ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ကို ယနေ့ ဖော်ဖော်ဝါရီ ၂ ရက် နံနက် ၅ နာရီခွဲမှစ၍ အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် စကခ (၂၁) နှင့် လက်ကျန်တပ်များ လက်နက်ချရန် သတိပေးထားရာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ရက်) က ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ လက်ကျန် စစ်ကောင်စီ တပ်သား ၂၀ လက်နက်ချခဲ့သည်ဟု ဆိုသည်။
“အခွင့်အရေးအချိန် ကုန်ဆုံးပြီ၊ အပြီးသတ် ထိုးစစ် စတင်နေပြီ” ဟု ဗန်းမော် အခြေအနေနှင့် ပတ်သက်၍ ၎င်းကအသိပေးသည်။
ပိတ်ဆို့ခံထားရသည့် စကခ(၂၁) အတွင်း ရိက္ခာပြတ်လပ်နေရာ ပြီးခဲ့သည့် ရက်ပိုင်းက တပ်ကိုစွန့်ခွာ လက်နက်ချသူ တချို့ရှိခဲ့သည်ဟု တခြား စစ်ရေးသတင်းရင်းမြစ်က ဆိုသော်လည်း ဖြစ်စဥ် အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။
“ဒီမနက် အစောပိုင်းကစပြီး ထုနဲ့ တိုက်စစ်ဆင်နေပြီ။ သိပ်မကြာတော့ဘူး ပွဲပြီးမယ်”ဟု ၎င်းကသုံးသပ်သည်။
နှစ်လနီးပါး ကြာမြင့်နေပြီ ဖြစ်သည့် ဗန်းမော်မြို့ ထိုးစစ် အတွင်း KIA ပူးပေါင်းတပ်က လေယာဉ်ကွင်း၊ စရဖရုံးနှင့် အမှတ် (၆၀၀၇) သံချပ်ကာတပ်နှင့် သံချပ်ကာကားများ သိမ်းပိုက်ထားပြီး လက်ရှိ စကခ (၂၁) ကို ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဗန်းမော်နှင့် မံစီမြို့ကို KIA ပူးပေါင်းတပ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကစ၍ တပြိုင်ထဲ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၈ ရက် နေ့တွင် မံစီမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။












Leave a Comments