သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း ညအချိန်လက်နက်ကြီးပစ်ခတ်သံများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) ည ၁၁ နာရီဝန်းကျင်တွင် ရပ်စောက်မြို့နယ် အတွင်း လက်နက်ကြီး ပစ်ခတ်သံများအဆက်မပြတ်ကြားရပြီး မြို့ခံများစိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဘယ်အဖွဲ့လို့တော့ မသိဘူး၊ ညကဖြစ်တာ လက်နက်ကြီးတွေပစ်နေတာ အချက် ၅၀ လောက်ရှိတယ်၊ ဘယ်အချိန်ကစပစ်တာလဲတော့ မသိဘူး ၁၁ လောက်ကျတော့ အသံက မကြားချင်မှ အဆုံး ဆက်တိုက်ပစ်သံကြားတယ်” ဟု အသက် ၂၄ နှစ်အရွယ် ရပ်စောက်မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
လက်နက်ကြီးပစ်ခတ်သံကြားရသည့်နေရာသည် ရပ်စောက်မြို့အနီး လွယ်ဆင်နှင့်ဘန်ကွေးရွာဘက်မှ ကြားရခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုများမှာ သျှမ်းတပ်နှစ်တပ်၏တိုက်ပွဲများလည်းဖြစ်နိုင်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အစိမ်း (SSPP) နဲ့ အကြား (RCSS) ဖြစ်ကြတာ၊ စစ်တပ်တော့မပါဘူး၊ သေနတ်သံတွေကော ဗုံးသံတွေကော၊ မြေပါတုန်တယ်” ဟု အသက် ၃၀ ဝန်းကျင် မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်တွင်လည်း အင်တောမြို့အနီးတွင် သျှမ်းတပ်နှစ်တပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ ထိခိုက်မှုများခဲ့ကြောင်းလည်း အင်တောဒေသခံများထံမှသိရသည်။
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသအတွင်းတွင် စစ်ကောင်စီမှ ဇန်နဝါရီလ ၁၆ ရက်တွင်လည်း လေကြောင်းဖြင့် ဗုံး ၅၆ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှထုတ်ပြန်ထားသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။












Leave a Comments