ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်ရန် ရောက်ရှိနေသည့် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းအား ဦးတည်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုဖြစ်သည့် Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်) ညပိုင်း ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဗိုလ်ကြီးကောင်းဖော် DSA (၆၇ ) အပါအဝင် စစ်သား ၆ ဦး ပွဲခြင်းပြီးသေဆုံးပြီး၊ တပ်ကြပ်ကြီး အပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒုစစ်ခေါင်းဆောင် စိုးဝင်း လာမယ်သတင်းရလို့ စီစဉ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှု များတယ်လိုတော့ ကနဦးသိထားရပါတယ်။ ပြည်နယ်ခန်းမ ကို ၅ လုံး၊ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လွိုင်ကော်) ကို ၂ လုံး။ စစ်ကောင်စီဘက်ကလည်း ချက်ချင်း ၁၂၀ မမ နဲ့ တန်ပြန်ပစ်ပြီး ညဘက်လေယာဉ်နဲ့လည်း ကြဲပါတယ်” ဟု Brave Warriors for Myanmar (BWM)အဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
လွိုင်ကော်မြို့ ကယားပြည်နယ် ခန်းမ၌ ပြုလုပ်သည့် ဒုစစ်ခေါင်းဆောင်စိုးဝင်း တက်ရောက်သည့် ညစာစားပွဲ ခန်းမကို ဦးတည်၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး၊ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-လွိုင်ကော်) အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်ခဲ့သည့် အနက် ၆ လုံးအောင်မြင်စွာပစ်ခတ် နိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးမှု မြေပြင် အခြေအနေကိုမူ သျှမ်းသံတော်ဆင့်က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ ညက လွိုင်ကော်မြို့တွင် နှစ်ဖက်ပစ်ခတ်သံများ ကြားရပြီး ယနေ့ (ဇန်နဝါရီ ၁၅) ရက် နံနက်ပိုင်း အထိ စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့ကလည်း တညလုံးပစ်တယ်၊ နှစ်ဖက် အပြိုင်ပစ်ခတ်မှုတွေ ဖြစ်နေတာ။ ပြီးတော့ ဒီနေ့ မနက် ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က ပြန်စ ပစ်တယ်။ နံနက် ၇ နာရီခွဲဝန်းကျင်လောက်မှာတော့ ပြန်ငြိမ်သွားတာပေါ့”ဟု ၎င်းကပြောသည်။
လက်ရှိ ကယားပြည်နယ် တခုလုံး စစ်ဘေး ကြုံတွေ့နေရပြီး လူသားစာနာမှု နှင့် အကူအညီများလိုအပ်နေစဉ်စစ်ကောင်စီက (၇၃) နှစ်မြောက် ကယားပြည်နယ် နေ့ အခမ်းအနား ကျင်းပနေစဉ် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မုံရွာမြို့ အခြေစိုက် နမခ စစ်ဌာနချုပ်သို့ ရောက်ရှိစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
အလားတူ မော်လမြိုင်မြို့ ရောက်ရှိစဉ်ကလည်း ဒရုန်းဖြင့် တိုက်ခိုက် ခံရ၍ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သေးသည်။
ယခု တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။












Leave a Comments