက်ရပ်တည်ဖို့ ခက်သွားလိမ့်မယ်”လို့ သျှမ်းပြည် စစ်ရေးကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။

ဒါကြောင့် TNLA ကလည်း ပြည်သူများရဲ့ ဘေးကင်းလုံခြုံရေး၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် နည်းလမ်းရှာဖွေနေကြောင်း ပြောဆိုသော်လည်း နိုင်ငံရေးပိုင်း စိတ်ဝင်စားခြင်း မရှိဘဲ စီးပွားရေးကဏ္ဍတွင် လုံးပမ်းလာခြင်းကြောင့် စစ်ကောင်စီ ထိုးစစ်ဆင်လာပါက စိုးရိမ်မှု ရှိနိုင်ကြောင်း သျှမ်းပြည် စစ်ရေးကျွမ်းကျင်သူက သုံးသပ်ပါတယ်။

“TNLA က အရင်တုန်းက စစ်အာဏာရှင် ပြုတ်ကျရေးဆိုပြီးတော့ လက်တွဲပူးပေါင်းပြီးတော့ တိုက်တာပေါ့။ ဒီနောက်ပိုင်းမှာကျတော့ သူတို့က စီးပွားရေးကဏ္ဍထဲမှာ လုံးပမ်းလာတယ်။ နောက်ပြီးတော့ အကျိုးအမြတ်တွေ သူတို့အတွက် အများကြီး ရလာတယ်။ ဒါကြောင့် နိုင်ငံရေးပိုင်းမှာ အဲ့လောက်ကြီး စိတ်ဝင်စားမယ့်အပိုင်း သူတို့ မရှိလောက်ဘူး။ သူတို့ရတဲ့ နေရာမှာပဲ သူတို့ ရပ်သွားတယ်”ဟု စစ်ရေးကျွမ်းကျင်သူက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် နှစ်ပေါင်းများစွာ အတူနေ တိုင်းရင်းသားများဖြစ်တဲ့ သျှမ်း၊ ကချင်ဒေသခံတွေနဲ့ သဟဇာတ မဖြစ်တာ၊ ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ရေးထိတွေ့မှု ဖြစ်တာတွေက TNLA အနေဖြင့် နိုင်ငံရေးလောကမှာ သူတို့အတွက် တဖြည်းဖြည်း ဆုံးရှုံးသွားရမယ်လို့ မြင်မိကြောင်း ၎င်းက ဆက်ပြောပါတယ်။

TNLA အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းမှာ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့နဲ့ မိုင်းလုံ (၇) မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့တို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ရာ စုစုပေါင်း (၁၂) မြို့ကို ထိန်းချုပ်ထားနိုင်ပါတယ်။

ထိန်းချုပ်ထားတဲ့ မြို့(၁၂) မြို့ရှိ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို TNLA မှ ဦးဆောင်စီမံ အုပ်ချုပ်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပါဝင်နိုင်မယ့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့ ဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီလ (၃) ရက်မှ (၇) ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ TNLA နှစ်ပတ်လည် အစည်းအဝေး အပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တအာင်း(ပလောင်) တပ်မတော်ကို တပ်မဟာ (၉)ခု အဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ ထိန်းချုပ်မြို့များကိုလည်း အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြို့ (၁၈) မြို့ ပါဝင်သည့် ခရိုင် (၅)အဖြစ် ပြင်ဆင်စုဖွဲ့ရန် သဘောတူခဲ့ကြတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

TNLA အနေနဲ့ အခုလို ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုနေပေမယ့် ထိန်းချုပ်နယ်မြေအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေဖြင့် ၎င်းတို့အစီအစဉ်ကို မသိရှိနိုင်ဘဲ မူဝါဒ မချပြသေးခင် ဘယ်လိုရှေ့ဆက် ခြေလှမ်းလှမ်းရမည်ကို စဉ်းစားတွေဝေကာ စစ်ကောင်စီရဲ့ မထင်မှတ်တဲ့ လေကြောင်းဗုံးဒဏ်ကို အမြဲစိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပေါင် ၁၀၀၀ အထက် ဗုံးတွေ သျှမ်းမြောက်ကို တက်လာရင် ပိုပြီး စိတ်ပူရတယ်။ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့လို မြို့ကြီးတွေ ပျက်စီးသွားနိုင်တယ်။ မြို့ဟောင်းတွေလို ဖြစ်နိုင်တာပေါ့၊ ဒါကြောင့် မြန်မြန်ပြီးစေချင်တယ်။ သူမနိုင် ကိုယ်လည်းမနိုင်နဲ့ ကြာသွားရင် ဇာတ်မျှောကြီးလို ဖြစ်သွားမှာ။ နိုင်ငံရေး အတိုင်းအတာ တစ်ခုတည်းမှာ ပြီးပြတ်ဆုံးအောင် မလုပ်ဆောင်နိုင်ဘူး”လို့ TNLA ထိန်းချုပ် ကျောက်မဲမြို့မှာ နေထိုင်တဲ့ စိုင်းလှဝင်းက ဝမ်းနည်းစိတ်ပျက်စွာနဲ့ ပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှု အစကနေ ယနေ့အချိန်ထိ ပြည်သူအသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသလို ပြည်သူတွေရဲ့ အိုးအိမ်ဉစ္စာ ပျက်စီးမှုကလည်း အကြီးအကျယ်ဖြစ်ခဲ့ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံစကားပြောမှု ပြုလုပ်နေတဲ့ TNLA နဲ့ MNDAA ကို သျှမ်းပြည်လူထုက စဉ်းစားလို့မရပေ။

“လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်ကျိုးအတွက်ပဲ။ သူတို့တွေက ပြည်သူအတွက်ပြောပြီး တိုက်ကြတယ်၊ ပြည်သူ့အတွက်ပြောပြီး တွေ့ဆုံကြပြန်တယ်။ ပြည်သူတွေက ခံရတဲ့ ဘက်ကပါပဲ။ သူတို့ အကျိုးမဟုတ်ရင် ဘာမှ မလုပ်ဘူး။ ပြည်သူမျက်နှာကို ဘယ်လက်နက်ကိုင်မှ မကြည့်ဘူး” လို့ ကျောက်မဲမြို့ ဒေသခံ အမျိုးသမီး တစ်ဉီးက ရင်ဖွင့်ပြောဆိုလာပါတယ်။

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး စစ်ရေးပဋိပက္ခတွေ ပြီးဆုံးနိုင်ခဲ့ရင်လည်း ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ၊ ပြန်မရနိုင်တော့တဲ့ မိသားစုဝင်တွေ အတွက်ကတော့ ယူကျုံးမရအောင်ပင် ခံစားရမှာ အမှန်ပါပဲ။

ကိုဂျာနူးလို မိသားစုဝင်တွေ မရှိတော့သလို ပိုင်ဆိုင်မှုတွေ ဘာမှ မရှိတော့ဘဲ “ဘဝသစ်”မှာ တစ်ယောက်တည်း ရှင်သန်ဖို့က ဘယ်လိုခွန်အားနဲ့ ရှေ့ဆက်သွားမှာလဲဆိုတာ အတော်ပင် ရုန်းထဖို့ ခက်ခဲနေအုံးမှာပါ။

“ မိသားစုရော ကိုယ့်လုပ်ဖော်ကိုင်ဖက်ရော ဗုံးကြဲခံရတဲ့ထဲ ပါသွားတော့ ဒီလိုခံစားချက်က တစ်ခါမှ မကြုံဖူးဘူး၊ ဘာပြောရမလဲ ဘယ်လိုပြောရမလဲ။ ပြောလည်း မပြောတတ်တော့ဘူး။ ခံစားရတာတော့ အမျိုးမျိုးပါပဲ၊ ဘယ်လိုခေါ်မလဲ စိတ်ကတော့ လုံးဝမကောင်းဘူးပေါ့”လို့ မျက်ဝန်းထဲက မျက်ရည်စတွေနဲ့ တုန်ရီတဲ့လေသံနဲ့ ကိုဂျာနူး ပြောလာပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...