သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု တို့ ထိတွေ့တိုက်ပွဲများရှိနေကြာင်း စုံစမ်းသိရသည်။
ဆီဆိုင်မြို့၏ အရှေ့တောင်ဘက် နှင့် အနောက်တောင်ဘက်တို့တွင် စစ်ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစုတို့ထိတွေ့တိုက်ပွဲများရှိနေပြီး၊ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ ၄၂၃ တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဆီဆိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကောင်စီတပ် ခမရ ၄၂၃ ဆီဆိုင်မြို့ထဲကနေ အရှေ့တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ဆီဆိုင်မြို့ ကနေ ၁၄ မိုင်လောက်ဝေးတဲ့ နောင်ထောဝ်ရွာ အနီးဝန်းကျင်က ရွာတွေ အနီးမှာကျတာ။ဆီဆိုင်မြို့ရဲ့ အနောက် တောင်ဘက်က လွယ်တွန်တောင်ကြောပေါ်မှာ လည်း ထိတွေ့မှုတွေရှိနေတယ်။ ဆီဆိုင်နဲ့ ညောင်ရွှေအစပ်မှာပေါ့.”ဟု ဆီဆိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထို စစ်ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားတို့ စစ်ရေးတင်းမာမှု၊ ထိတွေ့တိုက်ပွဲများ သည် ဆီဆိုင်မြို့နှင့် ၁၀ မိုင် ခန့်သာကွာဝေးသည့်အတွက် ဆီဆိုင်မြို့ ဒေသခံများအတွက် စိုးရိမ် ရကြောင်း ဒေသခံများပြောသည်။
ဆီဆိုင်မြို့အရှေ့ဘက်ကို စစ်ကောင်စီနှင့် PNO တို့သည် အဆိပ်ပါသော လက်နက်ကြီးများကို အသုံးပြု ပစ်ခတ်တိုက်ခိုက်လာကြောင်း PNLA မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။












Leave a Comments