တရုတ်ဖိအားကြောင့် MNDAA လားရှိုးမြို့က စွန့်ခွာမှာလား

“စည်းလုံးညီညွတ်ခြင်းသည် အင်အား”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထင်းစည်းကို ချိုးနေတဲ့ ရုပ်တုရှိရာ လားရှိုးမြို့တော်ခန်းမရှေ့ ယာဉ်အဝိုင်းပတ်နား ပုံမှန်တွေ့မြင်နေကြ မဟုတ်တဲ့ အပြာရောင်နဲ့ အနီရောင် နောက်ခံပိတ်စပေါ် အလယ်မှာ ကြယ်ပွင့် (၃) လုံးပါ အထူးဒေသ(၁) အလံများ လွှင့်ထူနေရာယူထားပါတယ်။

လက်ရှိမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က အာဏာသိမ်း စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတဲ့ လားရှိုးမြို့တဝိုက် အရေးပါတဲ့ အထင်ကရ နေရာတွေနဲ့ လမ်းမကြီးတလျှောက်မှာ အထူးအုပ်ချုပ်ရေးဒေသ(၁) ကိုယ်စားပြုဆိုတဲ့ အလံတွေနဲ့ MNDAA အလံတွေ လွှင့်ထူထားခဲ့တာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဩဂုတ်လကတည်းကဆိုရင် (၆) လကျော် ရှိလာပါပြီ။

သျှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော်လို့ သတ်မှတ်ထားတဲ့ လားရှိုးမြို့မှာ ဒီလိုမြင်ကွင်း အခြေအနေမျိုး ဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ (၆) လ ဒါမှမဟုတ် တစ်နှစ်အချိန်မှာ ဒေသခံပြည်သူတွေတောင် တွေးထင်မိမှာ မဟုတ်ပါဘူး။

MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်နေတယ်ဆိုတဲ့ လားရှိုးမြို့ပေါ်မှာ အနီရောင်နောက်ခံပေါ် မြန်မာ-တရုတ် နှစ်ဘာသာနဲ့ ရေးထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေကလည်း နေရာယူထားပြီး MNDAA ဘတ်တံဆိပ်ဝတ် လုံခြုံရေးတပ်ဖွဲ့တွေ လက်နက်ကိုယ်စီနဲ့ ကင်းလှည့်နေပါတယ်။

“လူတွေက ရပ်ကွက်ထဲက လူတွေပဲ ပြန်ဖွဲ့ထားတာ၊ အထက်က လူတွေကို ကျနော်တို့လည်း မမြင်ဖူးဘူး။ အလုပ်လုပ်ကြတာတော့ အရင်ကလိုပဲလေ၊ ဒါပေမယ့် ထိရောက်တယ်။ သူခိုးဘိန်းစား ဖမ်းဆို အကုန် တကယ်ဖမ်းတယ်၊ တကယ် အရေးယူတယ်။ လောလောဆယ်ပဲ အဆင်ပြေနေတာလား၊ နောက်ဆို တူတူဖြစ်လာမလား အတိအကျ မပြောရဲဘူး”ဟု အသက်(၄၀) ကျော်အရွယ် စိုင်းလူက ပြောပါတယ်။

စစ်ကောင်စီကို သမိုင်းတွင် အရှက်ရစေတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု လက်နက်ကိုင်တပ်ဖွဲ့တစ်ခုထံ ပထမဆုံး လက်လွှတ်ဆုံးရှုံးရခြင်းအတွက် လွယ်လင့်တကူ ပြန်ရလိုရငြား တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေတိုင်းမှာ လားရှိုးမြို့ကို အလုံးစုံ ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ထံ စစ်ကောင်စီက တောင်းဆိုတယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းပြီး မြို့နေလူထု တွေ့ဆုံပွဲတွေကို ရပ်ကွက်တိုင်းမှာ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဒေသခံတွေအတွက် အရေးပါတဲ့ လားရှိုးမြို့ ကုတင်(၅၀၀) ပြည်သူ့ဆေးရုံကိုလည်း CDM ဆရာဝန်တွေရဲ့ အကူအညီနဲ့ MNDAA က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုအပြင် လျှပ်စစ်မီး ပြန်လည်ရရှိဖို့လည်း လုပ်ဆောင်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြပါတယ်။

၂၀၂၄ ဒီဇင်ဘာလက စပြီး လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ကိုးကန့်တပ် MNDAA က ဖွဲ့စည်းထားပေးတဲ့ လုံခြုံရေးအဖွဲ့တွေထဲ ဒေသခံများ ပါဝင်ပြီး သူခိုးဓားပြ ပပျောက်ရေးနဲ့ ပြည်သူလုံခြုံရေးအတွက် နေ့ညမပြတ် ကင်းလှည့်ပေးနေတယ်လို့ ဆိုပါတယ်။

“ကင်းလှည့်တဲ့ ကိစ္စကတော့ အတတ်နိုင်ဆုံး နေ့ညမပြတ် တောက်လျှောက် အချိန်ပြောင်းပြီးတော့ လှည့်ပေးတာမျိုးရှိတယ်။ အဓိကတော့ ပြည်သူလုံခြုံမှု ရဖို့ပေါ့နော်။ ခိုးဆိုးလုနှိုက်တွေ ပပျောက်ရေး၊ ဓားပြတွေ မရှိအောင် ကျနော်တို့ နေ့စဉ်နေ့တိုင်း ဆောင်ရွက်နေပါတယ်”လို့ လားရှိုးမြို့ ရပ်ကွက်လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ MNDAA လုံခြုံရေး

ဒါ့အပြင် လုံခြုံရေးအဖွဲ့တွေက ရပ်ကွက်အတွင်း ဖမ်းဆီးရမိတဲ့ ခိုးဆိုးလုနှိုက်နဲ့ စစ်ကောင်စီသတင်းပေးတွေကိုတော့ MNDAA စစ်ရေးကော်မတီကို လွှဲပြောင်းပေးပြီး အဲ့ဒီစစ်ရေးကော်မတီမှ စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်တာတွေ ရှိကြောင်းလည်း ရပ်ကွက်လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လားရှိုးမြို့ပေါ် ဖုန်းနဲ့ အင်တာနက်လိုင်းများ ပြန်လည်ရရှိနေတဲ့အပြင် (၂၄) နာရီ အသုံးပြုနိုင်တဲ့ အင်တာနက်သီးသန့်သုံး ကဒ်တွေလည်း ဝယ်ယူနိုင်ပြီး ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရစဉ် အသုံးပြုခဲ့တဲ့ Star Link စတားလင့် အင်တာနက်စက်တွေကိုတော့ ရပ်ကွက်လုံခြုံရေးအဖွဲ့တွေက သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို ဒေသခံပြည်သူတွေကလည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုအကြား နေရပ်ပြန်ကာ ဈေးတွေနဲ့ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ပြီး စီးပွားရေး ပြန်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလက စတင်ပြီး မြို့ပေါ်တချို့ရပ်ကွက်တွေမှာ MNDAA လက်အောက် လျှပ်စစ်နဲ့ ရေဖြန့်ဖြူးရေးကုမ္ပဏီက ပေးတဲ့ လျှပ်စစ်မီးတွေ အချိန်ဇယားနဲ့ အလှည့်ကျ လာနေပြီး မီတာခကိုတော့ ကောက်ခံခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မြို့တွင်းသန့်ရှင်းရေးနဲ့ အမှိုက်သိမ်းတာဝန်ကိုတော့ “လားရှိုးငြိမ်းချမ်းဝန်ဆောင်မှုကုမ္ပဏီ” နာမည်နဲ့ ဝန်ထမ်းများက လုပ်ငန်းအမျိုးအစားအလိုက် အမှိုက်ခွန်တွေကို မြန်မာကျပ်ငွေ ၃၀၀၀ က စပြီး အိမ်တိုင်ရာရောက် ကောက်ခံနေတယ်လို့ ဈေးသည်တစ်ဦးဖြစ်တဲ့ နန်းမြက ပြောပါတယ်။

“အမှိုက်ခွန်ကောက်သွားပြီ။ ဆိုင်သေးဆိုတော့ ၆၀၀၀၊ အိမ်ပဲဆို တစ်လစာ ၃၀၀၀။ အမျိုးအစားခွဲသေးတယ်။ အရင်က ကောက်သလို ကုမ္ပဏီက ကောင်မလေးတွေပဲ၊ ကိုးကန့်တွေမဟုတ်ဘူး။ ဒီကနယ်ခံတွေပဲ အလုပ်ပြန်ပေးထားတာ၊ မီးက ၂ ရက် ၃ ရက်ခြားတစ်ခါ လာတယ်”လို့ နန်းမြက လားရှိုးမြို့ပေါ် အခွန်ကောက်ခံမှုအခြေအနေကို ပြောပါတယ်။

မြို့အဝင်အထွက်တွေမှာတော့ ကိုးကန့်တပ်ဘက်က ဘီးလှိမ့်ခွန်အနေနဲ့ ကားတစ်စီး ၁၀၀၀ ကျပ် ကောက်ခံပြီး ဖြတ်ပိုင်းပေးကာ ကုန်ပစ္စည်း သယ်ရင်တော့ တင်သွင်းလာတဲ့ ကုန်ပမာဏအပေါ် မူတည်ပြီး (၁) ရာခိုင်နှုန်းကို အခွန်အနေနဲ့ ကောက်ခံကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။

လားရှိုး ယာဉ်လိုင်စင်

ဒါ့အပြင် လားရှိုးမြို့တွင်းနဲ့ ကိုးကန့်တပ် ထိန်းချုပ်ဒေသတွေမှာ သွားလာနိုင်ဖို့ လိုင်စင်ရှိ၊ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်အားလုံး MNDAA ထံ ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားတွေ ပြုလုပ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက လားရှိုးမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာရှိ ကား၊ ဆိုင်ကယ်စာရင်းတွေကို သက်ဆိုင်ရာ နယ်မြေမှူးတွေက လိုက်လံကောက်ခံခဲ့ပါတယ်။

မြို့ပေါ်မှာ ကားသူခိုးတွေ၊ ကားတိုက်ပြီး ထွက်ပြေးတာတွေ များလာတာကြောင့် အရင်က လိုင်စင်မဲ့ without ကားတွေကို ခဲခြစ်နံပါတ်၊ အင်ဂျင်နံပါတ်များ တောင်းခံပြီး ယာယီကတ်ပြား ထုတ်ပေးကာ သွားရောက်စာရင်းပေးသွင်းသူ နေ့စဉ် ရာနဲ့ချီ ရှိနေတယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။

လားရှိုးမြို့ပေါ် ရပ်ကွက်-(၃)၊ (၈)၊ (၁၂) နဲ့ ဟိုပိတ်ကျေးရွာတွေမှာ ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးတဲ့ရုံးတွေ ဖွင့်လှစ်ပြီး ယာဉ်တစ်စီးကို ကျပ်ငွေ (၁၅၀၀၀) ကောက်ခံကာ ပြုလုပ်ပေးတယ်လို့ MNDAA က ဇန်နဝါရီ (၄) ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

“သုံးတာကတော့ သျှမ်းမြောက်ဘက်ပဲ ရမှာပေါ့။ နောက်ပြီး ကားပျောက်တဲ့အချိန်၊ ကားတိုက်တဲ့အချိန် ယာဉ်နံပါတ်နဲ့ လွယ်လွယ်စစ်ဆေးလို့ ရတာပေါ့၊၊ မကောင်းတာက အဲ့ဒီကဒ်ကို သျှမ်းတောင် ယူလာတဲ့အခါ တန့်ယန်း၊ မိုင်းရယ် ကျော်လာရင် စကစ ဖမ်းမိသွားမှာ၊ ဒဏ်တပ်ခံရမှာ အဲ့လိုစိုးရိမ်တာပေါ့”လို့ တောင်ကြီး-လားရှိုး ခရီးစဉ် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကာလမှာ ကိုးကန့်တပ်ဖွဲ့က ဒေသခံပြည်သူနဲ့ ပူးပေါင်းပြီး အုပ်ချုပ်ရေးယန္တရားတွေ အစပျိုး ထူထောင်နေပေမယ့် အခြားတစ်ဘက်မှာ လားရှိုးမြို့က ကိုးကန့်တပ်ဖွဲ့ ပြန်ဆုတ်ခွာပေးဖို့ တရုတ်နိုင်ငံ ကမကထပြု စီစဉ်ပေးတဲ့ ဆွေးနွေးပွဲတွေတိုင်းမှာ စစ်ကောင်စီက တောင်းဆိုပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA က တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းဖို့၊ ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ၂၀၂၄ ဒီဇင်ဘာလ (၃) ရက်မှာ ထပ်မံထုတ်ပြန် ကြေညာခဲ့ပြီးနောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၂၀၂၄ ဒီဇင်ဘာလလယ်က ပထမအကြိမ် တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးမှုမှာ လားရှိုးမြို့က ကိုးကန့်တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပြီး MNDAA ဘက်က လားရှိုးမြို့အပါအဝင် သူ့ရဲ့ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းထိုးစစ် အကြမ်းဖက်လုပ်ကိုင်နေတာ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အစည်းအဝေး ပျက်သွားရတယ်လို့ သိရပါတယ်။

အခြားတစ်ဘက်မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့က ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာဖို့ တရုတ်ရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီးနောက် MNDAA ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး လတ်တလော စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေကို MNDAA အဆင့်မြင့် ကိုယ်စားလှယ်တွေသာ တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

“တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို MNDAA က လက်လွတ်ဖို့ဆိုတာ အဲ့ဒီလို မမြင်ဘူးခင်ဗျ။ သူတို့က သွေးမြေကျခံပြီးတော့မှ တန်ဖိုးတွေ ပေးပြီးတော့ သိမ်းပိုက်ထားတဲ့ဟာကို တရုတ်ဖိအားကြောင့်မို့ သူတို့ဆုတ်ခွာပေးမယ်လို့တော့ ကျနော်မယူဆပါဘူး”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုပါတယ်။

လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ MNDAA အနေနဲ့ သူတို့လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ၊ သူတို့ရဲ့ အုပ်ချုပ်ရေး အဆင်ပြေချောမွေ့အောင် နောက်ပြီးတော့ လွတ်လပ်ပြီး လူထုအဆင်ပြေအောင် လုပ်သွားလိမ့်မယ်လို့ပဲ မျှော်လင့်ကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောပါတယ်။

ဒါပေမယ့် ဇန်နဝါရီလ (၁၆၊ ၁၇) ရက်က ကူမင်းမြို့မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ MNDAA နဲ့ စစ်ကောင်စီကြား ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်ဖွဲ့အကြား တရားဝင် အပစ်အခတ် ရပ်စဲဖို့ သဘောတူနိုင်ခဲ့ပြီး ဇန်နဝါရီ (၁၈) ရက်မှာ အပစ်ရပ် စတင်အသက်ဝင်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်း က ဇန်နဝါရီ (၂၀) ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တရုတ်ဘက်က ထုတ်ပြောခဲ့တဲ့ MNDAA နဲ့ စစ်ကောင်စီအကြား အပစ်ရပ် သဘောတူညီမှုကို သက်ဆိုင်ရာ နှစ်ဘက်တပ်ဖွဲ့စလုံးက အခုချိန်ထိ တရားဝင် အတည်ပြု ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

နှစ်ဘက်သဘောတူညီမှုအတွင်း MNDAA က လားရှိုးမြို့ကနေ ယခုနှစ် ဇွန်လမှာ တပ်ဆုတ်ပေးရမယ်လို့ မြန်မာနောင်း သတင်းဌာနက ဇန်နဝါရီလ (၂၀) ရက်မှာ သတင်းဖော်ပြထားပေမယ့် လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့မှ တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း မီဒီယာများကို ပြန်လည်ငြင်းဆိုထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA အနေဖြင့် တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ မလွဲမသွေ ဆုတ်ခွာဖို့ ဖြစ်လာပါက အသက်သွေးချွေးဖြင့် တိုက်ခိုက်ထားသည်မှာ စဉ်းစားစရာဖြစ်ပြီး လက်တွေ့ကျကျ၊ ဓမ္မဓိဋ္ဌာန်နည်းကျကျ စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့ သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

အလားတူပဲ ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားရာ နောင်ချို၊ ကျောက်မဲနှင့် သီပေါကဲ့သို့ တရုတ်ပိုးလမ်းမစီမံကိန်း BRI ဖြတ်သန်းသွားမယ့် မြို့ကြီးများလည်း မလွဲမသွေ ဆုတ်ခွာပေးရလိမ့်မယ်လို့ ၎င်းစစ်ရေးကျွမ်းကျင်သူက သုံးသပ်ပါတယ်။

“တကယ်တမ်း MNDAA လည်း မလွဲမသွေ ဆုတ်ရမယ်ဆိုရင် TNLA လည်း BRI လမ်းကြောင်းတကြောမှာ ရှိတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ဘက် အဲ့ဒီဟာလည်း မလွဲမသွေ ဆုတ်ရမှာပဲ။ စိတ်ချလက်ချ ကိုယ့်အိမ်ကိုယ့်ရွာ ပြန်နေရမယ်ဆိုတဲ့ အနေအထားကတော့ မရောက်နိုင်သေးဘူးလို့ ထင်တာပဲ။ စစ်ရေးနည်းအရ တမျိုးတဖုံ ပြန်လာမလား စောင့်ကြည့်ရမယ့် အခြေအနေပေါ့”လို့ သျှမ်းပြည်စစ်ရေးကျွမ်းကျင်သူက သုံးသပ်ပြောကြားပါတယ်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ကာလအတွင်း ယမန်နှစ် မြို့သိမ်းတိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ရုပ်ဝတ္ထုပိုင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ကုစားဖို့ မစွမ်းနိုင်သေးခင် အုပ်ချုပ်ရေး ချိန်ခွင်လျှာ အလှည့်အပြောင်းကို ဒေသနေပြည်သူများ ထပ်မံစောင့်ကြည့်ရုံသာ ရှိပါတော့မယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ခရီးတစ်ထောက် နားရာဖြစ်တဲ့ သျှမ်းပြည်မြောက်ပိုင်း စီးပွားရေးဆုံချက် လားရှိုးမြို့မှာ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ပြီး အရင်လို စည်စည်ကားကားနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွေ ပြန်လုပ်ရဖို့ကိုပဲ ပြည်သူတွေက အမှန်တကယ် မျှော်လင့်နေကြောင်း စိုင်းလူက ဆိုပါတယ်။

“စစ်ဖြစ်တော့ တနယ်တကျေး စစ်ရှောင်ရတာ မလွယ်ဘူးလေ၊ ကိုယ်မထင်ထားတဲ့ လားရှိုးလို မြို့ကြီးတောင်မှ စစ်ပွဲကြောင့် သေရ ပျက်စီးရတာ အများကြီးပါ။ ပြန်လည်ထူထောင်ဖို့ ပျက်စီးခဲ့တာတွေ ဘယ်သူတာဝန်ယူပြီး လုပ်ပေးမှာလဲ။ တစ်ဘက်ထဲကြောင့် ပျက်စီးတာ မဟုတ်ဘူးလေ၊ အမြန်အေးချမ်းပြီး စီးပွားရေးပြန်စချင်တယ်”လို့ စိုင်းလူက မျှော်လင့်ချက်ဖြင့် တိုးညင်းစွာ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...