“ပဋိပက္ခ မဖြစ်ပွားဖို့က သက်ဆိုင်ရာ တာဝန်ရှိ ထိပ်သီးခေါင်းဆောင်တွေ တာဝန်ယူ တာဝန်ခံမှုအနေနဲ့ ထိန်းသိမ်းပေးဖို့ လိုတယ်”

ဖေဖော်ဝါရီ (၇) ရက် သျှမ်းပြည်အမျိုးသားနေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ရှိ မြို့ဝင်မုခ်ဦး ဆေးရောင်ပြောင်းသုတ်ခံရပြီး သျှမ်းပြည်အလံပါ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရသည်။

သီပေါမြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးက မြို့အဝင်ရှိ ကျေးရွာဖွံ့ဖြိုးရေးနှင့် ဆိုင်းဘုတ်ရှိ အရောင်များကို ပြန်လည်မွမ်းမံခြင်းဖြစ်ပြီး TNLA ဗဟိုမှ ညွှန်ကြားချက် မဟုတ်ဘဲ ပြန်လည်ပြင်ဆင်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

ယခု TNLA က လုပ်ဆောင်နေသည့် သီပေါမြို့အဝင်မုခ်ဦးရှိ သျှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်အား ပလောင်လူမျိုး အမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်ခြင်း အပါအဝင် တော်လှန်ရေး ဦးတည်ချက်များနှင့် ဆန့်ကျင်ပြီး သျှမ်းပြည်မြောက်ပိုင်းတွင် ဒီမိုကရေစီ မဆန်သော အခြားကိစ္စရပ်များကို ပြုလုပ်နေသည့် TNLA ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ဖေဖော်ဝါရီ (၁၀) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စိန်ကျော့ပြည်သူ့စစ်တို့ ပါဝင်ဖွဲ့စည်းထားပြီး သီပေါမြို့ဝင်မုခ်ဦး ဆေးရောင် ပြောင်းသုတ်ခံရခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SSJAC နှင့် SSPP ပြောရေးဆိုခွင့်ရှိသူ စိုင်းဖုန်းဟန် ထံ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ပထမဆုံးအနေနဲ့ သီပေါမြို့ဝင်မုခ်ဦးရှိ သျှမ်းပြည်ကိုယ်စားပြု အမှတ်အသားနဲ့ ပတ်သက်ပြီး အခုလို စာထုတ်ပြန်ရတဲ့ အကြောင်းရင်းကို ပြောပြပါဦး။

ဖြေ ။ ။ ကျနော်တို့ SSJAC က မူတစ်ခု ချထားတာရှိတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ ဆိုတာ ကျနော်တို့ SSJAC အနေနဲ့ မူချထားတာ ရှိတယ်။ ဒါပေမယ့် မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်အောင် ဒါကို ကျနော်တို့ ထုတ်ပြန်ကြေညာချက် statement က ကျနော်တို့ လူမျိုးအချင်းချင်း အဲ့လိုမျိုး ပဋိပက္ခ မဖြစ်အောင်၊ အချင်းချင်း ပဋိပက္ခ မဖြစ်စေရေး ဆိုတဲ့ဟာကို ကျနော်တို့ ဦးတည်ပြီးမှ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းဖြစ်တယ်။

ဥပမာပြောရမယ်ဆိုရင် ကျနော်တို့ မလိုလားအပ်တဲ့ ပဋိပက္ခတွေက သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေက ဒါကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လိုတာပေါ့လေ။ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ကလည်း စယ်လန့်မှာ ဖြစ်တဲ့ကိစ္စကလည်း ရုပ်ဆိုးအကျည်းတန်တာပေါ့ဗျာ။ ဒါကို တာဝန်ရှိတဲ့လူတွေကို အချိန်မီ ထိန်းသိမ်းပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်တယ်ဗျ။

မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အခုလို မြို့ဝင်မုခ်ဦးကို ဆေးရောင်ပြောင်းတဲ့ကိစ္စ ဖြစ်သွားတဲ့အပေါ်မှာ SSJAC အနေနဲ့ ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။

ဖြေ ။ ။ ဘယ်လိုကိုင်တွယ်သွားဖို့ရှိလဲဆိုတာ ကျနော်တို့က လုပ်တဲ့လူ မဟုတ်ဘူးလေဗျာ။ အဲ့တာက ဘယ်လိုဖြေရှင်းပေးမလဲ ဆိုတဲ့ဟာက လုပ်တဲ့ကာယကံရှင် ဖြေရှင်းပေးရမှာဖြစ်တယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က သျှမ်းအမျိုးသားနဲ့ ပလောင်အမျိုးသားကြားမှာ၊ ပြီးတော့ သျှမ်းအဖွဲ့အစည်းနဲ့ ပလောင်အဖွဲ့အစည်းကြားမှာ ပဋိပက္ခ မဖြစ်စေရေး ထိန်းသိမ်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ရခြင်းဖြစ်တယ်။

ဘယ်လိုလုပ်ဖြေရှင်းသွားမလဲဆိုတာက ကျနော်တို့က ကာယကံရှင် မဟုတ်တဲ့အတွက် ဒါက ကျနော်တို့ တာဝန်မရှိဘူးပေါ့လေ၊ သက်ဆိုင်တဲ့အဖွဲ့အစည်း လုပ်တဲ့လူတွေပဲ ဒါကိုဖြေရှင်းပေးဖို့ သူတို့တာဝန်ရှိတာပေါ့လေ။ အဲ့ဒါကို ကျနော်တို့ ပြောလိုပါတယ်ဗျ။

မေး ။ ။ မူဆယ်မြို့နယ် စယ်လန့်မှာ ရှိတဲ့ စဝ်ဆေခန်ဖ မြို့ရိုးဟောင်း ဖျက်ဆီးခံရတုန်းကလည်း စစ်ရေးနည်းလမ်းအစား TNLA နဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းခဲ့သလို အခု သီပေါမြို့ ဖြစ်စဉ်မှာကော ဘာတွေ ဆက်လုပ်သင့်လဲ။

ဖြေ ။ ။ ဘာတွေလုပ်သင့်လဲဆိုတာက ကျနော်စောစောက ပြောသလိုပဲ။ သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေပဲ ဖြေရှင်းရမှာ ဖြစ်တယ်။ ကျနော်တို့ ပဋိပက္ခ မဖြစ်စေရေး ဦးတည်ချက်နဲ့ ဒါကို လှမ်းပြီးတော့မှ သတိပေးတဲ့သဘောပဲ ဖြစ်တယ်။ ကျနော်တို့ သျှမ်းအချင်းချင်းနဲ့ ပလောင်အချင်းချင်း ပဋိပက္ခ မတိုးပွားစေရေး ဦးတည်ချက်ပဲ လုပ်တာဖြစ်တယ်။

ဆိုတော့ သူတို့ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတာက လုပ်တဲ့ တာဝန်ရှိတဲ့လူတွေပဲ ဖြေရှင်းရမှာ ဖြစ်တယ် အဲ့တာ အဓိကပေါ့လေ။ ကျနော်တို့ SSJAC ရဲ့ မူက ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ဟာက ရှိပြီးသားဖြစ်တယ်၊ အဲ့တာကို ဦးတည်ပြီးမှ ကျနော်တို့ ပြောနေခြင်းဖြစ်တယ်။

မေး ။ ။ SSJAC ထဲမှာ ပါဝင်တဲ့ SSPP အနေနဲ့ တစ်ဘက်မှာကျတော့ FPNCC မှာ TNLA နဲ့ မဟာမိတ်ဖြစ်ထားတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လဆိုရင် သီပေါ၊ ကျောက်မဲဘက်မှာ ထိတွေ့မှု ဖြစ်ခဲ့တာရှိတယ်၊ အဲ့တုန်းကဆိုရင် အပြန်အလှန် စာထုတ်ပြန်ပြီးမှ FPNCC ဥက္ကဋ္ဌရှိတဲ့ ပန်ဆန်းမြို့မှာ နှစ်ဘက်တွေ့ဆုံ ဖြေရှင်းခဲ့တယ်လို့ သိရတယ်။ အခု သီပေါမြို့မုခ်ဦး ကိစ္စနဲ့ ပတ်သက်ပြီးတော့ SSPP နဲ့ TNLA တွေ့ဆုံဖို့ရှိလား။

ဖြေ ။ ။ တွေ့ဆုံဖို့ရှိလားဆိုတာ ကျနော်တို့က SSPP အပါအဝင် SSJAC အနေနဲ့ တွေ့ဆုံဆွေးနွေးရေးနည်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေးဆိုတာက ကျနော်တို့ လက်ကိုင်ထားတဲ့မူ ဖြစ်တယ်။ ဆိုတော့ ဘယ်တော့မဆိုလေ ကျနော်တို့က မိတ်ဖက်ပဋိပက္ခဆိုတာ ရှိတော့ရှိတာပေါ့ဗျာ။ အဲ့တာကို ပလောင်ရယ်လို့ မဟုတ်ပါဘူးဗျ၊ တခြား အဖွဲ့အစည်းနဲ့လည်း ကျနော်တို့ ဒီလို ကိုင်စွဲထားတာဖြစ်တယ်။

ပြဿနာ တစ်ခုခုဖြစ်ရင် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ SSJAC နဲ့ SSPP ရဲ့ မူပဲဖြစ်တယ်။ ဘယ်တော့မဆိုလေ ပြဿနာ တစ်ခုခု ဖြစ်ပြီဆိုရင် ဒါက တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာရေး ဆိုတာက ဘယ်တော့မှ လက်မလွတ်တဲ့မူဖြစ်တယ်၊ အစဉ်တစိုက်ပဲ ဒီလိုကိုင်စွဲလာခဲ့တာဖြစ်တယ်။

မေး ။ ။ သျှမ်းပြည်မြောက်ပိုင်းက မြို့အများစုကို ထိန်းချုပ်ထားတဲ့ TNLA အနေနဲ့ ဒီမိုကရေစီ မဆန်တဲ့ ကိစ္စရပ်တွေ၊ ဒေသခံပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားမှု မရှိတာနဲ့ အတူနေ တိုင်းရင်းသားလူမျိုး အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ဆန့်ကျင်ရာ ရောက်တာတွေအပေါ် SSPP အနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ ။ ။ အဲ့တာကတော့ ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ဦးတည်ချက်နဲ့ပဲ ပြောလို့ရတာပေါ့ဗျာ။ ဥပမာ – ပလောင်အဖွဲ့အစည်းနဲ့ ပလောင်လူမျိုးတွေ ကိုင်စွဲတဲ့ ရည်မှန်းချက်တွေ ရပ်တည်ချက်တွေ ကျနော်တို့ သွားပြီးတော့ ပြောလို့ ဟန့်တားလို့ မရပါဘူးခင်ဗျ။

ကျနော်တို့ SSPP က အာဏာရှင်စနစ်ကို မကြိုက်လို့ SSA ဆိုတာကို တည်ထောင်လာခြင်းဖြစ်တယ်။ အာဏာသိမ်းလို့ ၁၉၆၄ မှာ SSA ဆိုတာကို တည်ထောင်လာခြင်း ဖြစ်တယ်။ ဆိုတော့ အာဏာရှင်စနစ်ကို မကြိုက်လို့ ကျနော်တို့ တော်လှန်ခြင်းဖြစ်တယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ဖို့ ကျနော်တို့က ဖွဲ့စည်းလာတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ တစိုက်မတ်မတ် ကျနော်တို့ လုပ်လာခဲ့ခြင်းဖြစ်တယ်။

ဒီမိုကရေစီ မဆန်တဲ့ဟာ၊ အာဏာရှင်ဆန်တဲ့ဟာ ဆိုတာက ပြောစရာမလိုဘူး ကျနော်တို့ အဖွဲ့အစည်းအနေနဲ့။ ဒါပေမယ့် တခြားအဖွဲ့အစည်း လုပ်တာကတော့ ကျနော်တို့ သွားပြီးမှ ပြောလို့လည်း အဆင်မပြေဘူးလေနော်။ ဆိုတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို မေးတာ ပိုပြီးတော့ သင့်လျော်တာပေါ့ဗျာ။

ကျနော်တို့ SSPP/SSA အနေနဲ့က ဒီမိုကရေစီနဲ့ ဖက်ဒရယ် ရရှိဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ထောင်ဖို့ဆိုတာ ကျနော်တို့ရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တယ် ဆိုတာက တစုံတရာ ယုံမှားသံသယ ရှိဖို့တောင် မလိုဘူးဗျာ။

မေး ။ ။ တခြားသော ဖြည့်စွက်ချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ကျနော်တို့ မလိုလားအပ်တဲ့ ပဋိပက္ခဆိုတာတော့လေ ကလေးတွေ အောက်ခြေတွေ လုပ်တာကတော့ ဒါက နားမလည်လို့လည်း ဖြစ်နိုင်တယ်လေ။ ပြီးတော့မှ အဖွဲ့အစည်း တစ်ခုရဲ့ စေခိုင်းမှု ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့လေ။ ဒါပေမယ့် တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ ဆိုတာက ခေါင်းရှောင်လို့ မရဘူးလေ။

ဒါကို ပဋိပက္ခ မဖြစ်ပွားဖို့က သက်ဆိုင်ရာ တာဝန်ရှိ ထိပ်သီးခေါင်းဆောင်တွေ ဆိုတာက တာဝန်ယူ တာဝန်ခံမှုအနေနဲ့ ထိန်းသိမ်းပေးဖို့ လိုတယ် ဆိုတဲ့ဟာကို ကျနော်တို့ အထူး ပြောလိုတာပေါ့။ ပြောမယ်ဆိုရင်တော့ တာဝန်ရှိတဲ့လူတွေ ထိပ်ပိုင်းခေါင်းဆောင်တွေက ဒီအတိုင်း လျစ်လျူရှု မနေသင့်ဘူးပေါ့ဗျာ၊ ဒါကို ကျနော်တို့ အထူးဖော်ပြလိုပါတယ်ခင်ဗျ။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...