တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်နှစ်သစ်ကူး ကျင်းပရာ၌ သေနတ်ဖြင့် ပစ်ဖောက်သဖြင့် ပြည်သူ့နေအိမ်များ ထိမှန်ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၈)ရက် ညပိုင်းတွင် မူဆယ်မြို့ပေါ်နှင့် တရုတ်ဘုံကျောင်းရှိသည် ရပ်ကွက်များတွင် နှစ်သစ်ကူး ပွဲတော် ပြုလုပ်ရာ ပြည်သူစစ်များက သေနတ်များကို မီးရှူးမီးပန်းနှင့် အတူ ပစ်ဖောက်မှုများ ပြုလုပ်ကြသည်။
အဆိုပါ ပစ်ဖောက်မှုဟာ အနီးရှိ ပြည်သူ့နေအိမ်များကို ကျည်ဆံ ထိမှန်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့ညက တရုတ်နှစ်သစ်ကူးပွဲရှိတော့ ဗြောက်တွေ မီးရှူးမီးပန်းတွေနဲ့ သေနတ်ကိုပါ ရောဖောက်ကြတာ။ အိမ်တွေထဲထိ ဝင်ရောက်တယ် အိမ်ဘေးမှာထားတဲ့ ပစ္စည်းတွေဆို ကျည်ဆံထိလို့ အကုန်အပေါက်တွေ ဖြစ်တယ် မှန်တွေလည်း အိမ်မှန်တွေလည်း ကွဲတယ်။ လူထိမှာကိုပဲ ပိုစိုးရိမ်ရတယ်”ဟု ၎င်းက ပြောသည်။
မူဆယ်မြို့ပေါ်ရှိ ပြည်သူ့စစ် အဖွဲ့များ နှင့် တရုတ်သူဌေးနေအိမ်များတွင် တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပနေစဥ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်နံရံ နှင့် ခေါင်မိုးပေါ်သို့ ကျည်ဆံ ထိမှန်ကြောင်းလည်း ၎င်းအမျိုးသားက ဆက်ပြောသည်။
ထို့အပြင် သေနတ်ကျည်ဆံများဟာ နေအိမ်အတွင်းထိ ကျရောက်မှုများ ရှိပြီး ၎င်းဓလေ့ထုံစံကြောင့် အများအသက် ဆုံးရှုံးစေတဲ့ နှစ်သစ်ကူးမျိုး မဖြစ်စေလိုကြောင်း ဒေသခံများကပြောသည်။
သေနတ်ကျည်ဆံများ ထိမှန်သည့် အိမ်နံရံ နှင့် ခေါင်မိုးများ အတွက် တာဝန်ယူ ပြင်ဆင် ဆောင်ရွက် ပေးမှုများလည်း မရှိကြောင်း အထက်ပါ မူဆယ်မြို့ခံ အမျိုးသားက ဆက်ပြောသည်။

“တရုတ်နှစ်သစ်ကူးလုပ်တာတော့ သူတို့ထုံးစံပဲပေါ့နော် ဒါပေမယ့် ကိုယ့်ဓလေ့ကြောင့် သူများတွေ ထိခိုက်စေတာမျိုးတွေ မဖြစ်စေချင်ဘူး။ အိမ်တွင်းထိ အိပ်ယာပေါ်ထိကိုကျလာတာ လူထိသွားရင် ဘယ်သူတာဝန်ယူနိုင်မှာလည်း။ ခုအိမ်ကမှန်တွေ ကားမှန်တွေ ထိတော့ ကွဲကုန်တယ်။ ဘယ်သူမှလည်း တာဝန်ယူတာမျိုးမရှိဘူး။ ဖြစ်နိုင်ရင် သေနတ်ဖောက်တာမျိုး မရှိစေချင်ဘူး”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် (ဇန်နဝါရီ ၁၉)ရက်တွင်လည်း မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဧက (၄၀) ဘက်တွင် စစ်ကောင်စီလက်အောက်ခံ မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် အရက်သောက်သုံးပြီးနောက် အချင်းချင်း လိုက်လံပစ်ခတ်ခဲ့ရာ ပြည်သူ့စစ်တစ်ဦး သေဆုံးသွားပြီး ၎င်းရုပ်အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အတူ မူဆယ်မြို့နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ပေါများနေသော်လည်း ပြည်သူများ လုံခြုံရေး ကင်းမဲ့နေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments